Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 18, 2015

ပုလင်းချစ်သူ


ပုလင်းချစ်သူ

===========

'ဒီအရက်ဟာ မကောင်းပါဘူးကွာ' ဟု သူက ရေရွတ်လိုက်သည်။ ထိုအခါ ဆိုင်ရှင်ကြားသွားပြီး 'ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့ အတိုင်းပါပဲဗျာ၊

ကျွန်တော်က ဘယ်တော့်မှ အကြံအဖန် မလုပ်တတ်ဘူးဆိုတာ အစ်ကိုကြီး သိပါတယ်။ အမြဲသောက်နေကျပဲ မဟုတ်လား'

သူက ဟာ.. ဟာ.. ဆို လုပ်၍ လက်ကာပြသည်။

'ခင်ဗျားဆိုင်အရက်ကို မကောင်းဘူးလို့ ပြောတာ မဟုတ် ပါဘူး။ အရက်ဟာ ကျုပ်ကို ကောင်းကျိုး မပေးဘူးလို့ ပြောတာပါ'

'ကောင်းကျိုးမပေးရင် မသောက်နဲ့ပေါ့ဗျာ' ဟူ၍တော့ ပိုင်ရှင်ကဖြင့် ပြောလို့မဖြစ်ချေ။ အရက်ရောင်းနေသူ တစ်ယောက်က အရက်ဆန့်ကျင်ရေးစကားကို ပြောနေ လျှင် 'မိမိရောင်းကုန်ပစ္စည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စကားမျိုး မပြောမိပါစေနှင့်' ဆိုသော ခေတ်သစ်ရောင်းဝယ်ရေးဗျူဟာ သဘောတရားကို ဖောက်ဖျက်ရာ ကျမည်မဟုတ်လား။ ထို့ကြောင့် ဘာမှ ထပ်မပြောဘဲ ခပ်မဆိတ်နေလိုက်၏။

သောက်သုံးသူပုဂ္ဂိုလ်ကတော့ ဆက်၍... 'ကျုပ် ဘာကြောင့် အရက်ကို စွဲစွဲမြဲမြဲ သောက်ဖြစ်နေသလဲ သိလား' ဟု မေးသည်။

ဆိုင်ရှင်၏ စိတ်ထဲတွင် 'သွားပြီ၊ ဒီညတော့ ငါခံရပြီ' ဟုတွေးပြီး စိတ်ညစ်သွား၏။ လုပ်သက်ရင့်နေသော ဆိုင်ရှင်တစ်ယောက် အနေဖြင့် အရက်သမား အမျိုးမျိုးအကြောင်းကို ကောင်းကောင်း သိပြီးသားဖြစ်၏။ မူးလာလျှင် ရစ်တတ်သူ၊ အပျော်လွန်ပြီး သီချင်းဟစ်တတ်သူ၊ ငိုတတ်သူ၊ စကားကြော ရှည်တတ်သူ။

ဒီပုဂ္ဂိုလ်လို သူ့ဆိုင်မှာ နှစ်ပေါင်းများစွာ သောက်သုံးလာသူဆိုလျှင် ပိုတောင် သိသေးသည်။ အသောက်နည်းနည်း များသွားသည့်နေ့မျိုးဆိုလျှင် အခုလိုပင် စကားစတတ်သည်။ ဒါဆိုလျှင် သူ၏အသည်းကွဲ ဇာတ်လမ်းကြီးကို ရှည်လျားထွေပြားစွာ ပြောပြပေတော့မည်။ ဒီအကြောင်းကလည်း အကြိမ်ပေါင်း ဘယ်လောက်တောင် ပြောခဲ့ပြီးပြီလဲမသိ။ ကြားရဖန်များ၍ ရိုးအီနေပြီဖြစ်သော ဇာတ်လမ်းကြီးဖြစ်သော်လည်း ကြိတ်မှိတ်ပြီး နားထောင်ပေးရပေလိမ့်မည်။ နေ့စဉ်လာနေကျ ဖောက်သည်တစ်ယောက်ကို ကျေနပ်အောင် ဝန်ဆောင်မှုပေးဖို့ တာဝန်က ရှိသည်။

ဝယ်သူဘက်က အမြဲမှန်သည်ဟူသောစကားမှာ အရက်ဆိုင်များအတွက် ပိုပြီးသင့်လျော်သည်။ အနည်းဆုံး တစ်စိတ် တစ်ပိုင်းလောက် သောက်ကြတာပဲဟာ မမှန်ဘဲ ဘယ်နေပါ့မလဲ၊ တချို့ဆို မှန်ရုံမက မှောက်တောင် မှောက်သွားကြ သေးသည်။

အကြမ်းပန်းကန်လေးထက် ယောင်ယောင်လေးမျှကြီးသော ဖန်ခွက်ထဲမှ တစ်ဝက်သာသာရှိနေသော အရက်ကို ရေမရော ဘဲ တစ်ချက်တည်းမော့ချလိုက်သည်ကို မြင်သဖြင့် ဇာတ်လမ်းစတော့မည်ဖြစ်ကြောင်း သိလိုက်၏။

'မိန်းမတစ်ယောက်ရဲ့ သုံးလက်မလောက်သာ ရှည်တဲ့လျှာက ခြောက်ပေလောက်မြင့်တဲ့ ယောကျာ်းကြီး တစ်ယောက်ကို ဗုန်းဗုန်းလဲကျသွားစေနိုင်တယ် ဆိုတဲ့စကားကို ခင်ဗျားကြားဖူးသလား'

'ကြားဖူးတာပေါ့၊ ခင်ဗျားပဲ ပြောပြောနေတာ အကြိမ်တစ်ရာလောက် ရှိနေပြီ' ဟု စိတ်ထဲက ပြန်ပြောမိသည်။
နှုတ်ကတော့ . . .
' အင်း . . .ဆိုစမ်းပါဦး' ဟု စကားထောက်ပေးလိုက်ရ၏ ။

'မိန်းမတစ်ယောက်ရဲ့ ပါးစပ်ကထွက်တဲ့ စကားတစ်ခွန်းဟာ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ အဲဒီစကား တစ်ခွန်း ကြောင့်ပဲ ကျုပ်မှာ အခုလို အရက်ကို အဖော်ပြုနေရတဲ့ အသောက်သမားကြီးလုံးလုံး ဖြစ်ခဲ့ရတာပဲ'

စကားကို ခဏရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်လိုက်သည်။ သူ့စကားကို စိတ်ဝင်စားသူ တခြား ရှိမရှိ အကဲခတ်ခြင်းဖြစ်၏။ ထိုင်ခုံ၏ ရှေ့ဖက်ခြမ်းမှာ တန်းလျက်ထိုင်နေသော လူအုပ်စုက သူတို့ဘာသာ ငြင်းခုန်ပြောဆို နေကြသည်။ သူ့ကို ရှိတယ်လို့တောင်မထင်။ လက်ဝဲဘက်ထောင့်စွန်းမှာ တစ်ယောက်တည်း ထိုင်နေသူကတော့ နားစွင့်နေဟန်တူသည်။ သူ အားတက်သွားဟန်ဖြင့် ဆက်ပြောသည်။

‘အစကတော့ ကျုပ်ကလွဲရင် တခြားဘယ်သူကိုမှ စိတ်ကူးထဲတောင် မထည့်ပါဘူးတဲ့လေ။ သူနဲ့ စတွေ့တဲ့အချိန်မှာ ကျုပ်ဟာ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းကထွက်ထားတဲ့အချိန်။ အလုပ်အကိုင်ကလဲ မည်မည်ရရ မရှိသေးဘူး။ ဒါပေမဲ့ သူက ပညာတွေ၊ ရာထူးတွေ၊ ဂုဏ်တွေ ငွေတွေဆိုတာ ပကာသနတွေပါတဲ့။ ချစ်တာသာ ပဓာနပါတဲ့။ အချစ်စစ် အချစ်မှန်နဲ့ တည်ဆောက်တဲ့ဘဝသာလျှင် ကျောက်သားကျောက်ဆောင်လို ခိုင်မြဲပါတယ်တဲ့၊ ကောင်းလိုက်တဲ့ စကားလေးတွေ'

ဆိုင်ရှင်၏ စိတ်ထဲက 'အင်း . . ဒီနေရာမှာ မရယ်ချင်ဘဲနဲ့ ဖျစ်ညှစ်ပြီး ရယ်တော့မယ်' ဟုတွေးသည်။ ကြိမ်ဖန်များစွာ နားထောင်ခဲ့ရပြီးဖြစ်သဖြင့် ဘယ်နေရာမှာ ဘာစကားပြောပြီး ဘယ်အမူအရာ လုပ်တော့မယ် ဆိုတာကအစ မှတ်မိ နေပြီ။ ဟုတ်လည်း ဟုတ်သည်။ ထိုပုဂ္ဂိုလ်က ' ဟား.. ဟား... ဟား.... ' ဆိုပြီး အသံကို တစ်ဆင့်မြှင့်၍ ရယ်သည်။ ပြီးတော့....

