By Han Thit Nyeim on
Friday, January 11, 2013 at 1:42pm ·
အင်း... ခြင်္သေ့အကြောင်းကို ပြောချင်ပေမယ့် နည်းနည်းတော့ ခပ်လန့်လန့်ရယ်။ ထားပါလေ။ ပြောမယ်ဆိုတော့ စုံစေ့အောင်တော့ ပြောမှဖြစ်မယ်။ ခြင်္သေ့ဆိုတာ အချာပင်တော့ ဟုတ်ချေဘူးနော်။ သူက တစ်ကိုယ်တော် လူကြမ်းမင်းသားဗျ။ ဒါကြောင့်လည်း “တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့” ဆိုပြီးတော့တောင် တင်စားရချေတာ။
“ဂူတစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းဘူး” ဆိုတဲ့ စကားလည်း ရှိသေးတယ်။ “ခြင်္သေ့မင်းရှေ့ ယုန်သူငယ် မသန်းဝံ့” ဆိုတဲ့ စကာားပုံလည်း ရှိပါတယ်။
မြန်မာအဘိဓာန်ကတော့ “ခြင်္သေ့” ဆိုတာကို... “ရဲရင့်ခြင်း၊ ဟိန်းဟောက်တတ်ခြင်း၊ လည်ဆံမွှေးရှိခြင်းတို့ကြောင့် ထင်ရှားသော သားရဲ တိရစ္ဆာန်ကြီး” လို့ အဓိပ္ပာယ်ဖွင့်တယ်။ ပါဠိလိုတော့ “သီဟ” လို့ သုံးတယ်။ အဲဒီ သီဟနဲ့... သီဟန်တော့ ဘာမှ မဆိုင်ပါဘူးဗျာ။ ခြင်္သေ့လိုလည်း မဟိန်းဟောက်တတ်တာ အမှန်ပါ။
ဒဏ္ဍာရီထဲမှ ခြင်္သေ့များ
ပထမဆုံး စပြောရရင်တော့ ဇာတ်နိပါတ်တွေထဲက ခြင်္သေ့ပေါ့ဗျာ။ “အင်္ဂါခြင်္သေ့ ဘုရားရှေ့” လို့ တင်စားကြတဲ့ ခြင်္သေ့မင်းရဲ့ ဖြစ်ပုံကတော့ ဒီလိုပါ။ ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရတဲ့ ၀င်္ဂရာဇ်မင်းရှိပါသတဲ့။ အဲဒီမင်းဟာ ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်ပြီး သမီးတော်တစ်ပါး ဖွားမြင်ပါသတဲ့။ သမီးတော်လေးရဲ့ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည် ဟု နိမိတ်ဖတ်ကြပြီး “ကေသရီ” ဟု အမည်မှည့်ပါသတဲ့။ (အင်း... အဆိုတော် တူးတူးရဲ့ သီချင်းထဲက ကေသရီ ဆိုတာ ခြင်္သေ့နဲ့ ဘာလိုလိုဖြစ်မှန်း ခုမှပဲ သိတော့တယ်။)
