ဧပြီ၉ ရက်ထုတ် 7Day News Journal မှာ ဆောင်းပါးရှင် သန်းထူးရဲ့ ‘‘နေပြည်တော်မြေကြီးမှာ ငွေတွေသီးနေသော်လည်း’’ ကိုဖတ်ပြီးတဲ့အခါ စာရေးသူရဲ့ အတွေ့အကြုံလေးကို ရေးချင်စိတ်ဖြစ်လာမိပါတယ်။ ဆရာသန်းထူးရဲ့ ဆောင်းပါးမှာ နေပြည်တော် အလျင်လိုကျေးရွာမှာကုမ္ပဏီတွေ၊ MAPCO တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်အထောက်အပံ့တွေလည်းရတဲ့အတွက် စက်မှုလယ်ယာစနစ်စံပြ စပါးစိုက်ခင်းတွေ အဆင်ပြေနေတဲ့အကြောင်းနဲ့ နေပြည်တော်လိုပဲ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့တောင်သူလယ်သမားများ ဆင်းရဲတွင်းမှ လွတ်မြောက်စေဖို့မှန်ကန်သော နည်းဗျူဟာ၊ မူဝါဒများရှိရန် လိုအပ်ကြောင်းကို တင်ပြထားပါတယ်။
စာရေးသူက ရခိုင်ရိုးမ တောင်ခြေမှာရှိတဲ့ မြို့နယ်အ တွက် ရွာမှာကြီးပြင်းခဲ့ပါတယ်။ စာရေးသူတို့ကျေးရွာဟာ ရခိုင် ပြည်နယ်အတွင်းမှာဆိုပေမယ့် ပင်လယ်နဲ့မနီးတဲ့အတွက် ရေလုပ် ငန်းကို အဓိကအားမပြုဘဲ စိုက် ပျိုးရေးကို လုပ်ကိုင်ပါတယ်။ (ချောင်းရှိတဲ့အတွက် တစ်နိုင်တစ် ပိုင်ရေချိုငါးဖမ်းလုပ်ငန်းလောက် တော့ လုပ်ကိုင်ကြပါတယ်။) စာရေးသူတို့ကျေးရွာက တောင် သူလယ်သမားတွေဟာ မိရိုးဖလာ ပဲအဆင်ပြေသလိုစိုက်ပျိုးကြပါ တယ်။ စာရေးသူတို့ဒေသမှာ တစ် ဧကတင်း ၁၀၀ ဆိုတာကိုတောင် မကြားဖူးပါ။ အလွန်ဆုံးထွက်တဲ့ လယ်ဟာ ၈၀၊ ၉၀ ပါပဲ။ စိုက်ပျိုး ရေးနဲ့ပတ်သက်လို့မြေဩဇာ အစ ရှိတဲ့ ဖြည့်စွက်သုံးစွဲတဲ့သူလည်း အင်မတန်နည်းပါတယ်။ စာရေး သူဆယ်တန်းအောင်တဲ့အချိန်မှာ လယ်ယာကိုင်းကျွန်းတွေရှိတဲ့လူ လတ်ပိုင်းလုပ်ငန်းရှင်တစ်ယောက် ကို အကြံပေးကြည့်ပါတယ်။ သူ့ရဲ့ လယ်တွေ၊ ကိုင်းတွေကို စနစ် တကျစိုက်ပျိုးဖို့။ သူကလည်း လူ လတ်ပိုင်းဆိုတော့ စာရေးသူပြော တာကို လက်ခံပါတယ်။ အတိုချုပ် ပြောရရင် စာရေးသူနဲ့ အဲဒီလုပ် ငန်းရှင်တို့ မြန်မာပြည်ရဲ့ နာမည် ကြီးစိုက်ပျိုးရေးလုပ်ငန်းစု ကုမ္ပဏီ တစ်ခုရဲ့ ရုံးခွဲမှာသွားရောက်ဆွေး နွေးပြီး လမ်းညွှန်ချက်နဲ့အညီ စံပြ စိုက်ခင်းတည်ထောင်နိုင်ခဲ့ပါ တယ်။ သူများတွေထက် အထွက် တိုးတဲ့အခါ အသီးအနှံတွေရတဲ့ အခါ ပတ်ဝန်းကျင်ကသူတွေက စိတ်ဝင်စားကြပါတယ်။ အဲဒီ အချိန်မှ စာရေးသူရဲ့အကြံက စပါ တယ်။ စာရေးသူက အဲဒီလူငယ် လုပ်ငန်းရှင်ကို မြေသြဇာ၊ ရွက် ဖျန်းအစရှိတဲ့ ကုမ္ပဏီရဲ့ စိုက်ပျိုး ရေးဆေးပစ္စည်းတွေကို အရောင်း ကိုယ်စားလှယ်အဖြစ် လုပ်ခိုင်းပါ တယ်။ အခုဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စာရေးသူတို့မြို့အတိုင်းအတာနဲ့ ဆိုရင် လူချမ်းသာစာရင်းဝင်နေပါ ပြီ။
