တစ်ရက်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပေးရေး
|| စိုပြေ ||
ရွေးကောက်ပွဲကြီးကျင်းပတော့မည်။ ဒေါ်ပုတို့ရပ်ကွက်ထဲမှာ ပါတီတွေ အပြိုင်အဆိုင် မဲဆွယ်ကြသည်။
အချို့ကလည်း စကားလုံးဖြင့်။ အချို့ကလည်း ပစ္စည်းများဖြင့်။ ထီးတွေ၊ ယပ်တောင်တွေ၊ ဆန်တွေ ဆီတွေ။ အချို့ကတော့ ရုပ်အလှဖြင့် ထိန်းသည်။
ဒေါ်ပုနှင့် မြေးများကတော့ မဲဆွယ်သူများ ကိုကြည့်ပြီး ပျော်နေကြသည်။
ယခင်ရွေးကောက်ပွဲကာလကသာ မြင်ဖူးလိုက်ရသည့် လက်ရှိအမတ်များနှင့် ဖြစ်လာ လတ္တံ့သော အမတ်များကို ဖူးတွေ့ရသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဒေါ်ပုက တီးတိုးစကားဖြင့် ရပ်ကွက်အတွင်းမှာ မောင်းခတ်သည်။
“လာ ... ကြ ... လာကြဟေ့ ...။ တို့ အမတ်လောင်းကြီးကို အ၀ကြည့်ထားကြ” ဟူ လို ...။အဲတော့ ...ရပ်ကွက်သားတွေက ပြန်မေးသည်။
“ဘာလဲ ... အဲ့ အမတ်လောင်းက သေတော့မှာ မို့လို့လား ...။ သေခါနီးရင်လည်း မပြိုင်နဲ့လေ”
“မဟုတ်ဘူးလေ ...။ တို့အမတ်လောင်းက အရွေးခံရရင်ဖြင့် လွှတ်တော်ထဲသွားနေရမှာ မို့လား ...။ ဒါကြောင့် အ၀ကြည့်ခိုင်းထားတာ ပါကွယ်တို့ရယ်” ဟု ဒေါ်ပုကပြန်ဖြေသည်။
ယခုအချိန်တွင် အမတ်လောင်းတိုင်း အပြုံးပန်းကိုယ်စီ ဆောင်ထားကြသည်။
တွေ့ရာလူ ပြုံးပြသည်။ သိသိမသိသိ။ မပြုံးလို့လည်း မဖြစ်။
ရွေးကောက်ပွဲ ရလဒ်က မဲရေတွက်သူအ ပေါ်ကို မူတည်နေသော်လည်း ပြည်သူတွေ မဲထည့်ဖို့လည်း လိုသေးသည်မဟုတ်လား။
အချိန်ရှိတုန်း ပြုံးပြမှ ...။ ဒေါ်ပုနှင့် မတည့်သည့် ငွေတိုးချေးသူ အမတ်လောင်းကြီးတောင် ဒေါ်ပုကို ပြုံးပြနေသည်။
အဲဒီ ... ငွေတိုးချေးသူ အမတ်လောင်းကတော့ နည်းနည်း ဒုက္ခရောက်နေသတဲ့။
အကြွေးမဆပ်သူတွေကို ပြန်မတောင်းရဲ။ ဒီအမတ် အပေါက်ဆိုးတယ်ဆိုပြီး မဲမထည့်မှာ စိုးရသည်။
ပိုက်ဆံ လာချေးသူများကိုလည်း အရင်လို မောက်မောက်မာမာ မပြောရဲ။ အောက်ကျို့ပြီး ဆက်ဆံရသည်။
သူနှင့် အကြွေးမကင်းသူတိုင်းကို အခုလို ကတိစကားလည်း ပြောတတ်သည်။
“ကျုပ်သာ အမတ်ဖြစ်ရင် ... ရပ်ကွက် ထဲမှာ ဒီထက်ပိုချေးမယ်” ဟူ၍။
အကြွေးတွေ လျှော်ပစ်မယ်တော့မပြော။
ဒေါ်ပုကတော့ စဉ်းစားသည် ဒီအမတ်လောင်း အခုလောက်ချေးတာတောင် ရပ်ကွက် ထဲကလူတွေ အတိုးကြောင့် ဒုက္ခရောက်တာ။