အဲဒီ မင်းသမီး ကေသရီသည် ချောမောလှပေမယ့်လည်း ကာမဂုဏ်မှာ တပ်မက်လွန်းပါသတဲ့။ နောက်ဆုံးမှာ သူမရဲ့ ဖခင် ဘုရင်ကြီးကတောင် အဲလို ဖွန်ကြောင်လွန်းကို ကြည့်မရလို့ တိုင်းပြည်က နှင်ထုတ်လိုက်ပါသတဲ့။ ဒါနဲ့ ဆင်းရဲသူမ အသွင်ပြုပြီး လှည်းကုန်သည်တို့နဲ့ လိုက်သွားရာ လာဠတိုင်းဖြစ်တဲ့ တောအုပ်ကို ရောက်တဲ့အခါ ခြင်္သေ့ကြီးနဲ့ တိုးတာကြောင့် လှည်းကုန်သည်တွေက ထွက်ပြေးကြပါသတဲ့။ ကေသရီကတော့ နဂိုကတည်းက ကေသရာဇာနဲ့ ညားမယ်ဆိုတာ သိပြီးသားဖြစ်တာကြောင့် ကြောက်ဘူးတဲ့ဗျာ။ (ဖလမ်းဖလမ်းထတယ်ဆိုတာ ဒါမျိုးပဲ နေမယ်) ဒါနဲ့ပဲ ကျောက်ဂူထဲလိုက်သွားပြီး ခြင်္သေ့ကြီးနဲ့ ဘာဘာညာညာ ဖြစ်ကြသတဲ့။ အဲဒီလို ညားပြီးသကာလ သားတစ်ယောက် သမီးတစ်ယောက် အမွှာပူးလေး မွေးပါသတဲ့။ သားကို “သီဟဗာဟု” သမီးကိုတော့ “သီဟသီဝလိ” ဆိုပြီး မှည့်ပါသတဲ့။
စာရှည်မှာကြောင့် ဇာတ်လမ်းကို အတိုချုံးလိုက်ပါမယ်။ အဲဒီမင်းသားကြီးလာတော့ သူ့ဖခင်ဟာ ခြင်္သေ့ကြီးမှန်းသိတော့ ရှက်ပြီး တခြားကိုထွက်ပြေးပါသတဲ့။ ဒါတင်မက သူ့အဖေကိုပါ သူပြန်သတ်ပါသတဲ့။ နောက်မှ ဖခင်ကို သတ်မိတာကို နောင်တ တရားရပြီး ဘုရားစေတီတွေ အရှေ့မှာ ခြင်္သေ့ရုပ်ကို တည်ထားကိုးကွယ်ပါသတဲ့။ ဒီပုံဝတ္ထုအရဆိုရင် ဘုရားတွေရှေ့မှာ ထားတဲ့ ခြင်္သေ့ရုပ်နှစ်ခု စလုံးက အထီးတွေချည်း ဖြစ်တယ်လို့ ယူဆရပါမယ်။
ဒီအောက်က ပုံကတော့ ပုဂံအာနန္ဒာဘုရားမှာရှိတဲ့ ခြင်္သေ့တွေပါ။ အဲဒီဇာတ်လမ်းနဲ့ ဆိုင်မဆိုင်တော့ မသိဘူး။
အောက်က ပုံကတော့ အပါယ်ရတနာ ဘုရားက ခြင်္သေ့ဖြစ်ပါတယ်။
အဲဒီလို ဘုရားရှေ့က ခြင်္သေ့တွေကလည်း နိုင်ငံကို လိုက်ပြီးပုံစံတွေကလည်း ကွဲပြားပါသေးတယ်။ အာသောကမင်းကြီးစိုက်ထူခဲ့တဲ့ ကျောက်တိုင်တွေမှာလည်း ခြင်္သေ့ရုပ်တွေ ရှိပါတယ်။
ဒီအောက်က ပုံကတော့ ထိုင်း (ယိုးဒယား) ဘုရားတွေမှာ ရှိတဲ့ခြင်္သေ့ပါ။ သူတို့ကတော့ ကျွန်တော်တို့ဆီက ခြင်္သေ့တွေကလို သိပ်ပြီး ယောက်ျားမပီသရှာဘူးဗျ။ ကနွဲ့ကလျရယ်။
ဒါကတော့ တရုတ်ဘုရားကျောင်းတွေရှေ့မှာ ရှိတဲ့ ခြင်္သေ့ပေါ့ဗျာ။ ဘာထူးခြားလဲဆိုတော့ ဆံပင်တွေကောက်ထားတယ်ဗျ။ လှချင်လို့ နေမယ်။ ဒါတင်မက ခြေထောက်အောက်မှာလည်း ခြင်းလုံးလား၊ ခြူလုံးလား မသိပါဘူး ဆော့နေသေးတယ်။ သူ့ဟာက ဘုရားရှေ့ အစောင့်ချထားတာနဲ့ မတူဘဲ အပျော်ခေါ်ထားသလိုပဲ။
