လရောင်ကိုချစ်မိသွားသော ပန်းနေကြာ
___________________________
___________________________
လောကဓံတရား၏ ဖန်တီးမှုကြောင့် နေကြာပန်းတစ်ပွင့်၏ ဘဝသည် နေရောင်ခြည်ကိုသာ ကိုးကွယ်အားထားရာ၏။ မွေးဖွားလာကတည်းက သေတစ်ပန် သက်တစ်ဆုံး အပိုလိုနတ်သား၏အပါးတော် ဖြစ်ခဲ့ရသည်။ နွေးထွေးသော နေရောင်ခြည်၏ ပိုက်ထွေးမှုရှိမှသာ သူတို့လေးတွေ အသက်ဆက် ရှင်သန်နိုင်ကြရသည် မဟုတ်ပါလား...!
ညသည် ချမ်းအေးတိတ်ဆိတ်ပြီး အထီးကျန်လွန်းလှသည်။ ညအချိန်ရောက်သည်နှင့် နေကြာပန်းကလေးများသည် ကိုယ်ကိုကျုံ့၍ ခေါင်းကို အမြန်ဆုံးငုံ့ထားကြရသည်။ သို့မဟုတ်လျှင် အေးခဲပြီးသေဆုံးကုန်ကြရမည်ဟု အသက်ကြီးသူများက သတိပေးထားသောကြောင့်ဖြစ်သည်။ နေကြာပန်းအများစုက အသက်ကြီးသူများ၏ ဆိုဆုံးမမှုကို လိုက်နာကြသည်။ အေးခဲပြီး သေဆုံးသွားတတ်သည်ဆိုသော ကျိန်စာကို ယုံကြည်ကြသည်။ ယုံကြည်မှု မရှိကြသော ပန်းအနည်းစုက လျှို့ဝှက်မှုဖြင့် ပြည့်နေသောညကို စူးစမ်းချင်ကြသည်။ သို့သော် တိတ်တဆိတ် ခေါင်းအမော့တွင် အေးစက်သောည၏ အထိအတွေ့ကြောင့် ခေါင်းကို ချက်ချင်းပြန်ငုံ့ပစ်ကြရသည်။
သို့သော်.. တခြား နေကြာပန်းနှင့်မတူသော နေကြာပန်းလေးတစ်ပွင့် ဖူးပွင့်လာခဲ့သည်။ သူ ငယ်ငယ်လေးကတည်းက ထိုကျိန်စာကို ကြားဖူးနေ၍ စည်းကမ်းအတိုင်း တသွေမတိမ်းလိုက်နာခဲ့သည်။ တစ်ခါတရံ တခြားသက်ကြီးပန်းများက အေးစက်သောညသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ခြိမ်းခြောက်တတ်ကြသည်။ နေ့တိုင်း နေမင်းကြီးကို ကိုးကွယ်ပူဇော်နေကြသော နေကြာပန်းများကို ကြည့်ပြီး သူစိတ်ပျက်ခဲ့ဖူးသည်။
မနက်တိုင်း နွေးထွေးသော နေရောင်ခြည်၏ ထွေးပိုက်မှုကို ခံရသော်လည်း သေခြင်းတရားကို မည်သူမျှ မလွန်ဆန်နိုင်သကဲ့သို့ နောက်ဆုံးတွင် ညှိုးနွမ်းသေဆုံးကြရမည်ပင်။ နေရောင်ခြည်ကိုသာ တစ်သက်လုံး ကိုးကွယ်ခဲ့သော အဘိုးသေဆုံးသွားသည်မှာ သူ့ မျက်မြင်ဖြစ်ခဲ့သည်။
သို့သော် နေရောင်ခြည်ကိုအားကိုး၍ နေကြာပန်းများက ဖူးပွင့်ကြဆဲ... ရှင်သန်ကြဆဲ.. ယုံကြည်ကိုးကွယ်ကြဆဲ...။
အဘိုးမဆုံးခင်က အဘိုး၏မျက်စိထဲတွင် နောင်တ တရားများကိုတွေ့ဖူးသော သူ့အဖို့ ထိုယုံကြည်မှုများက လေးနက်မှုမရှိခဲ့။
