Science Facts - Myanmar added 2 new photos.
အချိန်ကို တကယ် ချုံ့ပစ်လို့ရရဲ့လား။ ဒီကိစ္စကို အိုင်းစတိုင်း ဘယ်လိုစဉ်းစားခဲ့လဲ။
“နယူတန်လို အိုင်းစတိုင်းလိုလူရဲ့ ညဏ်ပါရမီဟာ မေးခွန်းက ခပ်ရှင်းရှင်း ခပ်ရိုးရိုး နဲ့ အရမ်းကို ကလေးဆန်ကြပေမယ့် အဖြေတွေကျတော့ အကြီးအကျယ် ချောက်ချားစေတတ်ပါတယ်။”
အိုင်းစတိုင်းဟာလည်း မေးခွန်းရိုးလေးတွေ ကလေးဆန်တဲ့ မေးခွန်းလေးတွေ မေးတတ်ပါတယ်။ အလင်းတန်းတစ်ခုကို မှီအောင်လိုက်နိုင်ခဲ့ရင် အလင်းတန်းဟာ ဘယ်လိုများဖြစ်သွားမလဲပေါ့။ အတင်းခုတ်မောင်းနေတဲ့ ရထားတစ်စီးကို ကားတစ်စီးနဲ့ မှီအောင် လိုက်လို့၊ မှီသွားတဲ့အခါ ရထားထဲကို ချောင်းကြည့်ရင် ရထားကော၊ ရထားထဲက လူတွေရောဟာ ရွေ့မနေကြဘူးလို့ ကျွန်တော်တို့ တွေ့ရတယ်။
အိုင်းစတိုင်းလည်း ကလေးလေးလိုတွေးပြီး အလင်းတန်းတစ်ခုနောက်ကို မှီအောင် လိုက်တဲ့အခါ အဲ့ဒီ အလင်းတန်းမရွေ့ဘူးလို့ တွေ့ရမှာပဲလို့ ထင်ခဲ့တယ်။
“အလျင် (c) ရှိတဲ့ အလင်းတန်းကိုငါမှီရင်…… ဒီအလင်းတန်းနားကို ကပ်နေတဲ့ သံလိုက်စက်ကွင်း ကို တွေ့ရမှာပဲလို့ ငါထင်ခဲ့တာ” ဒါပေမယ့် စမ်းသပ်မှုတွေအရကော မက်စ်ဝဲ(Maxwell) ရဲ့ အီကွေးရှင်းတွေအရရော မရွေ့တဲ့ အလင်းတန်းဆိုတာ မရှိဘူး။
မက်စ်ဝဲ ရဲ့ အီကွေးရှင်းအရသာဆိုရင် မရွေ့တဲ့ ခဲနေတဲ့ လှိုင်းဆိုတာမရှိ(အလင်းဆိုတာလဲ လှိုင်းပါပဲ)။ အလင်းတန်းကို ဘယ်လိုပဲ မှီအောင် လိုက်လိုက် အလင်းဟာ အလျင် (c) နဲ့ သာ တစ်သတ်မတ်တည်းသွားတယ်။ “The speed of light is the same as all constantly moving frames.”
ဒီဖော်ထုတ်ချက်ဟာ အိုင်းစတိုင်းအတွက် တော်တော်ကို အကျပ်ရိုက်သွားစေပါတယ်။ ခုနကပြောတဲ့ ရထားကို မှီအောင်လိုက်တဲ့ ကားဥပမာကို ကျွန်တော်တို့ ပြန်စဉ်းစားကြည့်ရအောင်။ လမ်းဘေးကလူတစ်ယောက်က ကျွန်တော်တို့ကို ရပ်ပြီး ကြည့်နေတယ်။ ကားရဲ့ နှုန်းဟာ တစ်နာရီကို ၉၉ မိုင်ပေါ့။ ရထားကတော့ တစ်နာရီမှာ မိုင် ၁၀၀ ပါပဲလို့ သူကမှတ်ထားတယ်။ ကားထဲက ကျွန်တော်တို့ကတော့ ရထားဟာ ကျွန်တော်တို့ထက် ၁ နာရီ ၁ မိုင် နှုန်းနဲ့ မြန်မြန်ခုတ်နေတယ်လို့ပဲ မှတ်တယ်။ (အလျင်တွေကို ပေါင်းလို့ နှုတ်လို့ရတယ်။)
ရထားကို အလင်းအလျင်နဲ့ အစားထိုးကြည့်ရအောင်။ အလင်းရဲ့ သွားနှုန်းကိုတော့ ၁ နာရီ ၁၀၀ မိုင်ပဲလို့ ထားကြည့်ပါ။ လမ်းဘေးက လူက ကားဟာ ၁ နာရီ ၉၉ မိုင်နှုန်းနဲ့ ၁ နာရီ မိုင် ၁၀၀ ပြေးနေတဲ့ အလင်းနောက်ကို လိုက်နေတယ်လို့ပဲ မှတ်တယ်။ ကားထဲက ကျွန်တော်တို့ကတော့ (ဒီတစ်ခါမှာ ရထားမဟုတ်ပဲ အလင်းတန်းနောက်ကို လိုက်တဲ့အတွက် Relativity Theory အရ အလင်းဟာ ကျွန်တော်တို့ထင် ၁ နာရီ ၁ မိုင်သွားတာမဟုတ်တော့ပဲ ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ သွားနေတာပဲဖြစ်တော့မယ်။ အလင်းဟာ ဘယ်လို Frame မှာနေနေ အလျင်အတူတူပဲ မဟုတ်လား။ ကျွန်တော်တို့ဟာ မရွေ့ပဲ နားနေသလိုပါပဲ။ အလင်းတန်းကို မှီအောင် လိုက်မယ်ဆိုပြီး ၁ နာရီ ၉၉.၉၉၉၉၉၉ မိုင်နှုန်းမောင်းလည်း အလင်းတန်းဟာ ကျွန်တော်တို့ ရှေ့မှာ ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ ပြေးနေတာပါပဲ။)
