Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 12, 2016

Walter Disney-ကြွက်တစ်ကောင်နဲ့ အိပ်မက်တစ်ခု

 SFJ Strategy First Journal·Friday, February 12, 2016
Strategy First Journal vol.1. no4 (2012 dec) မှာဖော်ပြခဲ့တဲ့ဆောင်းပါးကိုပြန်လည်ဖော်ပြတာဖြစ်ပါတယ်။
စဉ်းစားကြည့်လိုက်ပါ… ဒီကမ္ဘာကြီးမှာ ဝေါ့လ်ဒစ္စနေး သာ မရှိဖူးခဲ့ရင်… ကျွန်တော်တို့ ဘ၀တွေ ဘယ်လိုနေမလဲ…
ဒစ္စနေးဆိုတာ ကျွန်တော်တို့ရဲ့ ငယ်စဉ်ဘ၀တွေကို အပြုံးတွေ၊ ရပ်သပ်ရှုမောဖွယ် ဇာတ်လမ်းလေးတွေနဲ့ ဖြည့်ပေးခဲ့သူပါ။ အခါခါကြည့်လည်း မရိုးနိုင်တဲ့ ကာတွန်းတွေနဲ့ လူကြီးဖြစ်တဲ့အထိ အထပ်ထပ်နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေကို ဖန်တီးခဲ့သူဟာ ဒစ္စနေးပါပဲ။
သူ့ရဲ့ ကာတွန်းတွေကနေ … အိပ်မက်တွေဆိုတာ ကြိုးစားရင်တကယ် ဖြစ်လာနိုင်တယ်… လောကကြီးမှာ မှော်ဆန်တဲ့ အပြောင်းအလဲတွေနဲ့ ပျော်ရွှင်စရာ ဇာတ်သိမ်းခန်းတွေလည်း ရှိနိုင်တယ်… ဆိုပြီး ကြမ်းတမ်းတဲ့ဘ၀ကို ရင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်တွေ ပေါက်ဖွားစေခဲ့ပါတယ်။ ကြေကွဲစရာတွေနဲ့ အလွဲတွေကြားမှာ အောင်မြင်အောင် ဇွဲမလျှော့တမ်း ကြိုးစားခဲ့တဲ့ ကာတွန်းလောကရဲ့ ဖခင်ကြီး ဝေါ့လ်ဒစ္စနေးအကြောင်းကို စာဖတ်သူတွေ အားကျနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ငယ်ဘဝ
ဝေါ်လ်တာ အလိုင်းရက်စ် “ဝေါ့လ်” ဒစ္စနေး (Walter Elias ‘Walt’ Disney) ကို ၁၉၀၁ ဒီဇင်ဘာလ ၅ရက် အယ်လနွိုင်းပြည်နယ်၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေက အိုင်းရစ် ကနေဒီယန်တစ်ဦးဖြစ်ပြီး အမေကတော့ ဂျာမန် အမေရိကန် တစ်ဦးဖြစ်ပါတယ်။ ဒစ္စနေးမှာ မောင်နှစ်မ ငါးဦးထဲက တစ်ဦးဖြစ်ပြီး ကလေးဘ၀တစ်လျှောက်လုံး မစ်ဇူရီ ပြည်နယ်က လယ်ထဲမှာနေပြီး လယ်ထဲက အလုပ်ကြမ်းတွေကို ကူလုပ်ခဲ့ရပါတယ်။ ငယ်ငယ်လေးကတည်းက အားတဲ့အချိန်တွေမှာ ပန်းချီဆွဲခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ်ကတည်းက သူဆွဲထားတဲ့ ပုံတွေကို အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေကို လိုက်ရောင်းပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ သူတို့ မိသားစု လယ်ကိုရောင်းပြီး ကန်းဆက်စီးတီးမြို့ (Kansas City) ကို ပြောင်းသွားခဲ့ပါတယ်။ အဲဒီ့မှာနေရင်း နွေကျောင်းပိတ်ရက်တွေမှာ ရထား အင်ဂျင်နီယာဖြစ်တဲ့ သူ့ဦးလေးကို ကူညီပေးခဲ့ပါတယ်။ ဒစ္စနေးဟာ ရထားပေါ်မှာ မုန့်တွေ သတင်းစာတွေလည်း လိုက်ရောင်းခဲ့ပါတယ်။ မီးရထားတွေကိုလည်း အထူးသဘောကျလာခဲ့ပါတယ်။ နောက်ပိုင်း အပန်းဖြေဥယျာဉ် ဆောက်တဲ့အခါမှာ အပျော်စီး မီးရထားကို သေချာထည့်ဆောက်ခဲ့ပါတယ်။ ကန်းဆက်မှာနေတုန်း သူ့အဖေက သူ့ကို စနေနေ့တိုင်း ပန်းချီကျောင်း သွားခိုင်းပါတယ်။

