Aung Ko U with Ganst Michael and 9 others
မြန်မာ့နိုင်ငံရေး နဲ့ ပရီးမီးယားလိဂ်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာမျိုးချစ်ခေါင်းဆောင်ကြီးများရဲ့ ကြိုးစားမှုကြောင့် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄-ရက်နေ့မှာ ရရှိခဲ့တဲ့ လွပ်လပ်ရေးဟာ ဒီနေ့ဆိုရင် (၆၆) နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ကျွန်တော်တို့ တစ်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား စတဲ့ ခေါင်းစဉ်အမျိုးမျိုးကို ပြောဆို ဆွေးနွေးကြတိုင်း လက်ရှိအခြေအနေမှာ ကမ္ဘာမှာ “မြန်မာကွ” လို့ လက်မ မထောင်နိုင်တာလည်း ကြာခဲ့ပါပြီ။ ဘာကိစ္စပဲ ဖြစ်ဖြစ် အတိတ်သမိုင်းကိုပဲ တူးဆွပြီး နောက်ကြောင်းပြန် ပြောနေရာတာလည်း အချိန်တွေ တော်တော်ကြာနေပါပြီ။ ဒီလိုပြောလို့ သမိုင်းကို တန်ဖိုးမထားတတ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အတိတ်သမိုင်း ဆိုတာ ဘယ်တော့မှ မေ့ပစ်လို့ မရပါဘူး၊ ဂုဏ်ယူစရာရှိရင် အမြဲတမ်း ဂုဏ်ယူနေရမှာ ဖြစ်သလို၊ သင်ခန်းစာယူစရာ ရှိရင်လည်း သင်ခန်းစာယူရမှာပါ။ ဒါပေမယ့် လောကကြီးမှာ ဒီကနေ့အချိန် ပစ္စပ္ပန်ဟာ အားလုံးနဲ့ တိုက်ရိုက်သက်ဆိုင် နေပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ အတိတ်သမိုင်းမှာ ကြီးမြတ်ခဲ့ကြပေမယ့် ပစ္စုပ္ပန်မှာတော့ ဘယ်အခြေအနေလဲဆိုတာ မြန်မာနိုင်ငံသားတိုင်း သိကြပါတယ်။
စာရေးသူက လူငယ်တစ်ယောက်ဆိုတော့ လူငယ်တစ်ယောက် အမြင်နဲ့ ပြောရရင် ကျွန်တော်တို့ မြန်မာပြည်ကြီးဟာ ပရီးမီးယားလိဂ် က လီဗာပူးအသင်း နဲ့ တူနေသလိုပဲ၊ လီဗာပူးအသင်းဟာ တစ်ခေတ်၊ တစ်ခါက အင်္ဂလန်မြေမှာ အလွန် အောင်မြင်ခဲ့တဲ့ အသင်းတစ်သင်းပါ၊ လီဗာပူး အားပေးတဲ့သူတွေဟာ အသင်းတိုင်းကို အတိတ်သမိုင်းကိုပဲ ဂုဏ်ယူပြောဆိုနေကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လီဗာပူးရဲ့ အောင်မြင်မှုတွေကို မန်ယူက ကျော်တက်သွားခဲ့သလို မန်စီတီး၊ ချယ်ဆီး၊ အာဆင်နယ်၊ စပါး စတဲ့ အသင်းတွေရဲ့ တိုးတက်မှုကလည်း သူ့ကို ကျော်လွန်လာနေပါပြီ။ တစ်ခါတစ်လေမှာ မြို့ခံပြိုင်ဘက် အဲဗာတန်ရဲ့ ရင်ဘောင်တန်း လိုက်နေတာကိုတောင် မြင်တွေ့နေရပါတယ်။ တစ်ချိန်က လီဗာပူးဟာ ဘာကြီးပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အခုဖြစ်နေတဲ့ လီဗာပူးရဲ့ အခြေအနေကိုပဲ ကြည့်ရမှာပါ။ ထို့အတူပဲ မနှစ်ကအထိ ဖာဂူဆန်ကြီးရဲ့ ထိန်းကြောင်း မောင်းနှင်မှုအောက်မှာ မန်ယူဟာ ထိပ်ဆုံးမှာပါ။ ဒီနှစ်မန်ယူရဲ့ အခြေအနေဟာ ဘယ်လိုဖြစ်နေလဲ ဘောလုံးပွဲ ကြည့်ကြတဲ့သူတိုင်း သိကြပါတယ်။ မန်ယူမှာ ကစားသမား အပြောင်းအလဲ အများအကြီး မလုပ်ထားပါဘူး။ ဒါပေမယ့် အလယ်အလတ်မှာ ရုန်းကန်နေကြရတယ်။ ဘာကြောင့်လဲ ဖာဂူဆန် မရှိတော့တဲ့ နောက်မှာ မိုရစ်ဟာ အသင်းသားတွေကို ဖာဂူဆန်လို လမ်းညွှန်မှု မပေးနိုင်တာ လက်ရှိမန်ယူရုန်းကန်နေရတာမှာ အဓိက အခန်း ကဏ္ဍက ပါဝင်နေပါတယ်။
၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တစ်ကွ အာဇာနည်ကြီး တွေ လုပ်ကြံခံခဲ့ရတယ်။ ၁၉၄၈ မှာ လွပ်လပ်ရေးရခဲ့တယ်။ လွပ်လပ်ရေးရပြီးနောက်မှာ စဝ်ရွှေသိုက် [၁၉၄၈-ခုနှစ် ဇန်နဝါရီလ ကနေ ၁၉၅၂-ခုနှစ် မတ်အလ အထိ ၄-နှစ် ဝန်းကျင်]၊ ဦးဘဦး(ဒေါက်တာ ဘဦး) [၁၉၅၂-ခုနှစ် မတ်လ ကနေ ၁၉၅၇-ခုနှစ် မတ်လ အထိ ၅-နှစ်ကြာ]၊ ဦးဝင်းမောင် (မန်းဝင်းမောင်) [၁၉၅၇-ခုနှစ် မတ်လ ကနေ ၁၉၆၂-ခုနှစ် မတ်လအထိ ၅-နှစ်ကြာ] တို့က နိုင်ငံတော်သမ္မတ တာဝန်ကိုယူခဲ့ကြပါတယ်။ ၁၉၆၂-ခုနှစ် မတ်လ (၂) ရက်နေ့မှာတော့ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်တဲ့ ဦးနေဝင်းက နိုင်ငံတော် အာဏာကို သိမ်းယူကာ သမ္မတဖြစ်လာခဲ့ပါတယ်။ ဦးနေဝင်းဟာ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ ဆိုရှယ်လစ်နိုင်ငံ သမ္မတ အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း စုစုပေါင်း ၂၆-နှစ်ကြာအောင် သက်တမ်းအရှည်ကြားဆုံး ပြိုင်ဘက်မရှိ ဆောင်ရွက်ခဲ့ပါတယ်။
ဦးနေဝင်းရဲ့ နောက်မှာတော့ ဦးစန်းယု(၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့ မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ)၊ ဦးစိန်လွင်(၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ)၊ ဦးအေးကို(၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ)၊ ဒေါက်တာမောင်မောင် (၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈ခုနှစ် အထိ) တို့ဟာ ရက်ပိုင်း၊ လပိုင်း လောက်ပဲ သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၁၈-ရက်နေ့မှာ ဗိုလ်ချူပ်မှူးကြီး စောမောင်က အာဏာသိမ်းခဲ့ပြန်ပါတယ်။ ဗိုလ်ချူပ်မှူးကြီး စောမောင်ဟာ ၁၉၈၈-ခုနှစ် စက်တင်ဘာလ ကနေ ၁၉၉၂-ခုနှစ် ဧပြီလ အထိ ၄-နှစ်အကြာ တာဝန်ယူပြီးတဲ့ နောက်မှာ တော့ ရုတ်တရက် ကျန်းမာရေးအရ အနားယူပြီး ဗိုလ်ချူပ်မှူးကြီး သန်းရွှေထံ အာဏာလွဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဗိုလ်ချူပ်မှူကြီး