ဒီထက် ပိုချေးလို့ကတော့ ... တစ်ရပ်ကွက်လုံး ချစ်တီးမယား ဖြစ်ကုန်မလားမသိ။
ဒေါ်ပုကတော့ ရွေးကောက်ပွဲကိုလည်း သိပ်နားမလည်။
နိုင်ငံရေးဆို ပိုဆိုး။ နိုင်ငံရေးဆိုသည်မှာ ဗန်းစကားလောက်ဆိုသည်ကိုကား နားလည်ခဲ့သည်။
အရင်ခေတ်က နိုင်ငံရေးတွေ မပါနဲ့ဟုဆိုလျှင် တကယ့်နိုင်ငံရေးကို ပြောခြင်းမဟုတ်။
ခြင်ထောင်ထဲက အကြောင်း၊ လျှို့ဝှက်အပ် သောကိစ္စ စသည့် အဓိပ္ပာယ်မဟုတ်လား။
ဒေါ်ပုကား ပါလေရာ။ လူထုဟောပြောပွဲ ဆိုလျှင်လည်း သွားလိုက်သည်။
မဲဆွယ်ပွဲဆိုလည်း သွားလိုက်သည်။ ဒီကြားထဲ ဟိုဘက်ရပ်ကွက်တွေမှာ မဲပေးမည့်သူတွေကို ဆန်တွေ၊ ဆီတွေပေးသည့် သတင်းကြားရပြန်သည်။
ရပ်ကွက်ထဲမှာတော့ ဘယ်တော့ပေးမလဲမသိ။ မကြာခင်ပေးမည်ဟု ကြားရသည်။
မဲဆွယ်ယာဉ်တွေကလည်း ယခင်ခေတ် သင်္ကြန်အလှပြယာဉ်တွေနှင့် တူသည်ဆိုသဖြင့် ထိုကားတွေကို ကြည့်ရန်စောင့်နေသည်။
ဟောပြောပွဲတွေက မဲဆွယ်သည့် ပြောစကားတွေကိုလည်း ဒေါ်ပု သိပ်နားမလည်လှပါ။
အားလုံးကတော့ တိုင်းပြည်တိုးတက်အောင်လုပ်မည်။ မဟားဒယားတိုးတက်အောင် လုပ်မည်။ သောက်ရမ်းတိုးတက်အောင် လုပ်မည်။
ကျုပ်တို့ပါတီကိုသာ မဲထည့် ...။ တိုင်းပြည်တိုးတက်ဖို့ တာဝန်ယူသည် ဆိုသည့် အပြောတွေကိုပဲ ကြားနေရပြန်သည်။ ဟုတ်၊ မဟုတ်တော့ ဒေါ်ပုလည်းမသိ။
အဲ ...။ ဒေါ်ပုသိတာတစ်ခုတော့ရှိသည်။ ယခင်ရွေးကောက်ပွဲတုန်းက နိုင်သွားသည့် အမတ်တွေ လွှတ်တော်ထဲတွင် အိပ်ငိုက်နေခဲ့ သည်ကိုတော့ ဒေါ်ပုသိသည်။ ဖဲဝိုင်းမှာ ဒေါ်ပု သူငယ်ချင်းက အင်တာနက်ကဆိုသည့် ပုံကို ပြ၍သိခြင်းဖြစ်သည်။
ဒေါ်ပု စဉ်းစားသည်။ ဒီအမတ်တွေဟာ ဘာဖြစ်လို့ လွှတ်တော်ထဲမှာ သွားငိုက်နေတာပါလိမ့်။
အိပ်ချင်ရင် အိမ်မှာအိပ်ပေါ့။ လွှတ်တော်ထဲ သွားငိုက်ဖို့များ ဘာဖြစ်လို့ ၀င်အရွေးခံနေသေးလဲ။
မသိလို့ မေးကြည့်တော့ ...။ ဖဲဝိုင်းက ကောင်လေးက ပြောပြသည်။
လွှတ်တော်အမတ်တွေ တစ်လကို ဆယ်သိန်းရသတဲ့လေ ...။ ဒါတင်ပဲလားဆိုတော့။ မဟုတ်ပေါင်။
လွှတ်တော်ထဲမှာ ၀င်ငိုက်သည့် ရက်များဆိုလျှင် တစ်ရက် နှစ်သောင်း အပိုရသေးသတဲ့။
ဒါတင်ပဲလားဆိုတော့ ... မကသေးပြန်။
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုပြီး သိန်းတစ်ထောင်လည်း ရသေးသတဲ့။ အဲ့ပိုက်ဆံကတော့ ဒေသဖွံ့ဖြိုးရေး လုပ်ချင်ယောင်ဆောင်ရတာ ပေါ့လေ။