'ဟား....ဟား....တညင်းသီးတစ်လုံးလောက် ပေးစမ်းပါ'
'ဗျာ'

ဆိုင်ရှင်သည် ရုတ်တရက်မို့ ကြောင်သွား၏။ ပြီးမှ ' သြော်....ဟုတ်ကဲ့' ဆိုပြီး တညင်းသီးပြုတ်တစ်လုံးကို သတ္တူပန်းကန်ပြား အသေးစားလေးထဲ ထည့်ပြီး ပေးလိုက်၏။ ထိုပုဂ္ဂိုလ်က တညင်းသီးကို တစ်ကိုက် ကိုက်သည်။ ဖန်ခွက်ထဲ အရက်ထည့်သည်။ ပလတ်စတစ်ခွက်ထဲက ရေကို ရောသည်ဆိုရုံမျှ ထည့်သည်။ တစ်ဝက်လောက် မော့ချလိုက်သည်။ ပြီးမှ.....

'မိန်းမတွေရဲ့ စိတ်သဘောထားဟာ ဟောဒီ တညင်းသီးလိုပဲ စားခါစမှာတော့ ချိုသလိုလို ဆိမ့်သလိုလိုနဲ့၊ ဆီးသွားတော့မှ နံမှန်းသိရတယ်'

လက်ဝဲဘက်ထောင့်စွန်းမှာ ထိုင်နေသူက ထိုစကားကို သဘောကျပြီး ပြုံးလိုက်သည်။ အားပေးထောက်ခံသလို ဖြစ်သွားသဖြင့် ကျေနပ်ပြီးဆက်ပြောမည်အပြု ဆိုင်ရှေ့ဖက်ခြမ်းအုပ်စု၏ အသံက ကျယ်လောင်လာသည်။ လူများ၏ အာရုံက ထိုအုပ်စုဆီ ရောက်သွားသည်။ ထိုပုဂ္ဂိုလ်က ထိုအုပ်စုကို မကျေမနပ်ကြည့်လိုက်သည်။ တစ်ခုခု လှမ်းပြောမလိုလုပ်ပြီးမှ မပြောဖြစ်။ ဖန်ခွက်ထဲမှ လက်ကျန်အရက်ကိုသာ မော့သောက်လိုက်သည်။ အရက်ထပ်ငှဲ့ပြီးနောက် တစ်ငုံငုံပြန်သည်။ ရေမရောတော့။ ငြင်းသံခုန်သံတွေ လျော့ပါးသွားတော့မှ ဇာတ်လမ်းကို ဆက်နိုင်သည်။

. . . . .

'သူ့မိဘတွေက သူ့ကို ကျုပ်နဲ့ သဘောမတူဘူးလေ၊ ပညာလဲ တစ်ပိုင်းတစ်စ၊ အလုပ်အကိုင်လဲ အတည်တကျမရှိ၊ ငွေလဲမရှိ၊ ဘွဲ့ထူးဂုဏ်ထူးလဲမရှိ၊ မိဘကျောထောက်နောက်ခံကလဲ မတောင့်တင်းတဲ့သူနဲ့ သူတို့သမီးကို ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးတဲ့။ သူတို့ကလည်း ဒီလောက် ချမ်းချမ်းသာသာကြီး မဟုတ်ပါဘူးဗျာ။ စားနိုင်သောက်နိုင် လောက်သာပါ၊ ဒါပေမဲ့ အငြိမ်းစားအရာရှိကြီးဆိုတဲ့ ဂုဏ်ကလေးတော့ မောက်နိုင်သေးသပေါ့လေ။ နောက်ပြီး သူတို့သမီး ကလည်း လှသကိုး၊ သူ့ကိုလိုချင်တဲ့သူတွေကလဲ သူဌေးသားတွေ၊ အရာရှိပေါက်စတွေ၊ ကျုပ်ကလွဲရင် အလားအလာကောင်းတဲ့ သူတွေချည်းပဲ၊ သူတို့မိဘတွေကလဲ သမီးချောရှိတဲ့ မိဘတွေရဲ့ ထုံးစံအတိုင်း သူတို့သမီးကို အနိမ့်ဆုံး ရှေ့တက်လမ်းရှိတဲ့ အရာရှိကတော်ဖြစ်ဖို့ မှန်းတာပေါ့။ ကျုပ်ကိုတော့ ကလေကချေ အဆင့်အတန်း မရှိတဲ့ကောင်၊ တစ်သက်လုံး လူမွှေးလူတောင်ပြောင့်မယ့်ကောင် မဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမျိုးမျိုးရှုတ်ချခဲ့တာပေါ့'