စာရေးသူပြောချင်တာက ရည်ရွယ်ချက် မှန်ကန်ဖို့လိုပါ တယ်။ စာရေးသူကိုယ်တိုင်ရည် ရွယ်ချက်မှားခဲ့ပါတယ်။ လယ် ယာ၊ ကိုင်းကျွန်းတွေ အထွက်တိုး အောင်မြင်စေချင်တာ ထက်စိုက် ပျိုးရေးဆေးပစ္စည်းတွေရောင်း အားကောင်းဖို့အတွက် စံပြစိုက် ခင်းတည်ထောင်ခဲ့တာပါ။ စနစ် တကျစိုက်ပျိုးရင် အထွက်တိုးမှာ တော့သေချာပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်နဲ့ ပြန်လည်ရရှိမယ့် အကျိုးအမြတ်ရနိုင်၊ မရနိုင်ဆိုတာ တော့ ကျိန်းသေပေါက်မပြောနိုင် ပါဘူး။
စာရေးသူအကြံပေးခဲ့သူက စိုက်ပျိုးရေးလုပ်ငန်းက အကျိုး အမြတ်ကိုထည့်မစဉ်းစားဘဲ ဆေး ပစ္စည်းရောင်းရတဲ့အကျိုးအမြတ် ကိုပဲ စဉ်းစားတဲ့အတွက် အဆင် ပြေပါတယ်။
ဒါပေမဲ့ ကျန်တဲ့တောင်သူ တွေဟာ ထင်သလောက်အဆင် မပြေကြပါဘူး။ မျိုးစပါး၊ ဆေးဖိုး၊ စိုက်စရိတ်တွေနဲ့ လုံးချာပတ်ချာ လည်နေပါတယ်။ နေပြည်တော် က စက်မှုလယ်ယာ စံပြစိုက်ခင်း တွေလည်း ရည်ရွယ်ချက်မှန်ကုန် ဖို့ အထွက်နှုန်း၊ ကုန်ကျစရိတ်နဲ့ ပြန်ရနိုင်မယ့် အနေအထားတွေ ဟာ အကျိုးအမြတ်တကယ်ရှိ၊ မရှိ စတာတွေကို စနစ်တကျသုံး သပ်ကြည့်ဖို့လိုပါတယ်။
စာရေးသူက အဏ္ဏဝါသိပ္ပံနဲ့ ကျောင်းပြီးတော့ မအူပင်မြို့နယ် ထဲက ညောင်တုန်းကျွန်းမှာရှိတဲ့ မွေးမြူရေး လုပ်ငန်းတစ်ခုမှာ အ လုပ်လုပ်ပါတယ်။ အဲဒီနေရာဟာ တကယ့်ရေနက်ကွင်းကြီးပါ။ ဒုတိယအင်းလေးလို့ ခေါ်နိုင်အောင် တစ်နေရာနဲ့ တစ်နေရာသွားဖို့ ဖိနပ်မလိုဘဲ လှေပဲလိုပါတယ်။ လှေကို ခြေထောက်နဲ့ မလှော်တာကလွဲရင် အားလုံးက အင်းလေးဒေသလိုပါပဲ။ အဲဒီရေနက်ကွင်းကြီးထဲမှာ ‘‘ရေနက်ကွင်း ရတနာမြေဖော်ထုတ်ရေး စီမံကိန်း’’ဆိုပြီးတော့ မွေးမြူရေး လုပ်ငန်းတွေအပြင်၊ စိုက်ပျိုးရေး လုပ်ငန်းတွေလည်း လုပ်ကြပါတယ်။ အဲဒီမှာရှိတဲ့ အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေကို စာရေးသူမှတ်မိသလောက် ပြောရရင် ဦးပိုင်၊ ပြည်ခိုင်ဖြိုး၊ စစ်မှုထမ်းဟောင်း၊ လေကြောင်းရန် ကာကွယ်ရေး၊ Myanmar BillionGroup (ကမ္ဘောဇရဲ့ လုပ်ငန်းခွဲတစ်ခုပါ)၊ ဝါဝါဝင်း၊ ရွှေနဂါးမင်း (လက်ရှိ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ပိုင်တဲ့ ကုမ္ပဏီပါ)၊ မင်းဇာနည် စတဲ့ တကယ့်ထိတ်ထိတ်ကြဲ အဖွဲ့ အစည်းတွေ၊ ကုမ္ပဏီတွေကြီးပါ ပဲ။ ဒါ့အပြင် ပုဂ္ဂလိကပိုင်လုပ်ငန်း တချို့ဟာ တစ်ချိန်က မွေး/ရေ ဝန်ကြီး ဦးမောင်မောင်သိမ်းရဲ့ သားဖြစ်တဲ့ ကိုပေါက်နဲ့ ဆက်စပ် နေတယ်လို့လည်း ကြားရပါတယ်။