အန်ကောဝတ် ကျောင်းတော်ကြီးရှိတဲ့ ကမ္ဘောဒီးယား နိုင်ငံက ခြင်္သေ့တွေကတော့ ဒီပုံအတိုင်းပေါ့ဗျာ။ နည်းနည်း ပြူးကြောင်ကြောင် နိုင်သလိုပဲ။ (ကျွန်တော့်အထင်ပါ)
ဒီအောက်က ခြင်္သေ့ကတော့ အနောက်တိုင်းက အဆောက်အဦတွေရှေ့မှာ ထားတဲ့ ခြင်္သေ့ပါ။ အဲဒါတော့ တကယ့်အကောင်နဲ့ အနီးစပ်ဆုံး တူတာမျိုးပါ။
ကမ္ဘာကျော် ခြင်္သေ့များ
ရာဇဝင်တွေပြီးတဲ့အခါ ကမ္ဘာကျော်တဲ့ ခြင်္သေ့တွေအကြောင်း ပြောချင်တယ်။ ပထမဆုံးကတော့ ကမ္ဘာကျော် ပုံပြင်ဆရာကြီး အီစွတ်ရဲ့ “ခြင်္သေ့မင်းနဲ့ ကြွက်ငယ်” ထဲက ခြင်္သေ့ကြီးပေါ့ဗျာ။ သူ့ခမျာ အီစွတ်လုပ်မှပဲ ကြွက်စုတ်လေး ကယ်ရတဲ့ ဘဝကို ရောက်ရတော့တယ်။
နောက်ထပ်နာမည်ကျော် ခြင်္သေ့ကတော့ ဒစ်စနီက ရိုက်တဲ့ “Lion King” ကာတွန်းဇာတ်လမ်းထဲက ခြင်္သေ့ဘုရင်ကြီးပေါ့ဗျာ။ သူကတော့ ကံကောင်းလေတော့ ဟီးရိုးဖြစ်သွားပါတယ်။
ကဲ နောက်ထပ် တစ်ကောင်ကတော့ “Madagascar” ကာတွန်းဇာတ်လမ်းထဲက နာမည်ကျော် ခြင်္သေ့ကြီး “Alex” ပေါ့ဗျာ။ နိုင်ငံခြားက စာရေးစရာတွေ ဘယ်လောက်ဖန်တီးမှု အားနည်းသလဲဆိုတာ မပြောပါနဲ့ဗျာ။ ခြင်္သေ့နာမည်ကိုတောင် ကျွန်တော်တို့ဆီက အဆိုတော်နာမည် ကော်ပီယူပြီး ပေးရတာပဲ ကြည့်တော့။ (ညံ့ချက်နော်)
အများသိတဲ့ ကြောင်နဲ့ကြွက်ကို ရိုက်တဲ့ ကာတွန်းကုမ္ပဏီကလည်း ခြင်္သေ့နဲ့ပဲ ဖြစ်ပါတယ်။
နိုင်ငံကျော် ခြင်္သေ့များ
ကမ္ဘာကျော်တွေအကြောင်း ပြောပြီးရင် နိုင်ငံကျော်တွေအကြောင်းလည်း ချန်ထားလို့ ဘယ်ကောင်းမလဲဗျာ။ ပထမဆုံး ရွှေမြန်မာပြည်ကိုယ်စားပြု နိုင်ငံကျော် ခြင်္သေ့ကြီးပါတဲ့ အဖွဲ့ကြီးကို သိမှာပါ။ ထပ်မပြောပြတော့ပါဘူး (နိုင်ငံကို ဘယ်လိုကျော်သွားတုန်းဆိုတာတော့ သူတို့နဲ့တွေ့မှပဲ မေးကြည့်တော့ဗျာ)။
ကျွန်တော်တို့ရဲ့ နောက်ဆုံး မြန်မာဘုရင်တွေ ထိုင်တော်မူခဲ့တဲ့ ပလ္လင်ကလည်း ခြင်္သေ့ရုပ် ခံဆောင်ထားတာကြောင့် “သီဟသန ပလ္လင်” လို့ ခေါ်ပါတယ်။