ပုလင်းထဲမှာ အရက်ကုန်သွားပြီ။ အရက်သမားတို့ထုံးစံအတိုင်း ကုန်နေပြီမှန်းသိသိကြီးနှင့် ပုလင်းအဝကို ဖန်ခွက်မှာတေ့ပြီး မှောက်ချလိုက်သေးသည်။ လက်ကျန်လေးငါးစက် ကျလာ၏။

'တစ်ပိုင်းလောက် လုပ်စမ်းပါဦး'

ဆိုင်ရှင်က ပုလင်းကိုယူသည်။ ကတော့တပ်ပြီး ပလတ်စတစ်ပုံးထဲက အရက်ကို လောင်းထည့်လိုက်သည်။ လုပ်နေကျမို့ တစ်ပိုင်းထက်ပိုသွားခြင်း လျော့သွားခြင်းမရှိ။ ပုလင်းကို လှမ်းပေးပြီး နောက်ဘက် ဝိုင်းတစ်ဝိုင်းမှ မှာသော ပုဇွန်ခြောက် သုပ်အတွက် ကြက်သွန်လှီးရင်း ဆက်ပြောသည့် ဇာတ်လမ်းကို ကြားနေရ၏။

'ဟိုကောင်မကလဲ သူ့မိဘတွေရဲ့ သံယောင်ကိုလိုက်ပြောလာပြီလေ၊ ကျောင်းပြန်တက်ပါလားတဲ့၊ ပညာတတ် ထားတော့ ဘာပဲဖြစ်ဖြစ် အောက်မကျဘူးပေါ့တဲ့။ ကျုပ်ကလဲ ပညာဆိုတာ ကျောင်းမှာ သင်ရတာ မဟုတ်ဘူး၊ လက်တွေ့ ဘဝမှာ လူတွေကြားထဲမှာ သင်ယူရင်လဲ ရပါတယ်လို့ ၊ အဲဒီတော့ တစ်မျိုးထပ်ပြောလာပြန်ရော'

ဆိုင်ရှေ့ခြမ်းမှာ ထိုင်နေသောအုပ်စုက ငွေရှင်းပြီး ထထွက်သွားကြသည်။ သူတို့က အရက်တစ်လုံးလောက်ကို လူလေး ငါးယောက်သောက်ပြီး မူးတတ်ကြသူတွေဖြစ်၏။ အမြည်းတွေ တစ်မျိုးပြီးတစ်မျိုးမှာစာရင်း စကားပြောကြ၊ ငြင်းခုံကြ သူတွေ ဖြစ်၏။ သူတို့မရှိတော့ အနှောင့်အယှက်ကင်းသွားသည်။

'အဲဒီတော့'
စကားပြန်ဆက်မည်ပြုစဉ် နောက်ဘက်ပိုင်းက ကြက်သွန်ဖြူတောင်းသဖြင့် ဆိုင်ရှင်က လှမ်းပေးရသောကြောင့် ခဏစောင့်ရသေးသည်။
'ဘာပြောလာသလဲဆိုတော့ ဘာလဲဗျာ'

ပြောလက်စကို မေ့သွားဟန်တူသည်။ စကားထောက်ပေးမလားဟု ဆိုင်ရှင်ကို ကြည့်သည်။ တကယ်တော့ ဆိုင်ရှင်သည်လည်း နားသာထောင်နေရသည်။ သူ့အလုပ်နှင့်သူ ရှုပ်နေသဖြင့် လုံးစေ့ပတ်စေ့ အာရုံမစိုက်နိုင်။ နဂိုကတည်းကလည်း စိတ်ဝင်စားမှုနည်းသောကြောင့် ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေခဲ့၏။ ချက်ခြင်း စကားမထောင်နိုင်သောကြောင့် သူပြောတာ ဂရုတစိုက် နားမထောင်ရကောင်းသလားဆိုသော မျက်နှာထားဖြင့် ထိုပုဂ္ဂိုလ်က စိုက်ကြည့်သည်။ ပြီးတော့ အရက်ခွက်ကိုယူ၍ တစ်ရှိန်ထိုး မော့ချလိုက်သည်။ ဆိုင်ရှင်လည်း နားစွန်နားဖျား ကြားနေရသော စကားလုံးများကို အလောသုံးဆယ် ပြန်စဉ်းစားရလိုက်ရ၏။ တကယ်တော့ ဒီဇာတ်လမ်းကို အကြိမ်ပေါင်းများစွာ ကြားနာခဲ့ရပြီး ဖြစ်သဖြင့် စကားလုံးတစ်လုံးချင်းကအစ မှတ်မိနေပြီ။ ဇာတ်လမ်း၏ ဘယ်အပိုင်းနား ရောက်နေပြီဆိုတာ မျက်ခြေပြတ်သွားလို့သာ စကားထောက်ရ ခက်နေခြင်း ဖြစ်၏။ ထို့ကြောင့် စိတ်မှန်းနှင့်....