သန်းရွှေကတော့ ၂၀၁၁-ခုနှစ် ဖေဖော်ဝါရီလ အထိ ၁၉-နှစ်ကြာအောင် ဦးနေဝင်းပြီးတော့ ဒုတိယ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဖာဂူဆန်ဟာ ၁၉၈၆-ခုနှစ် ကနေ ၂၀၁၃-ခုနှစ်အထိ မန်ယူအသင်းမှာ ၂၇ နှစ်ကြာ တာဝန်ယူခဲ့ ပါတယ်။ အဲဒီ ၂၇-နှစ်တာကာလအတွင်း မန်ယူအသင်းအတွက် ဖာဂူဆန် ရယူပေးခဲ့တဲ့ အောင်မြင်မှု တွေဟာ အစုအနဲ့အဝေး ဒုနဲ့ဒေးပါ။ ဖာဂူဆန် နည်းပြဘဝက အနားယူသွားတဲ့ အခါ ယူအီးအက်ဖ်အေ က ပြုလုပ်တဲ့ နည်းပြသင်တန်းမှာ သူရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး “အင်္ဂလိပ် ဘောလုံးပြိုင်ပွဲတွေရဲ့ထုံးစံက နိုင်ငံတကာဆီက ဘောလုံးသမားတွေကို စုပြီး အသင်းတည်ဆောက်ကြတာပါ။ မန်ယူမှာဆိုရင်လည်း နိုင်ငံ နှစ်ဆယ်လောက်က ကစားသမားတွေ ရှိပါတယ်။ မတူညီတဲ့နေရာတစ်ခုဆီက ရောက်လာကြပြီး မတူညီတဲ့ ယဉ်ကျေးမှုတွေ ရှိထားတဲ့သူတွေကို ပေါင်းစည်းပေး ရတာဟာ နည်းပြတွေအတွက် စိန်ခေါ်မှု ပါပဲ။ အဲဒီကစားသမားတွေရဲ့ လူမှုအပေါင်းအသင်းစတဲ့ ပတ်ဝန်းကျင်ကို သက်သောင့်သက်သာ ဖြစ်အောင် နည်းပြက လုပ်ပေးရပါမယ်။ ကစားသမားတိုင်းဆီက အကောင်းဆုံး အရည်အသွေးတွေကို ညှစ်ထုတ်ဖို့ နည်းပြတွေမှာ တာဝန်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါအပြင် နည်းပြတစ်ယောက်ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး “နည်းပြတွေအတွက် အဓိက အရေးကြီးတဲ့ အရာသုံးခုရှိပါတယ်။ ကိုယ်ကျင့်တရားကောင်းရမယ်။ သစ္စာရှိရမယ်။ အတွေးအခေါ်ပိုင်း ကောင်းမွန်နေရမယ် ဆိုတဲ့ သုံးချက်ဟာ အရေးကြီးပါတယ်။” လို့ပြောခဲ့ပါတယ်။
စာရေးသူတို့ မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိတဲ့အတွက် အဲဒီမတူညီတဲ့ ယဉ်ကျေးမှုတွေကို တစ်ခုကို တစ်ခု အပြန်အလှန်လေးစား တန်ဖိုးထားပြီး အားလုံးရဲ့ ပတ်ဝန်းကျင်ကို အဆင်ပြေအောင်လုပ်ပေးရမှာက လက်ရှိ မြန်မာခေါင်းဆောင်တွေ အတွက် စိန်ခေါ်မှုပါပဲ။ ဖာဂူဆန်ပြောသလိုပဲ ကစားသမားတိုင်းဆီက အကောင်းဆုံးအရည်အသွေးတွေကို ညှစ်ထုတ်ဖို့ နည်းပြတွေမှာ တာဝန်ရှိတဲ့အတိုင်း နိုင်ငံ့ခေါင်းဆောင်တွေဟာလည်း နိုင်ငံသားတိုင်းရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ရရှိအောင် လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်။ ဘောလုံးအသင်းတစ်သင်းရဲ့ နည်းပြ တစ်ယောက်အတွက်တောင်မှ ကိုယ်ကျင့်တရားကောင်းဖို့၊ သစ္စာရှိဖို့၊ အတွေးအခေါ်ကောင်းဖို့ အရေးကြီး တယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေအတွက် တော့ အထူးပြောစရာမလိုတော့ပါ။ နည်းပြ တစ်ယောက်ဟာ အသင်းတစ်သင်းမှာ အောင်မြင်မှုရဖို့ အချိန်လိုပါတယ်။ ချက်ချင်းလက်ငင်း အောင်မြင်မှုရရှိဖို့ မလွယ်သလို အောင်မြင်မှုကို ရေရှည်ထိန်းထားဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါပေမယ့် ဖာဂူဆန်၊ မော်ရင်ဟိုတို့ဟာ ပရီးမီးယားလိဂ်မှာ မှတ်တမ်းရေးထိုးနိုင်ခဲ့ကြပါတယ်။ စာရေးသူတို့ မြန်မာ့နိုင်ငံရေးမှာ ၂၆-နှစ်ကြာ တာဝန်ယူခဲ့တဲ့ ခေါင်းဆောင်ကြီး နဲ့ ၁၉-နှစ်ကြာ တာဝန်ယူခဲ့တဲ့ ခေါင်းဆောင်ကြီး ၂-ယောက်ဟာ စာရေးသူတို့ နိုင်ငံကို ဘယ်လို ကိုယ်ကျင့်တရားတွေ၊ ဘယ်လို သစ္စာတရားတွေ၊ ဘယ်လိုအတွေးအခေါ်တွေနဲ့ တာဝန်ယူခဲ့လည်းပြီး ဘယ်လိုတိုးတက်အောင် ဆောင်ရွက်ခဲ့တယ် ဆိုတာ သမိုင်းသက်သေရှိတာမို့ အထူးမပြောလိုတော့ပါ။
ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပရီးမီယားလိဂ်မှာ အသင်းတစ်သင်း အောင်မြင်ဖို့ဆိုတာ နည်းပြရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ နည်းပြတစ်ယောက်ရဲ့ အရည်အသွေးဟာ အသင်းရဲ့ အောင်မြင်မှုနဲ့ ထပ်တူကျနေပါတယ်။ ချယ်ဆီးအသင်းဟာ နှစ်ပေါင်း (၅၀) အတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံဆု ဖလား ရရှိခဲ့တာလည်း မော်ရင်ဟိုရဲ့ ခေါင်းဆောင်မှုကောင်းလို့ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေ ချယ်ဆီးကို အသိအမှတ်ပြုကြရတာ မော်ရင်ဟိုကြောင့်ပါ။
ထို့အတူပဲ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံခေါင်းဆောင်ရဲ့ အရည်အသွေး နဲ့ တိုက်ရိုက်သက်ဆိုင် နေပါတယ်။ ကြီးကျယ်မြင့်မြတ်လှတဲ့ ဗိုလ်ချူပ်အောင်ဆန်းလို ခေါင်းဆောင် ကိုလည်း စာရေးသူတို့သမိုင်းမှာ စောစောစီးစီး ဆုံးရှုံးခဲ့ရပြီးပါပြီ … ။ ပတ်ဆောင်ဟွာကြောင့် ပြည်သူ သန်း(၆၀) အသည်းကွဲခဲ့ပြီးပါပြီ။ မြန်မာပြည်သူတွေ နောက်ထပ် နွံမနစ်ဖို့ဆိုရင် … ကိုယ့်ကျင့်တရားကောင်း တဲ့၊ သစ္စာရှိတဲ့၊ အတွေးအခေါ်ကောင်းတဲ့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို အမှန်တကယ် လိုအပ်နေပါပြီ …
ရွှေပြည်တော် မျှော်တိုင်းမဝေးချင်တော့ပါ …. ။
[(၆၆)-နှစ်မြောက် လွပ်လပ်ရေးနေ့မှာ ရင်ထဲရှိတာကို ရေးလိုက်ပါတယ်။ လွပ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ် ။]

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။