သူချီကာဂိုမှာ အထက်တန်းကျောင်းတက်တော့ သူ့ကျောင်းကထုတ်တဲ့ သတင်းစာမှာ ကာတွန်းတွေ စရေးပါတယ်။ ညဘက်ဆိုရင် ချီကာဂို အနုပညာကျောင်းမှာ ဓာတ်ပုံပညာနဲ့ ပန်းချီသင်တန်းတွေ ထပ်တက်ပါတယ်။ ဒစ္စနေးဟာ ကျောင်းမှာ ချာလီ ချက်ပလင် အိုက်တင်တွေ လုပ်ပြီး သူငယ်ချင်းတွေကို ပျော်တော်ဆက်တတ်သလို၊ အတန်းရှေ့မှာ ပုံတွေဆွဲပြီး ဇာတ်လမ်းတွေလည်း ပြောပြတတ်ပါတယ်။ အသက် ၁၆ နှစ်မှာ ကျောင်းက ထွက်ပြီး စစ်ထဲဝင်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် စစ်တပ်က အသက်မပြည့်သေးတဲ့အတွက် လက်မခံတဲ့အခါ ကြက်ခြေနီအသင်းကို ၀င်ခဲ့ပါတယ်။ ဒီလိုနဲ့ ပြင်သစ်မှာတာဝန်ကျပြီး လူနာတင်ကား တစ်နှစ်မောင်း ဖြစ်ခဲ့ပါတယ်။ သူ့ကားမှာ ကာတွန်းရုပ်တွေ အပြည့်လျှောက်ဆွဲထားတယ်လို့ဆိုပါတယ်။
ကာတွန်းစဆွဲခြင်း
 
၁၉၁၉ ပြင်သစ်ကနေပြန်လာတဲ့အခါမှာ ကန်းဆက်စီးတီးကို ပြန်လာပြီး သတင်းစာတိုက်မှာ ပန်းချီဆရာ အဖြစ် အလုပ်သင်ဝင် လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်က ဒစ္စနေးကို “စိတ်ကူးစိတ်သန်းမရှိဘူး၊ အကြံကောင်းမရှိဘူးဆိုပြီး” အလုပ်ကနေ ထုတ်ပစ်ခဲ့ပါတယ်။ နောက်သူ့အစ်ကိုက အလုပ်သွင်းပေးတာကြောင့် Pesmen-Rubin Art Studio ပန်းချီခန်းမှာ အလုပ်ရခဲ့ပါတယ်။ အဲ့ဒီမှာ ဒစ္စနေးနဲ့အတူ မစ်ကီမောက်စ်ကို ဖန်တီးခဲ့တဲ့ အော့ဘ် အိုင်ဝေါ့ခ် Ubbe Iwerks နဲ့ ဆုံဖြစ်ပါတယ်။ နောက် အသက် ၁၈နှစ်မှာ Kansas City Film Ad Company ကို အလွတ်တန်း ပန်းချီသမားအနေနဲ့ အလုပ်ပြောင်းသွားတဲ့အခါ ကြော်ငြာတွေကို ကာတွန်းတွေနဲ့ စလုပ်ဖြစ်ခဲ့ပါတယ်။
၁၉၂၁ ခုနှစ်၊ ဒစ္စနေး အသက် ၂၀ အချိန်မှာ ကိုယ်ပိုင် ကာတွန်းရုပ်ရှင်လုပ်ငန်းကို စလုပ်ခဲ့ပါတယ်။ ကင်မရာတစ်လုံးနဲ့ သူကိုယ်တိုင်ဆွဲထားတဲ့ ကာတွန်းကွက်တွေ သုံးပြီး ကာတွန်းဇာတ်လမ်းတွေ ရိုက်ကြည့်ပါတယ်။ သူ့လုပ်ငန်းအတွက် နောက်ထပ် နာမည်ကျော် တစ်ဦးဖြစ်လာမယ့် Fred Harman ကို အလုပ်ခန့်ခဲ့ပါတယ်။ ဒစ္စနေးနဲ့ Harman ပေါင်းပြီး အနီးအနားက ရုပ်ရှင်ရုံတစ်ရုံမှာ သူတို့ လုပ်ထားတဲ့ Laugh-O-Grams ကာတွန်းဇာတ်လမ်းတိုလေးတွေ ပြခဲ့ပါတယ်။ လူကြိုက်များလာတဲ့ အတွက် Ubbe Iwerks အပါအ၀င် လူတွေထပ်ငှားပြီး လုပ်ငန်းချဲ့ခဲ့ပါတယ်။
ရုပ်ရှင် ကုမ္ပဏီတစ်ခုက သူ့ကာတွန်းကားတွေ ဖြန့်ပေးဖို့ သဘောတူခဲ့ပေမယ့် အကြွေးတွေ ယူသွားပြီး ၆ လကြာမှ ပိုက်ဆံပေးမယ်ဆိုပြီး စီစဉ်ခဲ့ပါတယ်။ အဲဒီ့ ကုမ္ပဏီက ဒေ၀ါလီခံသွားတဲ့အတွက် ၁၉၂၃ ဇူလိုင်လမှာတော့ အကြွေးတွေ ထပ်လာပြီး ကုမ္ပဏီကို ဖျက်လိုက်ရ ပါတယ်။ နောက်ဆုံး အိမ်ငှားခတောင် မပေးနိုင်တော့ပဲ၊ ဒစ္စနေးဟာ ခွေးစာဗူးတွေ စားပြီး အသက်ရှင်ခဲ့ရပါတယ်။