မည်သို့ပင် ဆိုစေ ဒေါ်ပုကတော့ အခုလို မဲဆွယ်နေကြသူများကို ကြည့်ရတာ အလွန်ပျော်သည်။
သဘောကျသည်။ တွေ့ရခဲသည် လူတွေကို တွေ့ရတာကိုး။
မျက်နှာ ရှစ်ခေါက်ချိုးလူတွေကို ပြုံးဖြီးဖြီးကြီးတွေ့ရ။
ပြီးတော့ လက်ဆောင်တွေလည်းရ။ ဆန်တွေ ဆီတွေလည်းရ။
ထီးတွေ ယပ်တောင်တွေလည်းရ။
မစားရ၀ခမန်း ကတိစကားတွေကိုလည်း ကြားရ။ လုပ်တာမလုပ်တာ နောက်ထား။
ဟိုဟာလုပ်ပေးမယ်။ ဒီဟာ လုပ်ပေးမယ်ဆိုတာနှင့် တော်တော်ကျေနပ်စရာ ကောင်းနေပြီ။
ဒီတော့ ဒေါ်ပုစဉ်းစားသည်။
ရွေးကောက်ပွဲကို ငါးနှစ်တစ်ခါ မလုပ်ဘဲ တစ်နှစ်တစ်ခါလုပ်ရင် ကောင်းမလား။
ဒါဆို တစ်နှစ်တစ်ခါ ဆန်တွေဆီတွေ လက်ဆောင်တွေ ရမှာပေါ့။
သို့နှင့်။ ဒေါ်ပု၏ ဖဲဝိုင်းမိတ်ဆွေ။ ပွဲစားတစ်သိုက်ကို တိုင်ပင်သည်။
ရွေးကောက်ပွဲက တစ်နှစ်တစ်ခါဆိုရင် မကောင်းဘူးလားပေါ့။
အားလုံးကလည်း ထောက်ခံသည်။ အချို့ကတော့ မထောက်ခံ။
တစ်နှစ်တစ်ခါဆိုလျှင် ဝေးလွန်းသတဲ့လေ ...။
ဒါကြောင့် တစ်လတစ်ခါဆိုရင်ကော။ ဒါဆို လစဉ် ဆန်တစ်အိတ်ရမှာဆိုပဲ။
ဒါကိုလည်း အချို့မထောက်ခံပြန်။
တစ်ရက်တစ်ခါ ဆိုရင်ရော။
ရွေးကောက်ပွဲကို တစ်ရက်တစ်ခါလုပ်။
ဒါဆို အမတ်တိုင်း မဲဆွယ်။ ဆန်တွေဆီတွေ လက်ဆောင်တွေ နေ့တိုင်းရ။ မကောင်းဘူးလားတဲ့။
အို ကောင်းတာပေါ့ ...။
ရပ်ကွက်စကားနှင့် ပြောရလျှင် ဘုန်းကြီးတူမတောင် ဒီလောက်မကောင်းနိုင်။
ဒါကြောင့် ဖဲဝိုင်းက ပွဲစားတစ်သိုက်က သဘောတူကြသည်။
ဒါဆို ဘယ်လိုလုပ်မတုံး။
ထုံးစံအတိုင်း ဆန္ဒပြပေါ့။
သို့နှင့် ဒေါ်ပုနှင့် ပွဲစားတစ်သိုက် ... တစ်ရက်တစ်ခါ ရွေးကောက်ပွဲကျင်းပရေးအတွက် ဆန္ဒပြကြတော့မည်။
ထုံးစံအတိုင်း ဒေါ်ပုတို့ ရပ်ကွက်နှင့် မနီးမဝေးမှာရှိသည့် ဗိုလ်စိန်မှန်ကွင်းကို ချီတက် လမ်းလျှောက် ဆန္ဒပြတော့မတဲ့။
အခြားအခြားသော တစ်ရက်တစ်ကြိမ်ရွေး ကောက်ပွဲကျင်းပခြင်းကို ထောက်ခံသူများလည်း ပါဝင်နိုင်ပါသတဲ့လေ။
လောလောဆယ်တော့ ဒေါ်ပုနှင့် ပွဲစားတစ်သိုက် “တစ်ရက်တစ်ကြိမ်ရွေးကောက်ပွဲ ကျင်းပ ပေးရေး ... ဒို့အရေး” ဆိုသည့် ဗီနိုင်းများကို ကွန်ပျူတာဆိုင်တွင် အပ်လိုက်ပြီ။
မကြာမီတော့ ဆန္ဒပြကြတော့မည် ...။
စိုပြေ
The Ladies News Journal ပါ သရော်စာဆောင်းပါး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။