စစ်ကိုင်းတိုင်းကိုယ်စားပြု အလံကလည်း ခြင်္သေ့နဲ့ပါပဲ။ ဘာကြောင့်လဲတော့ သိဘူး။ နောက်များ စစ်ကိုင်းသားတွေတွေ့မှပဲ မေးကြည့်ဦးမယ်။ ဒါတင်ဘယ်ကမလဲဗျာ။ ကျွန်တော်တို့နိုင်ငံက ခြင်္သေ့ကို အတော်တော့ ကြိုက်သားဗျ။ နိုင်ငံတော် စီးတံစိပ်ကလည်း ဘယ်ညာနှစ်ဘက် ခြင်္သေ့တွေ ခြံရံလျက်ပဲလေ။
ဂမ္ဘီရခြင်္သေ့များ
တားရော့ကတ်တွေထဲက ခြင်္သေ့ကြီးတော့ နည်းနည်းသနားစရာကောင်းတယ်ဗျာ။ သူကတော့ မယကခြင်္သေ့ပဲ ဖြစ်မယ်။ မိန်းမတစ်ယောက်က ချုပ်ပြီး ပါးစပ်ဖြဲခံရတာ ပုံထဲသာ ကြည့်တော့ဗျာ။
မြန်မာဗေဒင် အယူအဆရ အင်္ဂါနေ့ကို ကိုယ်စားပြုတာကလည်း ခြင်္သေ့ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဗေဒင်ဆရာတွေ တွေ့ရင် လက်ဆွဲပြီးသာ မေးကြည့်ပေတော့ဗျာ။
အားရင်ကစားသော ခြင်္သေ့များ
ဒီအပိုင်းကတော့ အားကစားလိုက်စားတဲ့ ခြင်္သေ့တွေ အကြောင်းပေါ့ဗျာ။ ဘောလုံးအားကစားနည်းကို အစပြုခဲ့တဲ့ အင်္ဂလန်နိုင်ငံဟာ ခြင်္သေ့ကို အတော်လေး သဘောကျပုံရတယ်။ Premier League လိုဂိုကလည်း ခြင်္သေ့ပုံနဲ့ ဖြစ်ပါတယ်။ မန်ယူ၊ ချယ်လ်ဆီး စတဲ့ နာမည်ကျော်အသင်းတွေကလည်း ခြင်္သေ့ပုံနဲ့ ပါပဲ။ အဲဒီထဲက ခြင်္သေ့တွေကတော့ နည်းနည်းလေး သွက်လက်ပေါ့ပါးတာကြောင့် စလင်းဘော်ဒီလေးတွေနဲ့ပေါ့ဗျာ။
ပညာရှိ ခြင်္သေ့များ
ခြင်္သေ့တွေက အတော်တော့ လိုင်းစုံသားဗျ။ မထသလို့ ခေါ်ရမယ်။ Academic ဆိုတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ နယ်ပယ်မှာလည်း ခြင်္သေ့တွေရောက်နေပြန်တယ်။
တန်ဖိုးကြီး ခြင်္သေ့များ
ဒီကဏ္ဍထဲက ခြင်္သေ့တွေကတော့ အတော်လေး တန်ဖိုးရှိတယ်။ ဘာလို့ဆိုတော့ ပိုက်ဆံပေါ်မှာ ရောက်နေတာကိုးဗျ။ ဟိုးကျွန်တော်တို့ ငယ်ငယ်က ထုတ်ခဲ့တဲ့ အကြွေစေ့တွေမှာ ခြင်္သေ့ပုံတွေပါပါတယ်။
ခုနောက်ပိုင်းခေတ်ရောက်တော့ အရွက်ကြီးတွေအထိ ခြင်္သေ့တွေပါပါတယ်။ ပြောရရင် ခက်တော့ ခက်သားဗျ။ သူများနိုင်ငံတွေက ပိုက်ဆံတွေမှာ နိုင်ငံ့ခေါင်းဆောင်ပုံတွေ ရိုက်နှိပ်ကြတယ်။ (အဲဒါမှ ဒုက္ခေါ... ခြင်္သေ့ကြီးဟ)