စိတ်ဓာတ်မကျတဲ့ ဒစ်စနေက သူ့ အစ်ကို ရွိင်း (Roy) ရှိတဲ့ ဟောလီဝုဒ်ကို သူငယ်ချင်း အိုင်ဝေါ့ခ် နဲ့အတူ လက်ထဲမှာရှိတဲ့ ဒေါ်လာလေးဆယ် ကိုင်ပြီး လိုက်သွားခဲ့ပါတယ်။ အဲဒီ့မှာ ရွိင်း၊ အိုင်ဝေါ့ခ် နဲ့ ဒစ္စနေးသုံးယောက်ပေါင်းပြီး Disney Brothers’ Studio ကို ၁၉၂၃မှာပဲ တည်ထောင်ခဲ့ပါတယ်။ လုပ်ငန်းလုပ်ဖို့ Roy စုထားတဲ့ ဒေါ်လာ၂ဝဝ၊ ဦးလေးတစ်ယောက်စီက ချေးထားတဲ့ ဒေါ်လာ ၅ဝဝနဲ့  မလောက်လို့  သူတို့  မိဘတွေက သူတို့ နေတဲ့အိမ်ကို ဒေါ်လာ ၂၅ဝဝနဲ့  ပေါင်ပေးခဲ့ပါတယ်။ နောက် The Walt Disney Company ဆိုပြီး နာမည်ပြောင်းလိုက်ပါတယ်။ ခုနစ်မိနစ်စာစီပဲရှိတဲ့ လူနဲ့ ကာတွန်းပေါင်းထားတဲ့ Alice’s Wonderland ခွေတွေကို ထုတ်လုပ်ပါတယ်။ သူတို့ ဟာ ရေးထားတဲ့ ကာတွန်းကားတွေကို နယူးယော့ခ်က Margaret Winkler ဆီမှာ ရောင်းစားခဲ့ပါတယ်။ Margret အတွက် ယုန်ကလေး Oswald the Lucky Rabbit ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီးခဲ့ပြီး Margret က ကာတွန်း တစ်ပိုင်း ကို ဒေါ်လာ ၁၅၀၀ နဲ့ ၀ယ်ယူဖို့ သဘောတူခဲ့ပါတယ်။ ၁၉၂၅မှာ ပညာဆရာမ တစ်ဦးဖြစ်တဲ့ Lillian Boundကို အလုပ်ခန့်ခဲ့ပြီး၊ မကြာခင်မှာပဲ ဒစ္စနေးနဲ့ လီလီယန် တို့ နှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။ ဒစ္စနေးဟာ ငယ်သေးတာမို့ စာချုပ်ချုပ်ဆိုမှု၊ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်တဲ့အခါ အလေးထား ဆက်ဆံခံရဖို့ အသက်ကြီးတဲ့ပုံပေါက်အောင် နှုတ်ခမ်းမွေးစ ထားခဲ့ပါတယ်။
တစ်ခါ ကာတွန်းဇာတ်ကားတွေရဲ့ ဈေးကို တိုးပေးဖို့ နယူးယောက်မှာ Margret ကို သွားပြောတဲ့အခါ သူတို့က နာမည်ကြီးလာပြီဖြစ်တဲ့ ယုန်ကလေး Oswald နဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကို Universal Studio က ပိုင်နေပြီ ဖြစ်တယ်လို့ပြောပြီး အိုင်ဝေါ့ခ် ကလွဲရင် ကျန်တဲ့ ၀န်ထမ်းတွေကိုပါ ခေါ်ထားလိုက်ပါတယ်။ Universal Studio က ဒစ္စနေးကို လုပ်ငန်းတွေ အားလုံး စွန့် လွှတ်ပြီး သူတို့ ဆီမှာပဲ ဝန်ထမ်းလာလုပ်ခိုင်းပါတယ်။
နယူးယော့ခ်မှာ အဲဒီလို အဆင်မပြေမှုတွေနဲ့  ကြုံတွေ့ ခဲ့ရပြီး သူ့အမျိုးသမီးရယ် အိုင်ဝေါ့ခ် ရယ်နဲ့ အတူ လော့စ်အိန် ဂျလိစ်မြို့ ကို ရထားနဲ့  ပြန်လာခဲ့ပါတယ်။ အဲဒီအပြန် ရထားပေါ်မှာပဲ ချစ်စရာဇာတ်ကောင်ကြွက်ကလေး ကို ဖန်တီးမွေးထုတ်နိုင်ခဲ့ပါတယ်။ သူကကြွက်လေးကို 'မော်တီမာ' Mortimer Mouse လို့ နာမည်ပေးချင်ပေမယ့် သူ့ မိန်းမ လီလီယန်က အဲဒီနာမည်က မကောင်းဘူးဆိုပြီး 'မစ်ကီမောက်စ်' ဆိုတဲ့ နာမည်ကို ရွေးပေးခဲ့ ပါတယ်။ အဲဒီအချိန်မှာ ဝေါ့လ်ဟာ ၂၆ နှစ်အရွယ်ပဲ ရှိပါသေးတယ်။
၁၉၂၇ မှာ ဒစ္စနေးက Tom & Jerry ကားတွေ ထုတ်နေတဲ့ MGM ရုပ်ရှင် ကုမ္ပဏီကြီးကို မစ်ကီမောက်စ် ပါဝင်တဲ့ ကာတွန်းရုပ်ရှင်တိုလေးတွေ ဖြန့်ချိပေးဖို့ သွားပြောခဲ့ပါတယ်။ MGM က အဲလို ကြွက်ကြီးကို ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်ရရင် အမျိုးသမီးတွေ လန့်ပြေးကြလိမ့်မယ်ဆိုပြီး ဖြန့်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ မစ်ကီ ပထမဆုံး ပါဝင်တဲ့ Plane Crazy နဲ့ Galloping Gaucho အသံတိတ်ရုပ်ရှင်နှစ်ကားဟာ ဖြန့်ချိပေးမယ့်သူရှာမရခဲ့ပါဘူး။