(၁) ကျွန်တော်တို့ဟာ အလင်းကို ဘယ်တော့မှ လိုက်မမှီဘူး။
(၂) အလင်းဟာ ကျွန်တော်တို့ ဘယ်လိုပဲ မှီအောင် လိုက်လိုက် ကျွန်တော်တို့ မရွေ့ပဲ နားနေသလိုမျိုး ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ပဲ အရှေ့ကပြေးတယ်။
(၂) အလင်းဟာ ကျွန်တော်တို့ ဘယ်လိုပဲ မှီအောင် လိုက်လိုက် ကျွန်တော်တို့ မရွေ့ပဲ နားနေသလိုမျိုး ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ပဲ အရှေ့ကပြေးတယ်။
ပြသနာက စပါပြီ။ ပြေးနေတဲ့ ကားပေါ်ကလူနဲ့ ဘေးက ရပ်ကြည့်နေတဲ့ လူနဲ့ ဒီ ၂ ယောက်မှာ အလင်းတန်းရဲ့ အလျင်ကို ဘယ်လိုလုပ်ပြီး တူတူမတွေ့ရတာတုန်း။ နေပါဦး.. မဖြစ်နိုင်ပါဘူး။ သဘာဝက ပြက်လုံးထုတ်လိုက်တာလား။
ဒီပြသနာကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ ဒီနည်း ဒီအဖြေကို စဉ်းစားမိတုန်းက အိုင်းစတိုင်းဆို တုန်တုန်ယင်ယင် တောင် ဖြစ်သွားပါသတဲ့။ အိုင်းစတိုင်း စဉ်းစားမိလိုက်တဲ့ အဖြေဟာ “ကားထဲက ကျွန်တော်တို့အတွက် အချိန်ဟာ နှေးသွားလို့”။
ကားထဲက ကျွန်တော်တို့အတွက်တော့ အချိန်နှေးသွားမှန်း သတိမထားမိကြပါ။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကလဲ နှေးကွေးသွားတယ်လို့ မထင်ပါ။ ကျွန်တော်တို့ကို ဘေးကကြည့်နေတဲ့လူတစ်ယောက်ကတော့ ကားထဲက ကျွန်တော်တို့ဟာ အလွန် နှေးကွေးစွာ လှုပ်ရှားနေတာကို တွေ့ရပါလိမ့်မယ်။ ကားကြီးရဲ့ အလျားဟာ တိုသွား၊ ကားဟာ အကော်ဒီယံလို ရှုံ့သွားတာကိုလဲ သူက တွေ့ရမယ်။ ကားထဲကျွန်တော်တို့ကတော့ အဲ့သလို ကားကြီး ရှုံ့သွားတာကို မသိပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာလည်း ရှုံ့သွား တိုသွားတာမို့လို့ပါ။
ဒီနောက်ပိုင်းမှာ အိုင်းစတိုင်း ပြောလိုက်တာက သင်ဟာ မြန်မြန်သွားလေ၊ အချိန်ကို ပိုမို နှေးကွေးစွာ ဖြတ်လေ(The faster you move through space, the slower you move through time) ပါတဲ့။ ကဲ………. ခင်ဗျားတို့ကော အယ်လ်ဘတ် အိုင်းစတိုင်း နဲ့ သဘောတူပါသလား။ ကိုယ်ပိုင် အခြားအတွေးအမြင်လေးများရှိပါသလား။ ဘာလို့လဲ ဆိုတော့ ဒီအချက်ဟာ သီအိုရီ များအရ သာ မှန်ကန်နေတာတွေ့ရပြီး ဘယ်သူ ဘယ်အရာဝတ္ထုကမှ အလင်းအလျင်နီးပါးသွားပြီးတော့ အချိန်ကို ချုံ့ပြမထားသေးပါဘူး။
<Science Facts - Myanmar>
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။