'ကမ္ဘာမကြေ' နဲ့ အစချီတဲ့ နိုင်ငံတော်သီချင်းပြီးရင် ဒုတိယလူသိအများဆုံး သီချင်းတစ်ပုဒ်ကတော့ 'မြနန္ဒာ' လို့ လူတွေခေါ်နေကြတဲ့ 'မန်းတောင်ရိပ်ခို' သီချင်းပဲ ဖြစ်မယ်ထင်တယ်။
သင်္ကြန်နားနီးလာလေလေ အဲဒီ မန်းတောင်ရိပ်ခို သီချင်းကို ဟိုးနားဒီနားမှာ ကြားလာရလေလေပေါ့။
သင်္ကြန်သီချင်းလို့ ဆိုပေမယ့် နေရာဌာနအတော်များများမှာ၊ ဒီသီချင်းလေးကို သီဆိုကြတာ တွေ့ရတတ်တယ်။

တလောလေးကမှ လုပ်သွားတဲ့ Sea Game ဖွင့်ပွဲမှာတောင် သီဆိုသွားကြသေးတယ်။
ခက်တာက... ...
ဒီလောက် လူသိများ ထင်ရှားတဲ့ သီချင်းကို (အဲဒီ နိုင်ငံတော်အဆင့် Sea Game ဖွင့်ပွဲကြီးမှာတောင် ) စာသားတွေပြင်ပြီး ကမောက်ကမ ဆိုနေကြတယ်။
လက်ရှိ မြန်မာပြည်ရဲ့ နာမည်ကြီးအဆိုတော် တော်တော်များများလည်း စာသားတွေ မှားဆိုနေကြတယ်။
စိတ်ပျက်စရာပါ။

ဂီတအနုပညာကို ခွဲခြားစိပ်ဖြာနိုင်တဲ့ အတတ်ပညာမျိုး ကျနော့်မှာ မရှိပါဘူး။
ခံစားနားထောင်ရုံ သက်သက်ပါ။
ဘာဘဲဖြစ်ဖြစ်ပေါ့... ...
နိုင်ငံတော်ရဲ့ ပုံရိပ်တစ်ခုလို ဖြစ်နေတဲ့၊ ယဉ်ကျေးမှုအမွေအနှစ်လို့တောင် ပြောလို့ ရနိုင်တဲ့ ဒီသီချင်းလေးကို ရှေးမူမပျက်စေချင်ဘူးဗျာ...

မှားတာက ခေါင်းစဉ်က စ မှားတာ...
သီချင်းခေါင်းစဉ်အမှန်က 'မန်းတောင်ရိပ်ခို' ပါ။
လူတွေ အလွယ်ခေါ်ရင်း အမှန်ထင်နေကြတာက 'မြနန္ဒာ'။

မြနန္ဒာခေါင်းစဉ်နဲ့ နာမည်ကြီးသီချင်းတစ်ပုဒ် သီခြားရှိပါတယ်။
ကျနော် မမှားဘူးဆိုရင် မူရင်းအဆိုတော် ဒေါ်မာမာအေးဖြစ်ပါလိမ့်မယ်... ...
♫ ရက်ရွေးမနေပါနဲ့ ကိုကိုရယ် အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် ♫ မြနန္ဒာ မြနန္ဒာရေညိုသန်းတဲ့ ♫ မန်း... တောင်ရိပ်ခို ♫ ... ဆိုပြီး စာသားပါတဲ့ သီချင်းလေးပါ။

ကဲပါလေ...
ကျနော်တွေ့ခဲ့မိတဲ့ 'မန်းတောင်ရိပ်ခို' သီချင်းစာသား မှားဆိုနေတာလေးတွေ ပြောပြပါရစေ...

============
1. မြလေးရဲ့ နန္ဒာ နန္ဒာ
============
အဲဒီသီချင်းရဲ့ Chorus ပိုဒ်လို့ခေါ်ရမလားဗျာ.. ...
♫ မြနန္ဒာ... ရေညိုညိုရစ်ကာသန်းတဲ့... ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ် ♪
အဲဒီ အပိုဒ်ကို နှစ်ခေါက်ဆိုရပါတယ်။
ပထမအခေါက်ရော ဒုတိယအခေါက်မှာပါ စာသားအတူတူပါ။
အဲဒါကို ဘယ်သူက စတန့်ထွင်ပြီး စဆိုလိုက်လေသလဲ မသိပါဘူးဗျာ....
ဒုတိယအခေါက်လည်းဆိုရော... ...
♫ မြလေးရဲ့ နန္ဒာ နန္ဒာ... ရေညိုညိုရစ်ကာသန်းတဲ့... ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ် ♪
... ဖြစ်ကုန်ရော...

သီချင်းရေးဆရာက ဆရာမြို့မညိမ်းလို့ သိရပါတယ်။
အလွန်တော် အလွန်ကျော်ခဲ့တဲ့ တေးရေးဆရာပါ။
သူ့သီချင်းမှာ အဲဒီစာသားကို လိုအပ်မယ်ဆိုရင် သူကိုယ်တိုင် ဒီသီချင်းကို ရေးတုန်းက 'မြလေးရဲ့ နန္ဒာ နန္ဒာ' လို့ ရေးခဲ့မှာပေါ့။

