မြို့မငြိမ်း ရဲ့ ကြေကွဲစရာ
ဂီတနဲ့ ပတ်သက်ရင် အများနဲ့ မတူ ကြိုးပမ်းလုပ်ဆောင်တတ်တဲ့
ဆရာငြိမ်းဟာ ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဦးနှောက်သွေးကြောတွေ တင်းလာပါတယ်။
ခဏလောက် အနားယူဦးမယ်ပြောပြီး ဆရာငြိမ်း အနားယူခဲ့ပါတယ်။
အနားယူချိန်မှာ ဆရာငြိမ်းအသက် ၄၀ ကျော်ဘဲ ရှိပါသေးတယ်။
စီးပွားရေးသမား ဓာတ်ပြားကုမ္ပဏီ ပိုင်ရှင်တွေရဲ့  သဘောသဘာဝကို
ဆရာငြိမ်း ကောင်းကောင်းနားလည် သဘောပေါက် နေတာ ကြာခဲ့ပြီဖြစ်ပါတယ်။
သီချင်းရေးဆရာတယောက်အနေနဲ့  ဂီတအနုပညာကို မြတ်နိုးစိတ်နဲ့ 
သည်းခံနေရတဲ့ဘ၀ကို ဆရာငြိမ်း စိတ်ကုန်ခန်းနေတာ ကြာပါပြီ။
“ဘဘ ဒီတခါ ဇာတ်ညွှန်းဘဲရေးစားတော့မယ် သမီးရယ်။
သူတို့ က ဘဘခေါင်းကို ဖြတ်ပြီးလိုချင်နေကြတယ်။
ဘဘ တကိုယ်လုံးမှာလည်း ခေါင်းဘဲအဖိုးတန်တာ မဟုတ်လား”လို့ 
ပန်းချီပေါ်ဦးသက်ရဲ့ ဇနီးဖြစ်သူ သမီးကြီးဒေါ်တင်ကြည်ကို
နှုတ်က ဖွင့်ဟပြီး ညည်းညူခဲ့ပါတယ်။
လောကကြီးကို ဆရာငြိမ်း စိတ်ပျက်ငြီးငွေ့ နေတာ သိသာလှပါတယ်။
၁၉၅၅ ခု၊ စက်တင်ဘာလ၊ ၁၄ ရက်မှာ ဇနီးသည် ဒေါ်သန်းမေ အိပ်ပျော်နေတုန်း
အိမ်ကနေ ဆရာငြိမ်း အသာလေးထွက်လာခဲ့ပါတယ်။
ရွာဟိုင်းဈေးနားက မိုးအလင်းဖွင့် လက်ဖက်ရည် ဆိုင်ကို ဆရာငြိမ်းရောက်လာပြီး
ကော်ဖီတခွက်သောက်ပါတယ်။ စီးကရက်တလိပ် ၀ယ်လိုက်ပါသေးတယ်။
ဆရာငြိမ်းလာနေကျကိုသိတဲ့ သင်္ချိုင်းစောင့်ကြီးက အဲဒီနေ့ မှာမရှိပါ။
ဆရာငြိမ်းကိုမသိတဲ့ သင်္ချိုင်းစောင့်ကြီးရဲ့ သားက နှင်ထုတ်လွှတ်လိုက်ပါတယ်။
“ငါ တရုတ်တန်းက စာရေးဆရာပါကွ”လို့  ဆရာငြိမ်းက လှမ်းပြောလိုက်ပါသေးတယ်။
နားခိုစရာနေရာ ရှာမတွေ့ သေးပါ။ ဒီလိုနဲ့  နောက်တနေ့  စက်တင်ဘာ ၁၅ ရက် ရောက်လာပါတယ်။ စိန်ပန်းသံလျက်မှော် အနောက်ပိုင်း တက်သေးအင်း တရုတ်သင်္ချိုင်း မြောက်ဘက်နားက မြေလမ်းကလေး ဘေးရှိ တမာပင်ရိပ်အောက်က ၀ါးကွပ်ပျစ်ကလေးပေါ်မှာ ဝေလီဝေလင်းကတည်းက ရည်ရွယ်ရာမဲ့ ဆရာငြိမ်းထိုင်နေပါတယ်။
ဖိနပ်ကို ကွပ်ပျစ်ဘေးနားမှာ ချွတ်ထားပါ တယ်။ လုံးဝပြန်မစီးတော့မယ့် သင်္ကေတလား ဆရာငြိမ်းရယ်။ အနီးအနားကလူတွေ မြင်တွေ့ ကြပေမယ့် ဆရာငြိမ်းကို ဘယ်သူဘယ်ဝါမှန်း မသိကြပါ။ မနီးမဝေးမှာ အုတ်ဖုတ်တဲ့ သစ်စက်တွေရှိပါတယ်။ မနက် ၈ နာရီခွဲလောက်မှာ မြို့ ထဲအုတ်တွေဖုတ်ပြီး ပြန်လာတဲ့ ကားတစီးဟာ စိန်ပန်းလမ်းကနေ တောင်ဘက်ကို ချိုးကွေ့ ပြီး အုတ်စက်ရှိရာလမ်းအတိုင်း မောင်းနှင် လာနေပါတယ်။
စာရွက်ပေါ်မှာရေးထားတဲ့ “တိမ်လွှာမို့ မို့ လွင်” သီချင်းစာသားပေါ်က
ဂီတသင်္ကေတတွေဟာ မော်တော်ကားစက်သံနဲ့ အတူ အသက်ဝင်ပြီး
ခုန်ပျံထွက်လာကြပါတယ်။ သာယာတဲ့ ဂီတသံစဉ်တွေဟာ
ကြမ်းတမ်း ခက်တရော်လှတဲ့ မော်တော်ကားစက်သံတွေနဲ့ အတူ
ရောထွေးကုန်ကြပါတော့တယ်။
တဖြည်းဖြည်းနဲ့ နီးလာနေတဲ့ မော်တော်ကားဟာ ဆရာငြိမ်းထိုင်နေတဲ့
ဝါးကွပ်ပျစ်ရှေ့ တည့်တည့် ရောက်လို့ နေပါပြီ။ ရုတ်တရက်ဘဲ ထပြေးပြီး
သူ့ ရှေ့ က ကားဘီးအောက်ကို ပြေးဝင်လိုက်ပါတယ်။
အဖြစ်အပျက်တွေက မြန်ဆန် လွန်းလှပါတယ်။ ဆရာငြိမ်းရဲ့ ဖိနပ်က ချွတ်ထားခဲ့တဲ့အတိုင်း ကွပ်ပျစ်ဘေးမှာရှိနေပြီး ဆရာငြိမ်းကတော့ ကားဘီးအောက် သွေးအိုင်ထဲမှာ ခွေခွေကလေး မလှုပ်မရှက် ရှိနေပါတယ်။ ချီးကျူးလေးစား တန်ဖိုးထား ဂုဏ်ယူရပါတယ် ဆရာငြိမ်း။
ကြေကွဲဝမ်းနည်း နှမျောမဆုံးဖြစ်ရပါတယ် ဆရာငြိမ်း။
Cerdit~~~~မောင်ညီညွတ်
Admin . . . . KS

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။