ယမကာခြင်္သေ့များ
သိတယ်မဟုတ်လား။ ဘီယာခြင်္သေ့ပေါ့ဗျာ။ တို့နိုင်ငံသားတွေများ ခြင်္သေ့တောင် ဘီယာထဲ အဆစ်ထည့်လိုက်သေးတယ်။ အဲဒါတွေသောက်လို့ တို့ဆီက ခြင်္သေ့တွေဗိုက်ဖောင်းနေတာ များလား။
ထိုင်း (ယိုးဒယား) နိုင်ငံက ထုတ်တဲ့ ခြင်္သေ့တံဆိပ်နဲ့ ဘီယာပါပဲ။ Singha လို့ ခေါ်ပါတယ်။ တခြားသော ခြင်္သေ့တံဆိပ်ပါ ကမ္ဘာအနှံ့က ဘီယာတွေလည်း ရှိပါသေးတယ်။ ဒီလောက်ဆိုရင်တော့ တော်တော်လေး မူးလောက်ပါပြီ။
မျိုးမစစ် ခြင်္သေ့များ
ခုပြောမယ့် ခြင်္သေ့တွေကတော့ ဖြတ်ဖောက်ချုပ်... အဲ... မျိုးစပ်ထားတဲ့ ခြင်္သေ့တွေပေါ့ဗျာ။ ပထမဆုံး ကမ္ဘာကျော် မျိုးစပ် ခြင်္သေ့ကြီးကတော့ အီဂျစ်ပြည်က ပိရမစ်ကြီးတွေရှေ့မှာရှိတဲ့ စဖင့် (Sphinx) ရုပ်ကြီးပေါ့ဗျာ။
ကျွန်တော်တို့လည်း နောက်မကျချေဘူးဗျ။ မနုဿီဟဆိုတဲ့ ခြင်္သေ့ကိုယ် လူခေါင်းနဲ့ ရုပ်ထုတွေ ဘုရားထောင့်မှာ ရှိတယ်။ ကျွန်တော်တို့က ဖင်တောင် အဆစ်တစ်ခု အပိုပါသေးဗျာ။
အဲဒီလို "မနုဿီဟ ဖင်နှစ်ခွ" လို့ ခေါ်ကြတဲ့ ထူးဆန်းတဲ့ မျိုးစပ်ခြင်္သေ့ကြီးတွေကလည်း ကျွန်တော်တို့ ရွှေနိုင်ငံမှာပဲ အတွေ့များပါသတဲ့ဗျာ။
နောက်ထပ် အရှေ့တောင်အာရှ နာမည်ကျော် မျိုးစပ်ခြင်္သေ့ဝင် သတ္တဝါကတော့ စင်္ကာပူမှာ ရှိတဲ့ Mermaid နဲ့ Lion ကို မျိုးစပ်ပြီး ဖြစ်လာတဲ့ Merlion ဆိုတဲ့ ခြင်္သေ့ရုပ်ကြီးပေါ့ဗျာ။ သူတို့နိုင်ငံမှာ တံတွေး မထွေးရဘူးလို့သာပြောတယ် ခြင်္သေ့ကြီးကျတော့ တရစပ်ကို ထွေးနေတော့တာပါပဲဗျာ။
ကဲ... ဒီလောက်ဆိုရင်ဖြင့် ခြင်္သေ့တွေအကြောင်း သောင်းပြောင်းထွေလာက စုံလောက်ပြီလို့ ထင်ပါတယ်။ ခြင်္သေ့တွေ အကြောင်းပြောလို့ ကျွန်တော်ကို အင်္ဂါသားလို့ ထင်နေကြပါဦးမယ်၊ မဟုတ်ပါဘူး။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
(စာကြွင်း။ ။ ဓာတ်ပုံများ ကူညီပေးသော သူငယ်ချင်း Albert TNT အား ကျေးဇူးတင်ပါကြောင်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။