အနုပညာရှင်တစ်ယောက် နှလုံးသားနဲ့ ရေးခဲ့တာကို ကိုယ်ထင်သလို ကိုယ့်စိတ်ကြိုက် ပြင်ဆင်တာ ဖြည့်စွက်တာမျိုး မလုပ်သင့်ဘူးလို့ ကျနော်တော့ ယူဆပါတယ်။
==========
2.ယဉ်စ ယဉ်စစ နဲ့
==========
နောက်တစ်ပိုဒ်ရှိပါသေးတယ်
သူလည်း နှစ်ခါကြော့ရတဲ့ အပိုဒ်ပါ... ...
♫ ယဉ်စစနဲ့ မြင်လိုက်ရရင် အဝတ်အစားမှာပင် အလွန်တင့်တယ် ♪
အဲဒါလည်း ပထမအကြော့ရော ဒုတိယအကြော့မှာပါ စာသား အတူတူပါပဲ
ဒါကို ဒုတိယအကြော့ဆိုကြတော့.. ...
♫ ယဉ်စ ယဉ်စစ နဲ့ မြင်လိုက်မြင်လိုက်ရရင်... ♪ .... ဖြစ်ကုန်ရော..
ခက်ဘူးလားဗျာ

===============
3. ထွန်းသစ်စ လရောင်ခြယ်
===============
ဆရာမြို့မညိမ်းရဲ့ အတ္ထုပ္ပတ္တိမှာ ဖတ်ကြည့်တော့ မူရင်းစာသားက ဒီလိုပါ...
♫ ထွန်းသစ်စ လရောင်ဝယ် ခိုင်ညှာတံပွင့်လန်း ပန်းသို့နှယ် ♪

အဲဒါကို...
♫ ထွန်းသစ်စ လရောင်ခြယ် ♪ ... ဆိုပြီး လရောင်နဲ့ ခြယ်ထားကြတယ်။

ထွန်းသစ်စ လရောင်အောက်ဝယ် ပန်းလေးပွင့်လာသည့်နှယ်.. လို့ ဆိုလိုရင်း ရှိဟန်ပါ။
ဒါကို လရောင်က မဆီမဆိုင် ခြယ်ထည့်လိုက်တော့ ဘာကိုဆိုလိုမှန်း မသိဘူး ဖြစ်သွားရော...
===============
4. ခင်မင်ရှက်သွေး ကြွမိတယ်
===============
မူရင်စာသားက...
♫ မောင်နှမအရင်းပင် ခင်မင်ချစ်သွေးကြွမိတယ် ♪ .... ဗျ။

ဒါကို မှားဆိုတာက... ..
♫ မောင်နှမအရင်းနှယ် ခင်မင်ရှက်သွေးကြွမိတယ် ♪.... တဲ့။
တေရော...

မောင်နှမအရင်းကို 'နှယ်' တဲ့ အပြင် 'ရှက်သွေး' တောင် ကြွလိုက်သေး။
မောင်နှမအရင်းကဲ့သို့ပင် ခင်မင်စိတ်၊ ချစ်တဲ့စိတ်တွေ နိုးကြွလာတယ်.. လို့ ဆိုလိုဟန် ရှိပုံပါ။
ဒါကို 'နှယ်' ထည့်လိုက်တော့ ဘာကိုဆိုလိုမှန်းမသိ ဖြစ်ရပြန်ရော။
ဒီကြားထဲ မောင်နှမအရင်းလို ခင်မင်တာ ဘာကိစ္စနဲ့ 'ရှက်သွေး' က ကြွလာရတာတုန်း။

===========
5. ဆင်မင်း ပန်းခရေ
===========
ကျနော့်ဦးလေးတစ်ယောက် ရန်ကုန် ဆင်ခြေဖုံးဒေသတစ်ခုမှာ စားသောက်ဆိုင်ဖွင့်တယ်။
ဆိုင်နာမည်က... 'ဆင်မင်းပန်းခရေ' တဲ့။
ဆင်မင်း နဲ့ ပန်းခရေ ဘာမှတော့မဆိုင်ဘူးဗျ
ဒါကို မျက်စေ့နောက်တဲ့ သူ့တူတစ်ယောက်က ဝေဖန်တယ်... ...
"ဦးလေးဆိုင်နာမည်ကလည်း ဆင်မင်းဖြင့် ဆင်မင်း၊ ပန်းခရေဖြင့် ပန်းခရေပေါ့။ ဘယ်နှယ့် ခုတော့ ဆင်က မင်းရတဲ့အထဲ ပန်းက ခရေလိုက်သေး"
... ဆိုတော့ အဲဒီဝေဖန်တဲ့ကောင်ကို ဦးလေးက ထကန်လိုက်ရင်းပြောတယ်... ...
"ခွေးမျိုး၊ င့ါဟာငါ င့ါအတိတ် င့ါနိမိတ်နဲ့ ဗေဒင်ကိန်းခန်းအလိုအရ မှည့်ထားတာကို မင်းက ဘာမသိညာမသိနဲ့ ဝေဖန်နေတယ်၊ ကဲဟာ... ဖုန်း... အမ်မယေးဗျန့်"

ကျနော်လည်း...
တေးရေးဆရာက သူ့ခံစာချက်၊ သူ့နှလုံးသားနဲ့ ရင်းပြီး ရေးခဲ့၊ ဖန်တီးခဲ့တဲ့ အနုပညာပစ္စည်းတစ်ခုကို ဘာမှန်းညာမှန်း မသိဘဲနဲ့ ကိုယ့်စိတ်ကူးနဲ့ကိုယ် လျှောက်မပြင်စေချင်ဘူးဗျာ...
ကျနော့်ဦးလေးလိုများ လုပ်ခွင့်ရှိမယ်ဆိုရင်လေ... ...
ဟင်း... ဟင်း....
သိတယ်မလား

"ကဲဟာ... ဖုန်း... အမ်မယေးဗျန့်"
သန်၎ကို-မူးနေသည်။ (ခေါင်းမူးနေတာ)
https://www.facebook.com/thanlayko
https://www.facebook.com/thanlayko
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။