အဆုံးသတ်ပိုင်း အားနည်းချက်မျာကြောင့် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ဟု မက်ဆီဝန်ခံ
တိုက်စစ်ပိုင်း အဆုံးသတ်ပုံ အားနည်းမှုများက အာဂျင်တီးနား အသင်းကို ကမ္ဘာ့ချန်ပီယံဆုနှင့် ဝေးကွာစေခဲ့ခြင်းဖြစ်ကြောင်း အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဝန်ခံပြောကြားခဲ့သည်။
အာဂျင်တီးနားသည် ဂျာမနီကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ မိနစ်(၉၀)လုံးလုံး ဂိုးမရှိ သရေကျနေပြီး အချိန်ပိုတွင် မာရီယို ဂေါ့ဇီ၏ သွင်းဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ ဘာစီလိုနာ တိုက်စစ်မှူးသည် ပြိုင်ပွဲ၏ အကောင်းဆုံး ဘောလုံးသမားဆု (ရွှေဘောလုံးဆု)ကို ရရှိခဲ့သော်လည်း ၎င်းအလွန် မျှော်လင့်ထားသည့် ကမ္ဘာ့ဖလားကြီး ကိုင်မြှောက်ခွင့်ကိုမူ လွဲချော်သွားခဲ့သည်။
ဗိုလ်လုပွဲတွင် မက်ဆီကိုယ်တိုင် အခွင့်အရေးအချို့ လက်လွတ်ခဲ့သလို ဂွန်ဇာလို ဟီဂူရင်း၊ ရိုဒရီဂို ပလာစီယိုတို့၏ အားထုတ်မှုများသည်လည်း ဂိုးတစ်ဂိုး ဖြစ်လာသည်အထိ အထမမြောက်ခဲ့ချေ။ မက်ဆီက “ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားမှာ အကြိုဗိုလ်လုပွဲတောင် မတက်နိုင်ခဲ့တာ နှစ်ပေါင်း တော်တော်များများ ကြာခဲ့ပြီ။ အခုနှစ်မှာတော့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခွင့် ရလာခဲ့တယ်။ ပြိုင်ပွဲ တစ်ခုလုံးစာ ဖြတ်သန်းမှုအရ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ဟာ ဂုဏ်ယူစရာပါ”ဟု ဆိုသည်။
၎င်းက “ဒါပေမဲ့လည်း တကယ်တမ်းမှာ အာဂျင်တီးနားဟာ ဒုတိယဆုထက် ပိုပြီး ထိုက်တန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အရမ်းဝမ်းနည်းနေတာပေါ့။ တိုက်စစ်မှူးတွေဟာ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဆုံးရှုံးခဲ့ကြတယ်။ ကျွန်တော်တို့ အားလုံးမှာ ဆိုးရွားတဲ့ ခံစားချက်တွေ ဖုံးလွှမ်းနေပါတယ်။ ကျွန်တော်တို့က ဆုဖလားကို အရယူပြီး အာဂျင်တီးနား ပြည်သူတွေဆီကို ဆောင်ယူမသွားနိုင်ခဲ့ဘူးလေ”ဟုလည်း ပြောကြားခဲ့သည်။
၎င်းက “ဆုဖလားနဲ့ လက်တစ်ကမ်းလောက် အလိုကနေ ရှုံးနိမ့်ခဲ့ရတာက နာကျင်လွန်းပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးတွေ ရခဲ့တယ်။ ဒါပေမဲ့ ရလာတဲ့ အခွင့်အရေးတွေကိုတော့ ပီပီပြင်ပြင် အဆုံးမသတ်နိုင်ခဲ့ဘူး”ဟုလည်း ဝန်ခံခဲ့သည်။
မက်ဆီက ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများတွင် ဂျာမနီက အာဂျင်တီးနားထက် တစ်ရက်စောကစားပြီး နားရက်ပိုရခဲ့ခြင်းသည် ဗိုလ်လုပွဲအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်းလည်း ဝေဖန်ခဲ့သည်။ “ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အရတော့ ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားဟာ ဂျာမနီထက် တစ်ရက်နောက်ကျပြီး အကြိုဗိုလ်လုပွဲ ကစားခဲ့ရတယ်။ ပြီးတော့ အချိန်ပိုလည်း ဆက်ကစားရသေးတယ်။ အကြိုဗိုလ်လုပွဲမှာ အစွမ်းကုန် ကစားရပြီး နားရက်ကျတော့ ဂျာမနီလောက် မရခဲ့တာက ကျွန်တော်တို့ရဲ့ အဆုံးသတ် စွမ်းရည်ကို ထိခိုက်မှုတော့ ရှိစေခဲ့မှာပါ။ တစ်ရက်တည်းပါ။ အဲဒီတစ်ရက်စာက အခုလို အဆင့်မျိုးမှာ ကြီးမားတဲ့ ခြားနားချက်တစ်ခု ဖြစ်လာပါတယ်”ဟု မက်ဆီက ပြောကြားသွားသည်။
_Ref: GOAL
7daydaily
7daydaily
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။