အဲဒီလို စပါးစိုက်ပျိုးဖို့ အ ဆင်မပြေတဲ့ ရေနက်ကွင်းကြီးမှာ ဘာကြောင့် စပါးစိုက်တာ၊ ငါးမွေးတာတွေ လုပ်နေကြတာလဲ။ စာရေးသူလည်း ပထမတော့ နားမလည်နိုင်ပါ။ နောက်ပိုင်းမှ သိလာတာက ဦးပိုင်တို့လို၊ ပြည်ခိုင်ဖြိုးတို့လို အဖွဲ့အစည်းတွေက ဒေသတွင်းပြည်သူတွေဆီကသူတို့ပုံရိပ်တည်ဆောက်နိုင်အောင် လုပ်နေကြတာပါ။ သူတို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေရကြတယ်ဆိုတဲ့ ခေါင်းစဉ်တပ်နိုင်ဖို့ပါ။ စီးပွားရေးအရ အကျိုးအမြတ်ရဖို့ တကယ်ကို မလွယ်တဲ့နေရာပါ။ မွေးမြူရေးလုပ်ငန်းလုပ်တော့မယ်ဆိုရင် လုပ်ကိုင်မယ့်ဒေသရဲ့ ရေမြေ အနေအထား၊ ရာသီဥတုအပါ အဝင် ထုတ်ကုန်ကို သယ်ယူပို့ ဆောင်ရေးအနေအထားအစရှိတဲ့ အချက်အလက်တွေကို ထည့် သွင်းစဉ်းစားပြီးတော့ စီးပွားရေး အရ အကျိုးအမြတ်ရှိနိုင်၊ မရှိနိုင် ကို တွက်ချက်ကြရပါတယ်။ ထွက် နှုန်းကောင်းတဲ့ မွေးမြူရေးလုပ် ငန်းတစ်ခုဖြစ်အောင် နည်းပညာ တွေနဲ့ ဖန်တီးလို့ရပါတယ်။ ဒါပေ မဲ့ စီးပွားရေးအရ တွက်ချေကိုက်၊ မကိုက်ဆိုတာကတော့ မသေချာ ပါ။ အဲဒီလို အခြေခံအချက်အ လက်တွေအရ စာရေးသူပြောတဲ့ ရေနက်ကွင်းဒေသဟာ စီးပွားရေး အရ တွက်ခြေမကိုက်ပါ။ Myan-mar Billion Group တို့လို ကုမ္ပဏီတွေကတော့ ဒေသခံတွေကို ပြန်အငှားချထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီမြေတွေကို သူတို့တွေ ဘယ်သူတွေက ပိုင်ဆိုင်ပြီး သူတို့တွေဘယ်လိုရရှိခဲ့တာကိုတော့ စာရေးသူလည်း မသိခဲ့ရပါ။
အဓိကပြောချင်တာက လုပ် ငန်းတစ်ခုကို အကောင်အထည် ဖော်ထားတာ မြင်နေရပေမယ့်၊ အောင်မြင်နေတယ်လို့ ထင်နေရပေမယ့် နောက်ကွယ်က အ ကြောင်းတရားတွေကို ဆန်းစစ် ကြည့်ဖို့ လိုပါလိမ့်မယ်။ ရည်ရွယ် ချက် မှန်ကန်ဖို့လိုပါတယ်။ ဒေသ ခံတွေအတွက် တကယ်အကျိုး မြတ်ရှိလား၊ မရှိလားဆိုတာတွေ ကို စနစ်တကျ ဆောင်ရွက်ဖို့ လိုပါ လိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ အိမ်တွင်းလျှပ်စစ်မီးသွယ်တန်း ထားသလို အပြင်ကကြည့်လိုက် ရင်တော့ သေသေသပ်သပ်လေး ကြည့်လို့ကောင်းနေပေမယ့် အတွင်းထဲမှာ ဝိုင်ယာကြိုးတွေက ရှုပ်ယှက်ခတ်ပြီးတော့ ဘာတွေဘယ်လိုဆက်ထားမှန်းမသိဘဲ ဝိုင်ယာရှော့ဖြစ်တော့မှ အမှားတွေရှိမှန်းသိရသလိုမျိုးဖြစ်တတ်ပါတယ်။
ဒါကြောင့် နေပြည်တော်မြေ ကြီးမှာ ငွေတွေသီးနေတာကိုလည်း အတွင်းထဲအထိမြင်အောင် ကြည့်ဖို့လိုမှာဖြစ်သလို မြန်မာ ပြည်က မြေကြီးတွေရော ငွေတွေ သီးနိုင်မလားဆိုတာကိုတော့.. ။
Author:
http://7daydaily.com/story/9367#.U1pup-N_uz5
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။