သူ တဖြေးဖြေး ကြီးပြင်းလာခဲ့သည်။ ညတိုင်း မိခင်၏ထွေးပိုက်မှုကို မလိုတော့။ တခြား နေကြာပန်းလေးများလိုပင် ပထမဦးဆုံး အမေ့ရင်ခွင်ကို ခွဲသောနေ့တွင် ည၏ရောက်ရှိလာမှုကို ရင်ခုန်စွာ သူစောင့်စားနေခဲ့သည်။ နွမ်းနယ်နေသော်လည်း ထိုညတွင် အိပ်မပျော်အောင် သူကြိုးစားခဲ့သည်။ တကယ်တော့ ညသည် အများပြောသလို ကြောက်စရာမကောင်းနိုင်ဟု သူတွေးထင်နေခဲ့သည်။
စူးရှသောနေ၏ အလင်းလိုမဟုတ် အေးချမ်းသောည၏ အလင်းသည် ညကို ပိုအသက်ဝင်စေခဲ့သည်။ တခြား နေကြာပန်းလေးများကို သူချောင်းကြည့်လိုက်တော့ အားလုံးက ခေါင်းလေးကိုငုံ့ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ကြသည်။
ပန်းများအကြားတွင် သူသည် သူရဲကောင်းလုပ်ချင်လို၍ မဟုတ်။ အေးခဲပြီး သေဆုံးသွားပါစေ ဘဝတွင် တစ်ခါမျှ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသော ပန်းလေးတစ်ပွင့်အဖြစ် သူနေသွားချင်မိသည်။ ဒုတိယညတွင် ခေါင်းကိုမော့ ကိုယ်ကိုထောင်မတ်ပြီး ည၏ အလင်း၊ ည၏ လျှို့ဝှက်ချက်တွေကို မျက်ဝါးထင်းထင်း ကြည့်ဦးမည်ဟု မျက်လွှာကိုချ၊ ကိုယ်ကိုကိုင်းညွှတ်ပြီး ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုကို သူချလိုက်သည်။
+++++++++++++++ ++++++++++++++++
ညက ချည်းနင်းဝင်ရောက်လာပြန်သည်။ သူငယ်ချင်းများက ငယ်ရွယ်သေးသောသူ့ကို အသက်နှင့်အပျော်မစမ်းရန် ၀ိုင်းတားကြသည်။ သူ၏ သံမဏိလိုခိုင်မာသော ဆုံးဖြတ်ချက်ကို မည်သူမျှ မတားနိုင်ခဲ့ပေ။ တားမရသည့်အဆုံး သူငယ်ချင်းများက လက်လျှော့ပြီး အသီးသီး ခေါင်းငုံ့သွားကြသည်။ မိခင်က မျက်ရည်အဝဲသားနှင့် စောင့်ကြည့်နေသည်။ ဖခင်က စိတ်မသက်မသာဖြင့် ခေါင်းကို သွင်သွင်ခါနေသည်။ ညသည် တိတ်ဆိတ်သွားပြန်သည်။
အေးစက်ငြိမ်သက်နေသော ကောင်းကင်ယံတွင် ကြယ်လေးတွေက တစ်ပွင့်စ နှစ်ပွင့်စ... သူ ကိုယ့်ကိုယ်ကို ထောင်မတ်လိုက်ပြီး နေ့လယ်က ပုံစံအတိုင်း ပွင့်ဖတ်များကို ပြန့်ကားပြီး ရပ်နေလိုက်သည်။ ကိုယ်ကို တစ်ချက်မှမတွန့်ဘဲ အရိုးထိအောင် အေးစိမ့်နေသော အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း ည၏ အလင်းတန်းထွက်ရှိလာရာနေရာကို သိနိုင်အောင် ကြိုးစားနေမိသည်။
မြူနှင်းများဖြင့် ပိန်းပိတ်မှောင်သော ည၊ အရိုးကွဲမတတ် ချမ်းအေးလှသော ည၊ တဖြူးဖြူး တိုက်နေသော လေစိမ်းများက သူအား ကလူကျီစယ်နေသေးသည်။ ည၏ အလင်းတန်း အစအနကို သူ မမြင်ရသေး။ သူ့တစ်ကိုယ်လုံး အေးခဲစပြုလာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ပြီး ဘာသံမှ မကြားရတော့...
