ဂျွန်ဂိုးကင်ဝေး - စားပွဲလေးနဲ့ ဈေးစရောင်းခဲ့ပြီးမှ မီလျံနာဖြစ်သွားတဲ့ ဖိလိပိုင်လူမျိုး။
သူ့အဖေဟာ ဖိလိပိုင်နိုင်ငံက မြို့လေးတမြို့မှာ ရုပ်ရှင်ရုံတွေအများကြီးကို ပိုင်ဆိုင်ထားလို့ အရမ်းချမ်းသာတယ်။ သူ အသက် ၁၃ နှစ်အရွယ်မှာ သူ့အဖေဟာ ရုတ်တရက် ကွယ်လွန်သွားတယ်။ သူ့အဖေ ရုပ်ရှင်ရုံလုပ်ငန်းအတွက် ချေးထားတဲ့ အကြွေးတွေကို မဆပ်နိုင်လို့ ကြွေးရှင်တွေက ရုပ်ရှင်ရုံတွေ၊ အိမ်၊ ကားနဲ့ အိမ်ထောင်ပရိဘောဂပါမချန် အကုန်သိမ်းယူသွားကြတယ်။ ဒါကြောင့် သူတို့မိသားစုဟာ ချက်ခြင်းဆင်းရဲသွားတယ်။ သူ့အမေဟာ သူ့အောက်က မောင်နှမ ၅ ယောက်ကို မကျွေးထားနိုင်လို့ တရုတ်ြပည်က ဆွေမျိုးတွေဆီကို ပို့ထားလိုက်ရတယ်။ သူနဲ့ အမေတို့ဟာ အိမ်နောက်ဖက်မှာ တဲလေးတခုထိုးပြီး မြေပဲလှော်ရောင်းကြတယ်။
အသက် ၁၅ နှစ်မှာ မြို့ပြင်က ဈေးတခုမှာ စားပွဲတခုပေါ်မှာ ပစ္စည်းတင်ပြီး ဈေးရောင်းတယ်။ နောက်တော့ Panda Cornstarch ပြောင်းဖူးကော်မှုန့်ရောင်းတဲ့ကုမ္ပဏီ၊ Cebu Pacific လေကြောင်းလိုင်း၊ Digitel Mobile Philippines တယ်လီဖုန်းကုမ္ပဏီတွေကို သူ့ထက်အင်အားကြီးတဲ့ ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်အနိုင်ယူခဲ့ပြီး အရမ်းကြီးပွားချမ်းသာသွားခဲ့တယ်။ သူ့နာမည်က ဂျွန်ဂိုးကင်ဝေး (John Gokongwei) ပါ။ သူ့ရဲ့ကြိုးစားမှုကို ဖတ်ကြည့်လိုက်ပါအုံး။
================================
ဂျွန် အသက် ၁၃ နှစ်အရွယ်မှာ ကံကြမ္မာအလှည့်အပြောင်းနဲ့ ကြုံလိုက်ရတယ်။ အဲဒါက သူ့အဖေဟာ အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ်။ သူတို့မိသားစုဟာ နေ့ချင်းညချင်းပဲ ဆင်းရဲသွားတယ်။ ဘာကြောင့်လဲဆိုတော့ အဖေဟာ ရုပ်ရှင်ရုံလုပ်ငန်းကို အကြွေးတွေနဲ့ လုပ်နေတာကိုး။ ဒါကို အမေတောင် မသိရှာပါဘူး။ အကြွေးမဆပ်နိုင်လို့ ကြွေးရှင်တွေနဲ့ ဘဏ်က ရုပ်ရှင်ရုံတွေ၊ အိမ်၊ ကားနဲ့ အိမ်ထောင်ပရိဘောဂပါမချန် အကုန်သိမ်းယူသွားကြတယ်။ ကျန်ရစ်သူ ဂျွန်တို့ မိသားစုဟာ နေစရာအိမ်မရှိလို့ အိမ်ခန်းကျဉ်းလေးတခုမှာ ငှားနေကြရတယ်။
အဲဒါနဲ့ ပတ်သက်လို့ ဂျွန်က အခုလို ပြန်ပြောပြတယ်။ “အဖေ ဆုံးသွားတော့ ရှိသမျှ ရုပ်ရှင်ရုံတွေ၊ အိမ်၊ ကား၊ ပစ္စည်းအကုန်လုံး အသိမ်းခံလိုက်ရတယ်။ ကျနော်တို့ဟာ အဖေတယောက်ဆုံးရုံတင်မကပဲ ရှိသမျှစည်းစိမ်တွေလဲ အကုန်လုံး ဆုံးရှုံးသွားတယ်။ ကျနော်လေ လောကကြီး မတရားဘူးကွာဆိုပြီး နေ့ တိုင်း ဒေါသထွက်နေမိတယ်။ ဒီထဲက အရင်လို ရုပ်ရှင် အလကားမပြနိုင်တော့လို့ သူငယ်ချင်းတချို့က ကျနော့်ကို အခေါ်အပြော မလုပ်ကြတော့ဘူး။ အဲဒီအတွက်လဲ ကျနော် အရမ်းဝမ်းနဲခဲ့ရတယ်”တဲ့။ ဪ၊ လောကဓံတရားကို ၁၃ နှစ်သားလေး ဂျွန်တယောက် ဘယ်နားလည်ရှာပါ့မလဲ။