အောင်မြင်မှုအစ
အသံထွက် ရုပ်ရှင်စနစ်စတင်လာတဲ့ အချိန်မှသာ အသံနဲ့ ဂီတ အားဖြည့်ထားတဲ့ Steamboat Willie ကိုထုတ်လုပ်ခဲ့ပြီး ၁၉၂၈ နိုဝင်ဘာ ၁၈ ရက်မှာ ရုံတင်ခဲ့ပါတယ်။ မစ်ကီမောက်စ်ရဲ့ ပထမဆုံးရုံတင်ကားဟာ ချက်ချင်းကို ပေါက်သွားခဲ့ပါတယ်။ အဲဒီ့ကားမှာ ဝေါ့လ်ကိုယ်တိုင် မစ်ကီနေရာကနေ အသံသွင်းခဲ့တာဖြစ်တယ်။ အဲဒီကနေပဲ မစ်ကီမောက်စ် ဇာတ်ကောင်လေးဟာ တဟုန်ထိုး နာမည်တက်လာခဲ့တယ်။ ၁၉၄၆ ခုနှစ်အထိ ကာတွန်းကားတွေမှာ ဝေါ့ဒစ္စနေကိုယ်တိုင် မစ်ကီမောက်စ်နေရာမှာ အသံနဲ့  သရုပ်ဆောင်ခဲ့ပါတယ်။ ဝေါ့ဒစ္စနေဟာ မစ်ကီမောက်စ်ကို ဖန်တီးခဲ့တဲ့အတွက် အထူးအကယ်ဒမီ ဆုလည်းရခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်မှာ နိုင်ငံပေါင်းချုပ်အသင်းကြီး (The League of Nations) ကလည်း နိုင်ငံတကာ ချစ်ကြည်ရေး သင်္ကေတလက္ခဏာဖြစ်တဲ့ မစ်ကီမောက်စ်ကို ဖန်တီးခဲ့တဲ့အတွက် ဝေါ့ဒစ္စနေကို ဆုတံဆိပ် ချီးမြင့်ခဲ့ ပါတယ်။ ကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ် သမိုင်းဝင် D-Day တိုက်ပွဲမှာ မဟာမိတ်တပ်တွေ နော်မန်ဒီကမ်းခြေကို ရောက်တော့သုံးခဲ့တဲ့ စကားဝှက်က Mickey Mouse ပါပဲ။
၁၉၂၉ မှာ ဒစ္စနေးထုတ်လုပ်ခဲ့တဲ့ Silly Symphony ဇာတ်ကားတိုလေးမှာတော့ မစ်ကီရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ မင်နီမောက်စ်၊ ဒေါ်နယ်ဒတ်၊ ဂူဖီနဲ့ ပလူတိုတို့ ပါဝင်လာခဲ့ပါတယ်။ Flowers and Trees ဆိုတဲ့ ကာတွန်းရုပ်ရှင်ကတော့ ပထမဆုံး ရောင်စုံ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အော်စကာဆု စတင်ရရှိခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။
၁၉၃၃မှာတော့ The Three Little Pigs ဆိုတဲ့ ၀ံပုလွေဆိုးကြီးနဲ့ ၀က်ကလေးသုံးကောင် ကာတွန်းဇာတ်ကားတိုကို ထုတ်လုပ်ခဲ့ပြီး အစမှာဖြန့်ချိသူတွေက အဲဒီ့ကားကို လက်မခံခဲ့ပါဘူး။ ဇာတ်ကောင် ၄ ကောင်တည်းပဲပါတဲ့ ကားက လူမကြိုက်လောက်ဘူးဆိုပြီးတော့ငြင်းကြပါတယ်။ ဒါပေမယ့်နောက်ပိုင်း ရုံတင်တဲ့အခါ အရမ်းအောင်မြင်ခဲ့ပြီး ရုံတင်ရက်ကြာလွန်းတဲ့အတွက် ရုပ်ရှင်ပိုစတာက ၀က်ပုံတွေမှာ မုတ်ဆိတ်ဖြူကြီးတွေပါ ထပ်ဖြည့်ဆွဲခဲ့ရပါတယ်။ Who’s Afraid of the Big Bad Wolfဆိုတဲ့ ဇာတ်ဝင်သီချင်းဟာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးရဲ့ တေးသွားလေး ဖြစ်လာခဲ့ပါတယ်။
 
 