'ဟိုလေ ငွေဆိုတာ တန်ဖိုးသတ်မှတ်ထားတဲ့ စက္ကူတစ်မျိုးပဲ ဆိုတာပေါ့' ဟု ပြောလိုက်၏။ ထိုပုဂ္ဂိုလ်က ‘အဲဒီနေရာ မရောက်သေးပါဘူး' ဆိုပြီးမှ သူပြောမည့်စကားကို ဆိုင်ရှင်က ကြိုပြီး ပြောလိုက်သဖြင့် မျက်မှောင်တစ်ချက် ကုတ်လိုက်သည်။ ဆိုင်ရှင်ကလည်း ပြဿနာတော့ တက်ပြီထင်တယ်ဟု တွေးလိုက်မိ၏။ သို့ရာတွင် ထိုပုဂ္ဂိုလ်က ဇာတ်လမ်းဆက်ဖို့သာ ပဓာနဖြစ်နေသောကြောင့် .....

'ဒီလိုမဟုတ်လား သူ့ငွေစုစာအုပ်ထဲက ငွေနဲ့ အရင်းအနှီးလုပ်ပြီး စီးပွားရှာပါလားလို့ တိုက်တွန်းတယ်လေ၊ ကျုပ်က ငြင်းလိုက်တယ်၊ ခါးခါးသီးသီးကို ငြင်းလိုက်တယ်။ ကျုပ်ကငွေမမက်ဘူး၊ ငွေဆိုတာ အဲ ... ခုနက ပြောသလိုပဲ တန်ဖိုး သတ်မှတ်ထားတဲ့ စက္ကူတစ်မျိုးပဲ၊ ငွေထက်တန်ဖိုးရှိတာက သစ္စာတရား၊ ကောင်းပြီ။ မင်း ကိုယ်နဲ့လိုက်ခဲ့ ဘဝထဲကို ဆင်းခဲ့၊ ဘဝကို အခြေခံကစပြီး တည်ဆောက်မယ်၊ ဟား.... ဒီလိုလဲ ပြောလိုက်ရော ငါးပိရည်နံ့ရတဲ့ အယ်လ်ဇေးရှင်းခွေးလို တွန့်ခနဲ ဖြစ်သွားတာပဲ၊ အဲဒီမှာ ပဋိပက္ခ ဖြစ်ကြတာပေါ့။ လိုက်ရဲလား ၊ လိုက်ခဲ့။ မလိုက်ရဲဘူးလား၊ တွဲထားတဲ့လက်ကို ဖြုတ်လိုက် ဒါပဲ ဒါပဲ'

ဆိုင်မှာလူရှင်းသွားပြီ။ အချိန်အကြာဆုံး ထိုင်နားထောင်ခဲ့သည့် လက်ဝဲဘက်ထောင့်စွန်းမှာ ထိုင်နေသူပင် ထသွားခဲ့ပြီ။ ဆိုင်ရှင်လည်း ပစ္စည်းတွေကို တောင်းတွေထဲကို မသိမသာ ကဲ့ထည့်ပြီး သိမ်းဆည်းစပြုနေပြီ။ ဇာတ်ကြောင်း ပြောသူ၏ရှေ့က ပုလင်းထဲမှာလည်း အရက်ကုန်နေပြီ။

'ငါးကျပ်ဖိုးလောက် လုပ်စမ်းပါဦး၊ လပ်စ်ကပ်ပေါ့' ဆိုင်ရှင်က တောင်းထဲရောက်နေသော ပုလင်းတစ်လုံးကို ပြန်ထုတ်၍ ဖန်ခွက်ထဲပိုပိုသာသာ ငှဲ့ထည့်ပေးသည်။ ထိုပုဂ္ဂိုလ်က ထရပ်ပြီး ဖန်ခွက်ကိုယူသည်။ တစ်ချက်တည်း မော့ချသည်။ ကျသင့်ငွေရှင်းပြီး နှုတ်ဆက်ထွက်ခွာသွား၏။ ဆိုင်ရှင်လည်း သက်ပြင်း တစ်ချက်ချလိုက်ပြီး ပစ္စည်းတွေ ဆက်သိမ်း နေသည်။
------------