နောက်ပြီး သူဆက်ပြောပြတယ်။ “၂ မိုင်လောက် ဝေးတဲ့ ကျောင်းကို ပထမဆုံး ခြေလျင်လျှောက်သွားရတဲ့နေ့က လမ်းတလျှောက်မှာ ငိုနေမိတယ်။ အိမ်ပြန်ရောက်တော့ အဲဒီအကြောင်းကို အမေ့ကို ပြောပြတယ်။ အမေက အဲဒီအချိန်မှာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မုဆိုးမ အသစ်စက်စက်လေးပေါ့။ အမေက ကျနော့်ကို ပြန်ပြောတယ်။ ကျနော် အခု ကျောင်းတက်နေရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ပါတဲ့။ တချို့ကလေးတွေဆိုရင် ကျောင်းသွားတာ ဖိနပ်တောင် မစီးနိုင်ကြဘူးတဲ့။ အဖေဆုံးတော့ သူ့အိပ်ထဲမှာ ပိုက်ဆံလေးတဆယ်ပဲ တွေ့တယ်။ သူ ဘာလုပ်ရမလဲလို့ ကျနော့်ကို မေးရင်း ငိုချလိုက်ပါတော့တယ်။ ဒီစကားတွေကို ကြားလိုက်ရတော့ ကျနော် အရမ်းဝမ်းနဲသွားပြီး ကျနော့်ကိုယ်ကျနော် ပြန်မေးမိတယ်။ ငါ ဘာလုပ်ရမလဲ။ အဲဒီနေ့ကစပြီး ငါ ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းဟာ ကျနော့်ခေါင်းထဲ စွဲမှတ်သွားသလို လောကကြီးက လုယူသွားတဲ့ စည်းစိမ်ဥစ္စာတွေကို တနေ့မှာ ငါ ပြန်ယူပြမယ်လို့ စိတ်ထဲမှာ ကြုံးးဝါးလိုက်တယ်”။
================================
မြို့ပြင်မှာ ဈေးသွားရောင်းတဲ့အကြောင်းကို ဂျွန်က အခုလို ပြောပြတယ်။ “ကျနော် မြို့ပြင်မှာ ဈေးသွားရောင်းဖို့ စိတ်ကူးရလိုက်တာက မြို့ထဲကဈေးထက်စာရင် အဲဒီမှာ ဆိုင်နေရာငှားခ သက်သာတာလို့ပါ။ နောက်ပြီး အဲဒီကလူတွေမှာ ဝယ်စရာပစ္စည်းအမျိုးအစား သိတ်မရှိကြလို့ သူတို့လိုအပ်တာလေးတွေ ရောင်းပေးမလို့ပါ။။ ကျနော် မနက် ၅ နာရီထပြီး ရောင်းစရာပစ္စည်းတွေကို တောင်းတလုံးထဲမှာထဲ့ စက်ဘီးပေါ်တင်နင်းပြီး ဈေးကိုသွားတယ်။ ဟိုရောက်တာနဲ့ ၃ ပေ ၂ ပေ ကျယ်တဲ့စားပွဲလေးပေါ်မှာ ရောင်းမဲ့ ပစ္စည်းတွေ ဖြစ်တဲ့ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အပ်ချည်လုံး စတာတွေ ဖြန့်ခင်းလိုက်တယ်။ ဆင်းရဲသားတွေအတွက် လိုအပ်တဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေပါ။ ကျနော့်ဆိုင်နားက ဈေးရောင်းသူတွေအားလုံးဟာ အသက်ကြီးသူတွေပါ။ တချို့ဆိုရင် ကျနော့်အဖိုးအရွယ်ပါ။ သူတို့ဟာ ကျနော့်ထက် ဈေးရောင်းအတွေ့အကြုံ အများကြီးရှိကြတယ်။ ဒါပေမဲ့ ကျနော့်မှာ သူတို့ထက်သာတဲ့ အချက်က အသက်ငယ်တာပါ။ ငယ်တော့လဲ သွက်သွက်လက်လက်နဲ့ အပင်ပန်းခံနိုင်တာပေါ့”တဲ့။