 ဆင်းရဲဒုက္ခရောက်နေကြတဲ့ လူတွေဟာ သီချင်းမြူလေးဆိုရင်း ကိုယ့်ဘာသာအားပေးကြရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့လည်း အနောက်ဥရောပနိုင်ငံတွေရဲ့ ပေါ့လျော့မှုကြောင့် ဟစ်တလာက လွယ်လွယ်ကူကူသိမ်းသွားတာကို ဖော်ညွှန်းတဲ့ ယဉ်ကျေးမှုမှတ်တိုင်ကြီး တစ်ခုဖြစ်လာခဲ့ပါတယ်။
 
စနိုးဝှိုက်နဲ့ ကာတွန်းရုပ်ရှင်များ
၁၉၃၇မှာတော့ သုံးနှစ်ကြာအချိန်ယူပြီး အဲဒီ့ခေတ်အခါက ဘယ်သူမှမသုံးဖူးတဲ့ ဒေါ်လာ တစ်သန်းခွဲလောက်အကုန်ခံ ထုတ်လုပ်ခဲ့တဲ့ ပထမဆုံး ကာတွန်း ဇာတ်လမ်းရှည် စနိုးဝှိုက်နဲ့ လူပုလေး ခုနစ်ယောက် (Snow White and the Seven Dwarfs) ကို ရုံတင်ခဲ့ပါတယ်။ အဲဒီ့ကားရိုက်ချိန်တုန်းကလည်း ဒစ္စနေး စိတ်ပျက်စရာတွေ ကြုံခဲ့ရပါတယ်။ တက္ကသိုလ် ကျောင်းသားတွေကို စနိုးဝှိုက်ကာတွန်းကား အစမ်းပွဲပြခေါ်ပြတော့ ကျောင်းသူကျောင်းသားတွေက တစ်ဝက်နဲ့ ထပြန်သွားကြပါတယ်။ ဝေါ့လ် မြင်တော့ အကြီးအကျယ် စိတ်ဓာတ်တွေကျပြီး ကျန်ခဲ့ပါတယ်။ နောက်မှ သိရတာက အဆောင်မှာ နေကြတဲ့ အတွက် ညတံခါး မပိတ်ခင် အချိန်မီပြန်ရောက်ဖို့ ထပြန်သွားတာတဲ့။ တကယ့် ပထမဆုံးပွဲမှာတော့ ပရိသတ်အားလုံးက ကားအပြီးမှာ မတ်တပ်ရပ်ပြီးတော့ကို လက်ခုပ်သြဘာပေးကြပါတယ်။ စီးပွားပျက်ကပ်ကြီးအတွင်းမှာပဲ အံ့သြဖွယ် လေးသန်းကျော် ၀င်ငွေရခဲ့ပြီး အော်စကာဆု ၈ခု သိမ်းကြုံးဆွတ်ခူးခဲ့ပါတယ်။ အဲဒီ့ထဲမှာ ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့အတွက် ဒစ္စနေးကို ဂုဏ်ထူးဆောင် အော်စကာဆုအဖြစ် အော်စကာရုပ်တုအကြီးတစ်ခုနဲ့ အသေးလေး ၇ ခုတစ်တွဲတည်းပါတဲ့ ဆုကြီးကို ချီးမြှင့်ခဲ့ပါတယ်။ စနိုးဝှိုက်ဟာ American Film Institute ရဲ့ ထာဝရအကောင်းဆုံး ကာတွန်းရုပ်ရှင်အဖြစ် မှတ်တမ်းတင်ခံရပါတယ်။ University of Southern California နဲ့ ဟားဘတ်တက္ကသိုလ်တို့ကလည်း ဒစ္စနေးကို ဂုဏ်ထူးဆောင် မဟာဘွဲ့တွေ ချီးမြှင့်ကြပါတယ်။
 
 ဒစ္စနေးက မိသားစုနဲ့ဆို အမြဲနွေးထွေးပြီး နားလည်ပြီး မိသားစုကို အထူးဂရုစိုက်တဲ့ သူဖြစ်ပါတယ်။ မိသားစုပွဲဆိုရင် တစ်ပွဲမှ မလွတ်စေဘဲ ဆင်နွဲလေ့ရှိပါတယ်။ အဖြစ်ဆိုးတစ်ခုကြုံရတာက… အောင်မြင်လာတဲ့ ဒစ္စနေးဟာ မိဘနှစ်ပါးအတွက် အိမ်သစ်ကြီးတစ်လုံးဝယ်ပေးခဲ့ပါတယ်။ ပြောင်းလာပြီး မကြာခင်မှာပဲ အဲဒီ့အိမ်သစ်မှာ တပ်ထားတဲ့မီးဖို မကောင်းတဲ့အတွက် မီးခိုးတွေ ထွက်ထွက်နေတဲ့အကြောင်း သူ့အမေက ဒစ္စနေးကို ပြောခဲ့ပါတယ်။ ဒစ္စနေးက စတူဒီယိုကလူတွေလွှတ်ပြီး ပြင်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ၁၉၃၈ နိုဝင်ဘာ ၁၆ရက်မှာ မီးခိုးငွေ့တွေကြောင့် သူ့အမေ အသက်ရှူကြပ်ပြီး ဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဒစ္စနေးဟာ သူသေတဲ့အထိ ၀မ်းနည်းခံစား သွားခဲ့ရပါတယ်။
 
 walter disney ဇနီးနှင့် သမီးများ
စနိုးဝှိုက်ထွက်ပြီး ၂ နှစ်အကြာမှာ စနိုးဝှိုက် ကရတဲ့ ပိုက်ဆံတွေနဲ့ ၅၅ ဧကကျယ်တဲ့ Burbank Studioကို တည်ထောင်ခဲ့ပါတယ်။ သူ့ စတူဒီယိုမှာ လေ့ကျင့်ရေးကျောင်းတစ်ခုပါထည့်သွင်း ဖွင့်လှစ်ခဲ့ပါတယ်။ ၀န်ထမ်းပေါင်း တစ်ထောင်ကျော်ရှိလာပါပြီ။