“ချမ်းလိုက်တာ... ဘာလို့ ဒီလောက်တောင် ချမ်းရတာလဲ”
ဒါပေမဲ့ ကိုယ်ကို နည်းနည်းလေးမှကျုံ့လိုက်ဖို့ သူ မစဉ်းစားခဲ့။
မမျှော်လင့်ဘဲ ပိန်းမှောင်နေသော မြူနှင်းများ၏နောက်တွင် အဖြူရောင်အလင်းတန်းတစ်ခုကို သူတွေ့လိုက်မိသည်။ မျက်လုံးများကို သူ အားယူဖွင့်ကြည့်လိုက်သည်။ ကိုယ့်မျက်စိကို ကိုယ်မယုံကြည်နိုင်လောက်အောင် မျက်တောင်များကို ပုတ်ခတ်ရင်း အလင်းတန်းကို သူသေချာကြည့်လိုက်မိသည့် အချိန်မှာတော့ ဝိုင်းဝန်းတောက်ပသော လသည် သူ့ရှေ့တွင် တရွေ့ရွေ့တက်လာနေခဲ့သည်။
“အိုး.... ဘုရားရေ”
သူ ခဏတာမင်သက်သွားသည်။ နေ၏စူးရှသောရောင်ခြည်မှလွဲ၍ အလင်းတွင် တခြားအရောင်ရှိသေးသည်ဟု သူထင်မထားမိခဲ့။ သူ့မျက်စိရှေ့က လတွင် မယုံကြည်နိုင်အောင် လှပသော ငွေရောင်အလင်းတန်းများ ပါရှိနေသည်ကို မျက်ဝါးထင်းထင်း သူတွေ့မြင်နေရပြီဖြစ်သည်။
တလက်လက် တောက်ပနေသော ထိုငွေရောင် အလင်းတန်းများက သူ့တစ်ကိုယ်လုံးကို ထွေးပွေ့လွှမ်းခြုံထားသည်။ အလင်း၏ အင်အားတစ်ခုက သူ့နှလုံးသားကို အိပ်မွေ့ချ ညို့ယူနေသကဲ့သို့ သူခံစားမိသည်။ တခဏအတွင်း သူ့ဝိညာဉ်များ ပျံ့လွှင့်ကုန်ပြီး အေးချမ်းသောလရောင်တွင် သူ ပျော်ဝင်သွားခဲ့သည်။ နောက်ဆုံးတွင် သူ ဘာကိုမျှ မသိတော့... တစ်ကိုယ်လုံး ပျော့ခွေအေးခဲပြီး သူ လဲကျသွားတော့သည်။
++++++++++++++++++++++++++++++++
နောက်တစ်နေ့မနက်တွင် နေကြာပန်းလေးများ အသီးသီး နိုးထလာကြသည်။ နှင်းများဖြင့်အေးခဲနေသော သူ့ကို တွေ့ရှိသွားကြသည်။ နေရောင်ခြည်အောက်တွင် သူ၏ ပွင့်ဖတ်များသည် နဂိုအတိုင်း ရွှေဝါရောင်သန်းလျှက်... တခြား နေကြာပန်းများ၏ ပွင့်ဖတ်များထက်ပင် ပိုလန်းဆန်း တောက်ပနေသည်။ ပိုထူးခြားသည်က သူ့ကိုယ်ပေါ်တွင် ငွေရောင်အလင်းတန်းများ တဖိတ်ဖိတ် တောက်ပနေခြင်းပင်ဖြစ်သည်။
နှင်းများဖြင့်အေးခဲနေသော သူ့မျက်နှာပြင်တွင် မိမိကိုယ်ကိုယ်ယုံကြည်သော၊ အားရကျေနပ်သော အပြုံးတစ်ခု။ သူ မညှိုးနွမ်း မသေဆုံး သွားနိုင်တော့... နေ့ ရောင်ခြည်ကိုလည်းကောင်း၊ ည ရောင်ခြည်ကိုလည်းကောင်း ခံယူရင်း ပွင့်ဖတ်များ၏လှပမှုကို သူဆက်ထိန်းထားနိုင်ခဲ့သည်။
ရွှေဝါရောင် ပွင့်ဖတ်များထဲတွင် မိမိကိုယ်ကို ယုံကြည်မှုနှင့် နွေးထွေးသောမေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် လရောင်ကို ချစ်မိသွားသော နေကြာပန်းလေးတစ်ပွင့်ပင်ဖြစ်သည်။
(စာတွေစရေးစမှာ ပထမဦးဆုံး ဘာသာပြန်ခဲ့တဲ့ စာတစ်ပုဒ်ပါ.. အရမ်းကြိုက်ခဲ့သလို အကြိမ်ကြိမ်ပြန်ဖတ်တိုင်းလည်း ကြိုက်နေဆဲ စာတစ်ပုဒ်ပါ... မျှဝေပါတယ်။)
နိုင်းနိုင်းစနေ (Tuesday, November 13, 2007)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။