ဒီနေ့ ခါတိုင်းထက် ပိုသောက်မိသည်။ တစ်ခါတစ်ခါတော့လဲ ဒီလိုပါပဲ၊ ထမင်းစားတဲ့ လူတွေတောင်မှ စားလို့မြိန်သွားတဲ့အခါ ဗိုက်ပြည့်အင့်သွားအောင် စားတတ်ကြသေးတာပဲ မဟုတ်လား။ ထားပါတော့ ဒီနေ့သောက်လို့ မြိန်သွားတယ် လို့ပဲ။ ဒီလိုအခါမျိုးတိုင်းမှာ သတိရသည့်စိတ်က ပြန်လည် နိုးကြားလာတတ်သည်။ ကပ်လျက် လိုက်ပါလာတာကတော့ နာကြည်းခြင်း။

ကြာတော့လည်း ကြာခဲ့ပါပြီ။ သို့ရာတွင် လုံးလုံးလျားလျား မေ့ပစ်ဖို့တော့ မဖြစ်နိုင်သေး။ သတိရစရာ အကြောင်း အချက်တွေက သူ့အလိုလို ပေါ်ပေါက်လာတတ်၏။ အထူးသဖြင့် အခုလို မိုးနှင်းတွေကျနေသည့် အခါမျိုး။

နောက်ဆုံးအကြိမ် တွေ့ဆုံပြီး တစ်သက်တာအဖို့ နှုတ်ဆက်လမ်းခွဲခဲ့တုန်းကလည်း ဒီလိုပင် မိုးနှင်းတွေ မှိုင်းမှုန်နေခဲ့သည်။ ကျောခိုင်းလမ်းလျှောက်လာရင်း ဟားတိုက် ရယ်မောပစ်လိုက်သောအခါ နှင်းမှုန်တွေ ကစဥ့်ကလျား လွင့်ထွက် သွားသည်ကို သတိတရရှိ၏။

ခုလည်း ဟိုတုန်းကလို ရယ်ပစ်လိုက်ချင်စိတ် ပေါက်လာသည်။ ထို့ကြောင့် ဟားတိုက်ရယ်ပစ်လိုက်၏။ သူ လျှောက်လာ သည့်လမ်းသည် လူအတော်ရှင်းနေ၏။ ထို့ကြောင့် သူ့ရယ်သံကို ဘယ်သူမှ ဂရုစိုက် နားထောင်နေခြင်းမရှိ။ လမ်းဘေးရှိ အိမ်တွေထဲက အိပ်မပျော်သေးသူ တစ်ယောက်တလေကတော့ ကြားကောင်း ကြားနိုင်သည်။

ထိုသို့တွေးလိုက်မိတော့မှ သူလျှောက်လာသည့်လမ်းကို သတိပြုမိသည်။ သူ့အိမ်သို့ပြန်သောလမ်းမဟုတ်။ အလို...
ဒီကုန်းတက်ကလေးဟာ.....

ရုတ်တရက်ရပ်လိုက်သည်။ ညာဘက်ကိုကြည့်သည်။ ပုဏ္ဍရိတ်ပင်၊ ခြံစည်းရိုးပန်းခြံ ကွက်လပ်ငယ်၊ ပြီးတော့ ခံ့ညား ထည်ဝါသော နှစ်ထပ်တိုက်ကြီးသည် မိုးနှင်းတွေကြားမှာ တိတ်ဆိတ်စွာ ရပ်တည်နေသည်။

ကြည့်စမ်း၊ ခြေလှမ်းတွေက ဒီနေရာရောက်အောင် အလိုအလျောက် သယ်ဆောင်ခဲ့တာပါကလား။ သူသည် တိုက်ကြီးကို ငေးစိုက်ကြည့်ုလိုက်သည်။ အင်းပေါ့လေ နှစ်ထပ်တိုက်ပေါ်ကလူဆိုတော့ မြေကြီးပေါ်ကို ခုန်ချဖို့ ပိုပြီးခက်တာပေါ့။

'တိုက်ပေါ်ကနေ မြေကြီးပေါ်ကို မဆင်းရဲတာက ဆင်းရဲမှာကြောက်လို့၊ ဟုတ်တယ်၊ ဆင်းရဲမှာ ကြောက်လို့ မဆင်းရဲတာ’ 'သူတွေးနေသည်ဟုထင်သည်။ တကယ်က ပြောနေခြင်းဖြစ်၏။ အတွေးတွေက စကားလုံးများအဖြစ် အသံထွက်လာခြင်း ဖြစ်၏။