ကာတွန်းဇာတ် လမ်းတွေ အများကြီး ဆက်ထုတ်ပြီး ကာတွန်းရွှေခေတ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Pinocchio, Fantasia, Bambi, Dumbo Alice in Wonderland, စတဲ့ နာမည်ကျော် ကာတွန်းရုပ်ရှင်တွေ ကို ၅နှစ်အတွင်း ဆက်တိုက် ထုတ်လုပ်ခဲ့ပါတယ်။ ဒေါ်နယ်လ်ဒတ်ပါဝင်တဲ့ The Three Caballeros ဆိုတဲ့ကားနဲ့ True Life Adventures လို့ခေါ်တဲ့ တိရစ္ဆာန်တွေအကြောင်းမှတ်တမ်းရုပ်ရှင်တွေလည်းရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် ငွေရေးကြေးရေးအရတော့ အားလုံး စနိုးဝှိုက်ကို မမီခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါမှာ အမေရိကန် စစ်တပ်မှာသုံးဖို့ လေ့ကျင့်သင်ကြားရေးကားတွေကိုလည်း ရိုက်ပေးခဲ့ပါတယ်။
 
ဒစ္စနေးဟာ အသေးစိတ် စိစစ်ပြီး စိတ်တိုင်းကျတဲ့အထိ ပြီးပြည့်စုံအောင် လုပ်ကိုင်တတ်တဲ့လူဖြစ်ပါတယ်။ ၁၉၄၀မှာ Pinocchio ရိုက်တော့ လုပ်နေရင်းတစ်ဝက်ရောက်နေမှ စိတ်တိုင်းမကျတဲ့အတွက် အစကပြန်ပြင် ရိုက်ခဲ့ပါတယ်။ Pinocchio ကို မူရင်းဝတ္ထုထဲကလို အကျင့်မကောင်းတဲ့ ရုပ်သေးရုပ်တစ်ရုပ်အစား အမှန်အမှား မခွဲခြားဘဲ သူများပြောတာ နားယောင်ခဲ့တဲ့ သနားစရာ ဇာတ်ရုပ်ပုံစံနဲ့ အစားထိုးခဲ့ပါတယ်။ ပုရစ်လေး Jimni Cricket ကိုလည်း နေရာပို ပေးလိုက်ပါတယ်။ အဲဒါတွေလုပ်လိုက်တာကြောင့် စရိတ်တွေ အများကြီးတက်သွားခဲ့ပါတယ်။ ဒါကြောင့် ပထမအကြိမ်ထုတ်တဲ့အခါမှာ ဒေါ်လာ တစ်သန်းကျော်လောက် ရှုံးသွားခဲ့ပါတယ်။
Pinocchio ရုပ်ရှင်ထွက်တဲ့အခါမှာ အဆန်းထွင်တဲ့အနေနဲ့ တကယ့်လူပုလေး ၁၁ ယောက်ကို ခေါ်ပြီး ရုပ်သေးလိုဝတ်ခိုင်းပါတယ်။ ပြီးတော့ Pinocchio ရုံတင်ထားတဲ့ နယူးယောက်ရဲ့ နာမည်ကျော် Radio City Music Hall ပေါ်မှာ အစားအသောက်တွေပေးပြီး တစ်ရက်လုံး ကခိုင်းပါတယ်။ နေ့ဝက်လောက်လည်းရောက်ရော လူပုတွေ အကုန်လုံး အရက်တွေမူးပြီး အ၀တ်အစားတွေချွတ်ချ၊ အောက်က ပရိသတ်ကို အော်ဆဲနေကြ ပါရော။ ရဲတွေက ခေါင်းအုံးစွပ်တွေနဲ့ ပတ်ပြီး ဆွဲချခဲ့ရပါတယ်။ ဒစ္စနေးလည်း အရှက်တော်တော်ကွဲသွားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒစ္စနေးဟာ Pinocchio မှာ ဇာတ်လမ်းကို အကောင်းဆုံးဖြစ်အောင် ပြုပြင်လုပ်ဆောင်ခဲ့ပါတယ်။ Fantasia မှာ အရောင်နဲ့ စတီရီယိုစနစ်နဲ့ ဂန္ထ၀င်သံစဉ်တွေကို စိတ်ကြိုက်ကစားနိုင်ခဲ့ပြီး၊ Bambi မှာ တိစ္ဆာန်တွေကို သဘာဝအကျဆုံးဖြစ်အောင် ဆွဲနိုင်လာတာကိုတွေ့ရပါတယ်။ အမြဲတမ်း ပိုကောင်းအောင် ကြိုးစားနေခဲ့ပြီး အသစ်အဆန်းတွေနဲ့ အမြဲကြံဆဖန်တီး နေတတ်တာကတော့ ဒစ္စနေးကို အောင်မြင်စေခဲ့တဲ့ အကျင့်ကောင်းတွေပါပဲ။