ဂျွန် ဈေးရောင်းတာ တနေ့ကို ဖိလိပိုင်ပိုက်ဆံ ပီဆို ၂၀ (အမေရိကန် တစ်ဒေါ်လာ) အမြတ်ကျန်ပါတယ်။ အဲဒီပိုက်ဆံလေးကလဲ မိသားစု စားဖို့ လုံလောက်တဲ့အပြင် ရောင်းစရာပစ္စည်းတွေ ထပ်ဝယ်ဖြည့်ပေးနိုင်တယ်။ အဲဒီအခါမှာ သူက “အခု ငါ နေ့စဉ်ရတဲ့ အမြတ်လေးနဲ့ မိသားစုကို ထောက်ပံ့နိုင်ပြီ။ ငါ့လို ၁၅ နှစ်သား ကောင်လေးက အသက်အများကြီး ပိုကြီးသူတွေနဲ့ ယှဉ်ပြီး ဈေးရောင်းနိုင်မှတော့ ငါ ဘာစီးပွားရေးပဲလုပ်လုပ် အောင်မြင်မှာပဲ”လို့ စဉ်းစားရင်း စိတ်အားတက်လာခဲ့တယ်။ နောက်ပြီး သူ ဆက်စဉ်းစားမိတာက တကယ်လို့ သူ့အဖေ ဆုံးသွားတဲ့ အချိန်မှာ လုပ်ငန်းတွေ၊ ငွေတွေ အများကြီး ချန်ထားရစ်ခဲ့မယ်ဆိုရင် အခုလို သူ့ခြေထောက်ပေါ် သူရပ်ပြီး မိသားစုကို ရှာကျွေးနိုင်ပါ့မလားတဲ့။ ဘာပံဖြစ်ဖြစ် ဂျွန်ဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သူ့ကိုယ်သူ ယုံကြည်မှု ရသွားပြီ။
၁၉၄၃ ခုနှစ် ရောက်တော့ ဂျွန်ဟာ သူ့မြို့စေဘူးက ပစ္စည်းတွေနဲ့ ဖိလိပိုင်နိုင်ငံရဲ့ မြို့တော်မနီလာက ပစ္စည်းတွေကို အလဲအလှယ် အရောင်းအဝယ်လုပ်ပါတယ်။ စေဘူးတဝိုက်က ရွာတွေမှာ ရော်ဘာစေးတွေ လိုက်ဝယ်တယ်။ ဝယ်ထားတဲ့ ရော်ဘာစေးတွေကို လှေတစင်းပေါ်တင်ပြီး မြစ်ရိုးတလျှောက် ၅ ရက်ကြာ စုန်ဆင်းသွားတယ်။ လူစီနာမြို့ကို ရောက်တယ်။ အဲဒီမှာ ရော်ဘာစေးတွေကို လှေပေါ်ကချ၊ ထရပ်ကားတစီးပေါ်ပြန်တင်ပြီး မနီလာမြို့ကို ၆ နာရီကြာ ခရီးဆက်ရပြန်တယ်။ ကားပေါ်က ရော်ဘာစေးအပုံပေါ်မှာ ထိုင်လိုက်ရတယ်။ သူ့ရော်ဘာတွေကို လူခိုးမှာ စိုးလို့ပါ။ မနီလာမြို့ရောက်တော့ ပါလာတဲ့ရော်ဘာစေးတွေကို ဈေးမှာသွားရောင်းတယ်။ ရတဲ့ ပိုက်ဆံနဲ့ မနီလာဈေးက လူသုံးကုန်ပစ္စည်းတွေ ဝယ်လိုက်တယ်။ စေဘူးကို ပြန်လာပြီး အဲဒီပစ္စည်းတွေကို ရောင်းလိုက်တယ်။ အသွားအပြန်အခေါက်တိုင်းမှာ အမြတ်ငွေ တော်တော်လေး ရပါတယ်။ အဲဒီလို အရောင်းအဝယ်လုပ်နေတာ ၂ နှစ်လောက် ကြာတယ်။ တခု သိစေချင်တာက သူ အဲဒီလို လုပ်နေတာ ဒုတိယကမ္ဘာစစ်ကြီးကာလ ဖိလိပိုင်နိုင်ငံကို ဂျပန်စစ်တပ်က သိမ်းပိုက်အုပ်ချုပ်ထားချိန်မို့ ဂျွန်ဟာ ဘယ်လောက် စွန့်စားပြီး စီးပွားရေးလုပ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။
