အနှိုင်းမဲ့မေတ္တာ
---------------
ရှေ့တန်းမှ ပြန်လာခါနီး သားဖြစ်သူ မိဘနှစ်ပါး အိမ်သို့ ဖုန်းဆက် သည်။
"အဖေနဲ့အမေတို့.. စစ်ကြီးပြီးသွားတော့ ကျွန်တော် ပြန်လာလို့ရပြီဗျ။ ဒါပေမယ့် ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခုတော့ရှိတယ်။"
"ဘာများလဲ သားရဲ့"
"ကျွန်တော် အိမ်ကို သူငယ်ချင်း စစ်သား တစ်ယောက်ကို ခေါ်လာခဲ့ ပါရစေ။"
"ဪ.. ဒါများသားရယ်။ ခေါ်လာခဲ့ပေါ့။" မိခင်က ဆိုသည်။
"မဟုတ်သေးဘူး အမေ။ အမေတို့ တကယ် လက်ခံနိုင်ပါ့မလား။ ကျွန်တော့် သူငယ်ချင်းက ဒုက္ခိတ တစ်ယောက်ပါ။ မိုင်းနင်းမိထားတာ ကံကောင်းလို့ အသက်မသေခဲ့ပေမယ့် ခြေထောက်နှစ်ချောင်းလုံး ဆုံးရှုံးသွားခဲ့သူ တစ်ယောက်ပါ အမေ။ ပြီးတော့ တစ်သက်လုံး ကျွန်တော် တို့နဲ့ အတူ နေမယ့်သူပါ။ သူနိုင်သလောက် အိမ်အလုပ် တွေ ဝိုင်းကူ..."
စကားစ မဆုံးခင် အမေဖြစ်သူက "ကြားရတာတော့ စိတ်မကောင်း စရာ ပါပဲကွယ်။ ဒါပေမယ့် အမေတို့ သူ့ကို အိမ်မှာ ဘယ်လိုခေါ် ထားမှာလဲ။ ကိုယ့် ဘဝနဲ့ကိုယ်လေ။ ဒုက္ခမရှာချင်စမ်းပါနဲ့ သားရယ်။ သူ့လမ်းသူလျှောက်ဖို့ ပြောပြီး ထားခဲ့ စမ်းပါ။"
"မဟုတ်ဘူးအမေ..။ ကျွန်တော်လဲ သူ့ကို အိမ်မှာခေါ်ထားချင်တယ်။"
"သား.. အမေ ရှင်းရှင်းပဲပြောမယ်။ ဒုက္ခိတ ခြေနှစ်ချောင်းလုံး ပြတ်နေ သူ ကို အမေရော အဖေပါ မသတီဘူးကွယ်။ ကြားလား"
ခေတ္တမျှတိတ်ဆိတ်သွားပြီး သားဖြစ်သူ ဟိုဘက်မှ ဖုန်းချသွားသည်။ ရက်အနည်းငယ်ကြာသော် ရှေ့တန်းထွက်သွားသော သားရောက် နေသည့်မြို့ ရဲစခန်းမှ ကြေးနန်းတစ်စောင် လာသည်။ သားဖြစ်သူ သေနတ်မှန်၍ သေဆုံးပြီဟူသော သတင်းဖြစ်သည်။ မိမိကိုယ်ကို သတ်သေသည် ဟု ယူဆရကြောင်း ကြေးနန်းတွင် ဖော်ပြထားသည်။
ဝမ်းနည်းခြင်းကြီးစွာဖြင့် မိဘနှစ်ပါးစလုံး ထိုမြို့သို့ သားဖြစ်သူ အလောင်း ကို သွားယူရှာသည်။ အလောင်းကိုတွေ့ချိန် ပွေ့ဖက် လိုက်တော့မှ ခြေနှစ်ဖက်ပြတ်နေသောသူမှာ သူတို့ သားပင် ဖြစ်ကြောင်း ဆို့နင့်ကြေကွဲစွာ သိလိုက်ရတော့သည်။
ဇာတ်လမ်းလေးထဲမှ မိဘနှစ်ပါးသည် ကျွန်တော်တို့ လူသားတွေ အားလုံးနဲ့ တူပါသည်။ လူတွေဟာ အမြင်လှသူ ဒါမှမဟုတ် အမြင်မှာ သန်စွမ်းသူတို့ကို လူတွေအနေနဲ့ ချစ်ဖို့ ခင်ဖို့ မေတ္တာရှိဖို့ အင်မတန် လွယ်ပါသည်။ သို့သော် ကျွန်တော်တို့ ဒီလူတွေဟာပဲ ကိုယ့်အတွက် အဆင်မပြေသူ အမြင်မရှင်းသူ မိမိအမြင်မှာ ရွံ့ရှာဖွယ် ဖြစ်နေသူ တို့ကို ပေါင်းသင်းဆက်ဆံလိုခြင်း မရှိကြပါဘူး။ ထပ်မံပြီးတော့ အဆိုပါ လူများသည်ပဲ ပေါင်းသင်း မဆက်ဆံလိုတဲ့ လူစားမျိုးက မိမိ သားသမီးဖြစ်ခဲ့ရင်တော့ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ ချစ်ခင် နိုင်စွမ်း ရှိနေတတ်ပြန်ပါသေးသည်။
သုံးသပ်ကြည့်လျှင် လူတွေသည် နားလည်ရခက်သည်။ ဒီတစ်ယောက်ထဲကနေပဲ အမုန်းလဲ အနှိုင်းမဲ့ ပေါက်ဖွားနိုင်သလို မေတ္တာလဲ အနန္တလွှတ်တတ်ကြောင်း ဤပုံပြင်ဇာတ်လမ်းလေးမှ သင်ခန်းစာ ရမိပါတော့သည်။
ref: unconditional love
- မှတ်စုကြမ်းမှ ဘာသာပြန်သည်။ #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။