'ဟား....ဟား'

သူ တစ်ချက်ရယ်လိုက်သည်။ ရယ်သံက အတော်ကျယ်လောင်သွား၏။ သို့ရာတွင် သူက ဂရုမစိုက်တော့။ ရင်ထဲမှာ ပြည့်ကျပ်မွန်းသိပ်နေသည့် ခံစားချက်တွေက ပွင့်အန်ထွက်လာပြီ။ သူသည် တိုက်အိမ်ကြီးကို စိုက်ကြည့်ရင်း အော်ပြော လိုက်သည်။
'ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့ စုံလုံးကန်းတဲ့၊ ချစ်သူကို ယုံတော့ ဘဝပါ ကန်းတော့တာပေါ့၊
ဟုတ်စ ။ ခင်ဗျားကြောင့် ကျုပ်ဘဝ ကမ်းမမြင် လမ်းမမြင်ဖြစ်နေပြီဗျ သိရဲ့လား၊ ဗျို့ ...မခင်မှီ'
-------------------------

ညနေက လက်ဖက်ကလေး နှစ်ရိုးသုံးရိုးစားမိလိုက်သဖြင့် မျက်စိကြောင်ပြီး အိပ်လို့မရဘဲ ဖြစ်နေသည်။ အိပ်ရာပေါ်လှဲပြီး မျက်စိမှိတ်ထားလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သောကြောင့် အတန်ငယ် ညဥ့်နက်သည်နှင့် လူသံကားသံ မကြားရတော့။ ဘေးမှာ အိပ်မောကျနေသော အိမ်ကလူထံမှ အသက်ရှုသံပြင်းပြင်းကိုသာ မှန်မှန်ကြားနေရသည်။

ခဏကြာတော့ အပြင်ဘက်က စကားပြောသံသဲ့သဲ့ကြားရသည်။ နောက်တော့ အသံက ပိုကျယ်လာသည်။ စကားလုံးက မသဲကွဲ။ ဒီအသံကို ကြားဖူးသလိုလိုတော့ရှိသည်။ ရပ်ကွက်ထဲက တစ်ယောက်များလား။

' ဗျို့...မခင်မှီ '
ဆိုသောအသံကို ကြားသောအခါ ဆတ်ခနဲ ခေါင်းထောင်ထမိ၏။ နာမည်တပ်ပြီး ခေါ်လိုက်တာပါလား။ နားစွင့်လိုက် သောအခါ...
'ဒီမှာ ဟိုအရင်တုန်းကပြောခဲ့ဖူးတဲ့ သစ္စာစကားလေးတွေ ပြန်ကြားချင်လို့ ဆင်းခဲ့ပါဦးဗျ'

'အလို....ဘုရား၊ ဘုရား။ သူပါလား။ သူ ခုထိ ဘာမှ မပြောင်းလဲသေးပါကလား။ အိမ်ကလူတွေ အအိပ်ဆတ်သူမဟုတ်လို့ တော်ပါသေးရဲ့။

'တိုက်ကြီးပေါ်က ဆင်းခဲ့ပါဗျ၊ မခင်မှီရဲ့ ။ စကားလေးတစ်ခွန်းလောက် ပြောချင်လို့ပါ '

စိုးရိမ်စရာအခြေအနေဖြစ်လာပြီ။ ကြာလျှင် အိမ်ကလူ နိုးကောင်းနိုးလာနိုင်သည်။ ပိုဆိုးတာက မိမိ၏နာမည်ကို အော်ကြီး ဟစ်ကျယ် ခေါ်ခေါ်နေခြင်းပင် ဖြစ်၏။ ရပ်ကွက်က လူကြီးလူကောင်းတွေချည်းနေသော နေရာ။ ဒီထဲမှာ အိမ်ကလူတွေ က ပိုမိုမြင့်မားသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားသူ။ အိမ်က လေးလေးစားစားရှိကြသည်။ ခုလို မိမိ နာမည်တပ် တပ်ပြီး အော်နေတာကို ဘေးအိမ်ကလူတွေ ကြားလျှင်......