================================
၂၀၀၃ ခုနှစ်မှာ ဂျွန်ဟာ Digitel Mobile Philippines ဆိုတဲ့ တယ်လီဖုန်းကုမ္ပဏီတခုကို ထောင်လိုက်ပြန်တယ်။ အဲဒီအချိန် ဖိလိပိုင်နိုင်ငံမှာ လိုင်းဖုန်းဆက်သွယ်ရေးကုမ္ပဏီ PLDT နဲ့ ဆယ်လူလာဖုန်း ဆက်သွယ်ရေးကုမ္ပဏီ Globe ဆိုတဲ့ ကုမ္ပဏီကြီး ၂ ခုရှိနေကြပြီးသားပါ။ ကုမ္ပဏီ ၂ ခုလုံးဟာ လွန်ခဲ့တဲ့ ၈ နှစ်ကတဲက စပြီးလုပ်ကိုင်နေကြပြီ ငွေကြေးအင်အားတောင့်တင်းကြတယ်။ လူတွေက ဂျွန်ကိုပြောကြတယ်။ အဲဒီကုမ္ပဏီကြီးတွေထက် ၈ နှစ်နောက်ကျပြီးမှ ဖွင့်တယ်။ ငွေကြေးအင်အားမတောင့်တဲ့ ဂျွန်ရဲ့ Digitel Mobile Philippines ဟာ သူတို့နဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်လို့ ကြာကြာခံမှာ မဟုတ်ဘူး။ သိတ်မကြာခင် ရှုံးပြီး ကုမ္ပဏီပိတ်သွားရမှာပါတဲ့။ ဒါပေမဲ့ ဂျွန်ဟာ လူတွေပြောကြတာ မှားကြောင်း သက်သေပြခဲ့ပါတယ်။
================================
စီးပွားရေးလောကမှာ အင်အားကြီးတဲ့ကုမ္ပဏီဟာ နောက်မှ ပေါ်လာတဲ့ ကုမ္ပဏီလေးတွေကို တခါထဲ နာလန်မထူနိုင်အောင် ငွေကြေးဓနအင်အားနဲ့ ဖိနှိမ်ဖြိုခွင်းတတ်ကြတာ ဓမ္မတာပါ။ ဒါပေမဲ့ ဂျွန်ကတော့ အဲဒီလို အဖြစ်မခံပဲ သူ့ထက်အင်အားကြီးတဲ့ ပြိုင်ဖက်တွေကို ပညာပါတဲ့နည်းတွေနဲ့ ယှဉ်ပြိုင်အနိုင်ယူနိုင်ခဲ့တယ်ဆိုတာကို Cebu Pacific လေကြောင်းလိုင်း၊ Sun Cellular ဖုန်းနဲ့ C2 လက်ဖက်ရည်ကြမ်းတွေနဲ့ သက်သေပြခဲ့ပါတယ်။ သူက “ကျနော် အဲဒီလို ကိုယ့်ထက်အင်အားကြီးတဲ့ ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်အနိုင်ယူခဲ့တာ ၁၅ နှစ်သားတုံးက မြို့ပြင်ကဈေးမှာ ကျနော့်ထက် အသက်ပိုကြီးတဲ့ လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြီး ဈေးရောင်းခဲ့တဲ့ အတွေ့အကြုံကြောင့်ပါ။ အဲဒီကတဲက သူတို့ထက် သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မပြိုင်ခင်ကတဲက ကြိုတင်စဉ်းစားတတ်တဲ့ အကျင့်ရလာခဲ့တာပါ”လို့ ပြောပြပါတယ်။
================================
ဇွန်လလယ်မှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှပေမဲ့ ဘဝကို အရှုံးမပေးပဲ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူတွေ၊ လုပ်နေသူတွေအတွက် မီလျံနာ၊ ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၂-၀၆-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။