၁၉၄၀ကျော်မှာ ကာတွန်းဆွဲတဲ့ ၀န်ထမ်းတွေ ဆန္ဒပြတာကြောင့် ထုတ်လုပ်ရေးပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်အဲဒီ့အတောအတွင်းမှာ လူနဲ့ရိုက်တဲ့ ရုပ်ရှင်တွေ ပိုထုတ်ဖြစ်ခဲ့ပါတယ်။ အခက်အခဲတွေ ပြေလည်သွားမှသာ ကာတွန်းတွေပြန်ရိုက်ဖြစ်ခဲ့ပါတယ်။ ၁၉၅၀မှာ Cinderella နဲ့ လူနဲ့ရိုက်ထားတဲ့ Treasure Island ရုပ်ရှင်ကားနှစ်ကားထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၅၁မှာ Alice in Wonderland ၁၉၅၃မှာ Peter Pan ၁၉၅၅ မှာ Lady in the Tramp၊ ၁၉၅၉မှာ Sleeping Beauty နဲ့ ၁၉၆၁ မှာ 101 Dalmatians စတဲ့ နာမည်ကျော် ကာတွန်းရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့ပါတယ်။ အားလုံးပေါင်းရင် ကာတွန်းဇာတ်လမ်းရှည်ပေါင်း ၁၀၀ ကျော်ရှိခဲ့ပါတယ်။ ၁၉၆၄မှာ သူထုတ်တဲ့ခဲ့ Mary Popins ဆိုတဲ့ ကားက အော်စကာ ၅ ဆုရခဲ့ပါတယ်။ နတ်ပြည်ကဆင်းလာတဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကလေးထိန်း အမျိုးသမီးတစ်ဦးရဲ့ ဇာတ်လမ်းပါ။ ဒစ္စနေးဟာ သူ့သက်တမ်း တစ်လျှောက် ရခဲ့တဲ့ ပညာတွေအားလုံး ထုတ်သုံးခဲ့တယ်လို့ လူတွေက ပြောစမှတ်ပြုခဲ့ရပါတယ်။ ကာတွန်း၊ သီချင်းနဲ့ လူသရုပ်ဆောင်တွေကို ပေါင်းစပ်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
နောက် တီဗီအစီအစဉ်တွေကိုလည်း စိတ်ဝင်တစ်စားရှိပြီး ABC ရုပ်သံလိုင်းအတွက်လည်း The Mickey Mouse Clubစတဲ့ တီဗီအစီစဉ်များကို ထုတ်ပေးခဲ့ပါတယ်။ ခုနောက်ပိုင်းမှာ အဲဒီ့အစီအစဉ်ကနေChristina Aguilera၊ Britney Spears၊ Justin Timberlake စတဲ့ နာမည်ကျော်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ပန်းခြံ
ဒစ္စနေးဟာ ချီကာဂိုကိုသွားရင်းနဲ့ သူ့ဝန်ထမ်းတွေ မိသားစုတွေနဲ့ အပန်းဖြေဖို့ ပန်းခြံကြီး တစ်ခုဆောက်မယ်ဆိုပြီး အကြံရလာပါတယ်။ တစ်ကမ္ဘာလုံးမှာ ဘယ်နေရာနဲ့မှ မတူတဲ့ ကစားကွင်းကြီးကို ဆောက်မယ်၊ ပြီးတော့ ရထားကြီး တစ်စီးလည်းပါရမယ်ဆိုပြီး စီစဉ်ခဲ့ပါတယ်။ ဒေါ်လာ ၁၇ သန်းအကုန်ခံတည်ဆောက်ခဲ့တဲ့ Disneyland Theme Park ကို ၁၉၅၃မှာ စတင်တည်ဆောက်ပြီး ဇူလိုင် ၁၇ ၁၉၅၅ မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မိသားစုတွေလျှောက်လည်ရင်း ကာတွန်းဇာတ်ကောင်တွေနဲ့တွေ့ဆုံ၊ ကစားစရာတွေ၊ စိတ်လှုပ်ရှားစရာတွေလည်းရှိတဲ့ ဥယျာဉ်ကျယ်ကြီးပေါ့။ ခဏအတွင်းမှာပဲ ဥယျာဉ်ကို ဆယ်ဆ လောက်ထပ်မံရင်းနှီးမြှုပ်နှံလိုက်ပြီး တစ်ကမ္ဘာလုံးက ဧည့်သည်တွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။
ဘ၀နိဂုံး
 