'ဆင်းခဲ့ပါဗျ၊ မဆင်းရဲဘူးလား၊ အေးပေါ့လေ....တိုက်ကြီးပေါ်မှာနေနေရတော့ ဘယ်ဆင်းရဲပါ့မလဲ၊ ဗျို့..မခင်မှီ၊
ဒီမှာလေ မခင်မှီရဲ့ '

တရားလွန်လာပြီ။ ဒီလောက် စော်ကားလာတာကိုတော့ သည်းမခံနိုင်တော့ဘူး။ ခုတင်ပေါ်မှ အသာဆင်းလိုက်သည်။ ဧည့်ခန်းဘက် ထွက်လာသည်။ တယ်လီဖုန်းကို ကောက်ကိုင်၍ နံပါတ်နှိပ်လိုက်သည်။

'ရဲစခန်းကပါလားရှင်၊ ဟုတ်ကဲ့....အကူအညီတစ်ခုတောင်းချင်လို့ပါ။ ကျွန်မအိမ်ရှေ့မှာ အရက်မူးသမား တစ်ယောက်လာပြီး ရမ်းကားနေလို့ပါ၊ ရှင်....ကျွန်မလား....ဒေါ်ခင်မှီပါ၊ လိပ်စာက.....'

တယ်လီဖုန်းချပြီး နားပြန်စွင့်လိုက်သည်။ အပြင်မှာ သူရှိနေတုန်း ဟိုတစ်ချိန်ကပြောခဲ့ဖူးသည့်စကားတွေကို အော်ဟစ် ရေရွတ်နေသည်။ ခဏမျှ အသံတိတ်ဆိတ်သွားပြီးနောက် ကားတစ်စီး၏ စက်သံကို ကြားရသည်။ ခြံဝင်းရှေ့မှာ ရပ်သည်။ အပြန်အလှန် စကားပြောသံတွေ ကြားရသည်။ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး လိုက်ကာကို အသာဖယ်၍ ကြည့်ုလိုက်သောအခါ.....

အပြင်မှာ မိုးနှင်းတွေကျနေသည်။ မှုန်ဝါးဝါးမီးရောင်အောက်တွင် ရဲနှစ်ယောက်က လူတစ်ယောက်၏ လက်မောင်း တစ်ဖက်တစ်ချက်ကိုင်၍ လင်းရိုဗာကားပေါ် တွန်းတင်လိုက်သည်ကို တွေ့ရ၏။ နှစ်တွေကြာညောင်းလာသော်လည်း မှတ်မိနေသေးသည်။ သူမှ သူအစစ်။ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အိပ်ရာပေါ်ပြန်တက်ပြီး မျက်စိမှိတ်ထားလိုက်သည်။ အိမ်ကလူက အိပ်မောကျနေဆဲ။ သူကတော့ ဒီညအိပ်လို့ပျော်လိမ့်မည် မထင်တော့။

----------------------

'သူများအိမ်ရှေ့မှာ ဘာဖြစ်လို့သွားပြီး အနှောင့်အယှက်ပေးချင်ရတာလဲ၊ အရက်လဲ အရမ်းမူးနေသေးတယ်'
တာဝန်မှူးက ပြောလိုက်သည်။ သူက ဘာမှပြန်မပြောဘဲ နေသည်။ တာဝန်မှူးက ဆက်ပြောသည်။
'အင်းလေ... ဒီညတော့ စခန်းမှာပဲ နေရလိမ့်မယ်၊ မနက်ကျတော့ အာမခံပေးမယ့်လူကို အကြောင်းကြားပေါ့။
ကဲ... သူ့ကိုယ်ရေးရာဇဝင် မှတ်တမ်းယူထားလိုက်'

ရဲတပ်ဖွဲ့ဝင်တစ်ယောက်က သူ့ကို စားပွဲတစ်လုံးဆီ ခေါ်သွားပြီး ထိုင်ခိုင်းသည်။
'ကဲ ပြော၊ နာမည် ဘယ်သူလဲ' သူက မပြောဘဲနေသဖြင့် ....
'ပြောလေဗျာ'
'ကြော့မောင်' အဖေနာမည်။ မှတ်ပုံတင်အမှတ်။ သူက တစ်ခုစီကို ခပ်လေးလေး ဖြေနေသည်။
'အသက်' သူ တစ်ချက်မော့ကြည့်ပြီး ....
'ဒါက အရေးကြီးလို့လား'
' အရေးကြီးတာပေါ့၊ ကိုယ်ရေးရာဇဝင်ဆိုတာ အကုန်အပြည့်အစုံယူရတာပဲ၊ ကဲ..ပြောဗျာ၊ အသက်ဘယ်လောက်ရှိပြီလဲ '
သူက နံရံကိုငေးကြည့်နေပြီးမှ ခပ်ဆိုင်းဆိုင်းဖြေလိုက်သည်
'ခြောက်ဆယ့်ငါးနှစ်'

(မင်းလူ)

#သုတဇုန်
www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။