ဒစ္စနေးဥယျာဉ်ဖွင့်ပြီး မကြာခင်မှာပဲ ဖလော်ရီဒါမှာ နောက်ထပ်ဥယျာဉ်တစ်ခုကို ဖွင့်ဖို့စီစဉ်ပါတယ်။ အဲဒါကတော့ Experimental Prototype Community of Tomorrow (EPCOT) လို့ခေါ်တဲ့ အနာဂတ်ရဲ့ စံပြ စမ်းသပ် လူအဖွဲ့အစည်းလို့ခေါ်တဲ့ သိပ္ပံဆန်တဲ့ ဥယျာဉ်ကြီးပေါ့။ အဲဒီ့ ဥယျာဉ်သစ်ကြီးကို ဆောက်နေရင်း ၁၉၆၆ မှာပဲ အဆုတ်ကင်ဆာရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ သူက ဆေးလိပ်အရမ်းကြိုက်ခဲ့တာကိုး။ ဒီလိုနဲ့ ဒစ်နေးဟာ သူမြင်ချင်တဲ့ ဥယျာဉ်ကြီးမပြီးခင် အသက် ၆၅နှစ်၊ ၁၉၆၆ ဒီဇင်ဘာ ၁၅ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ အစ်ကို ရွိင်းက ဆက်လုပ်သွားတဲ့အတွက် ၁၉၇၁ ခုနှစ် အောက်တိုဘာလမှာ ဥယျာဉ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒစ္စနေးကို ဂုဏ်ပြုတဲ့အနေနဲ့ Walt Disney World လို့ အမည်ပေးခဲ့ပါတယ်။ သူ့အစ်ကို ရွိုင်းဟာလည်း ၁၉၇၁ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒစ္စနေးနောက်ဆုံးစီစဉ်ခဲ့တဲ့ကားတွေထဲက တစ်ခုကတော့ တောတွင်းသားလေး မောဂ္ဂလိရဲ့ The Jungle Book ဇာတ်ကားပဲဖြစ်ပါတယ်။
ဒစ္စနေးဟာ မကွယ်လွန်ခင်မှာ ကယ်လီဖိုးနီးယားအနုပညာကျောင်း The California Institute of Arts (CalArts) တည်ထောင်နိုင်ဖို့ မြေ ၃၈ ဧကနဲ့ အလှူငွေများလှူဒါန်းခဲ့ပါတယ်။ အနုပညာဆိုင်ရာပညာရပ်တွေအားလုံး ပူးပေါင်းသင်ကြားနိုင်မယ့် နေရာတစ်ခုအဖြစ်စီစဉ်ပေးခဲ့ပါတယ်။ ကွယ်လွန်တဲ့အခါ သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို မိသားစုကိုပေးပြီး ကျန်တစ်ဝက်ကို အနုပညာ ဖောင်ဒေးရှင်းတစ်ခုကို လှူဒါန်းခဲ့ပါတယ်။
ဝေါ့လ်ဒစ္စနေးဟာ သမိုင်းတစ်လျှောက်မှာ အများဆုံးအဖြစ် အော်စကာ ၂၂ ဆု ရရှိခဲ့ပါတယ်။ ခေါင်းမာမာ၊ ဇွဲကောင်းကောင်းနဲ့ တီထွင်ကြံဆလုပ်ကိုင်ခဲ့တဲ့ ဒစ္စနေးရဲ့ The Walt Disney Company ဟာ ရုပ်ရှင်၊ တီဗီ၊ အ၀တ်အထည်၊ အရုပ်၊ ကုန်ပစ္စည်း၊ ဟိုတယ်၊ ဇိမ်ခံသင်္ဘောစတဲ့ လုပ်ငန်းပေါင်းများစွာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒစ္စနေးတို့ အိမ်ပေါင်ပြီး ဒေါ်လာ ၃၂ဝဝ နဲ့  ရူးရူးမိုက်မိုက် စတင်ခဲ့တဲ့ ဝေါ့ဒစ္စနေကုမ္ပဏီဟာ အခုဆိုရင် ဝန်ထမ်း ပေါင်းတစ်သိန်းသုံးသောင်း ကျော်ရှိပြီး ဈေးကွက်ပေါက်ဈေး ဘီလီယံ ၈၀ ကျော်တန်တဲ့ ကမ္ဘာကျော်ကုမ္ပဏီတစ်ခု အဖြစ် ရပ်တည်နေပါပြီ။ ဒစ္စနေးရဲ့ ကြွက်ကလေး မစ်ကီနဲ့ သူငယ်ချင်းတစ်စုကလည်း အခုထိ ပရိသတ်ကို ဖမ်းစားဆဲပါပဲ။ ဒစ္စနေး ထုတ်ခဲ့တဲ့ ကာတွန်းကားတွေကိုကြည့်ရင်း ကလေးလူကြီးအားလုံး ကြည်နူးဆွတ်ပျံ နေကြဆဲပါပဲ။ လွန်ခဲ့တဲ့ နှစ်ရှစ်ဆယ်ကျော်က ဒစ္စနေး ထုတ်လုပ်ခဲ့တဲ့ ကာတွန်းကားတွေဟာ လူတစ်ယောက်ဟာ သူ့ရဲ့ စိတ်ကူးစိတ်သန်းကို ယုံကြည်စွာကြိုးစားအကောင်အထည် ဖော်ရင် ဘယ်လောက်ထိ အောင်မြင်နိုင်သလဲဆိုတာကို သက်သေပြနေပါပြီ။ ဒစ္စနေးကတော့ လူသားတို့ရဲ့ အောင်မြင်မှုသမိုင်းမှာ မှတ်တမ်းတင်ရစ်နေပြီ ဖြစ်ပါတယ်။
“If you can dream it, you can do it.”
Walter Elias Disney
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။