by Seaman Nayminthu on Thursday, January 31, 2013 at 11:16am ·
မိုးကျရွှေကိုယ်များ အုပ်ချုပ်သော ဘီရုမာပြည် တိုင်းဌာနီကြီးတွင် ဖြစ်ပျက်သမျှ အရာအားလုံးတို့ကား အစဉ်အမြဲ ထူးခြားဆန်းကြယ်လျက် မြင်တွေ့ရတိုင်း ကြားသိရတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် မကုန်နိုင်အောင် ရှိနေတော့လေ၏။
မိုးကျရွှေကိုယ်ဟု ညွှန်းဆိုခေါ်ဝေါ်လိုက်ရသည်မှာ သူတို့သည် ဤဝသုန် ကမ္ဘာမြေထုကို ဘူမိနတ်သန် ပြုကာ မွေးဖွားကြီးပြင်းလာကြသူများမဟုတ်ကြဘဲ အခြားအခြားသော ဘယ်နေရာ ဌာနမှန်းမသိသည့် ပြင်ပ ဂြိုလ်ကမ္ဘာ (အနီးစပ်ဆုံးအားဖြင့် အင်္ဂါဂြိုလ်သား မားရှန်းများ ဖြစ်မည်ဟုခန့်မှန်းရ၏) အသီးသီးတို့မှ ဟယ်လီဂျက်တပ် ကော်ပလာ ယာဉ်ပျံများ စီးနင်းလိုက်ပါသွားလာကြရင်း လမ်းခရီးခုလတ် မောင်းဆီအပြတ် ခေတ္တခဏ ဆင်းသက် ရပ်နားခိုက် သာမောဖွယ် ဤဌာနေမှာ လေညှင်းခံရင်း အပန်းဖြေ ခရီးတထောက် နားမည် အကြံပြုလျက် ယာယီ စံအိမ်တော်များ ဆောက်လုပ်ကာ စံမြန်းလာသည်မှာ ရာစုနှစ်တဝက် ကျော်ကျော် (လူ့သက်တမ်းတခုနီးနီး) မျှလောက်တော့ ရှိပေပြီ။
သူစိမ်း ဂြိုလ်သားများပီပီ သူတို့၏ ထူးခြားဆန်းကြယ်လှသော ကိုယ်ရောင်ကိုယ်ဝါ စူးစူးလက်လက်၊ အစိမ်းရောင်ချပ်ဝတ်တန်ဆာများ နှင့် ကျောက်စည် စလွယ်ဓားတို့ကြောင့် ဌာနေခံ တိုင်းသူပြည်သားများလည်း မမြင်ဘူး မတွေ့ဘူး ယက်ခ ဘီလူးများကို မြင်ရဘိသကဲ့သို့ ဖိန့်ဖိန့်တုန် အကြောက်ထူးကာ ဝေးဝေးက ခစားရလေတော့သည်။
မိုးကျရွှေကိုယ် ဆိုသည့်အတိုင်း လူ့ပြည်လူ့ရွှာဌာနေ ဇာတိသားတွေ မဟုတ်လေတော့ လူသားတို့၏ ဘဝအမှန်၊ စရိုက်သဘာဝဟန်ပန်တွေနှင့် အလှမ်းဝေးကာ သူတို့နည်းသူတို့ဟန်နှင့် ပင်တိုင်စံ နည်းနာများအတိုင်း နေရာတကာ ဆရာလုပ် ထင်ရာစိုင်း ပြုမူပြောဆိုတတ်ကြလေသည်။
သူတို့နှင့်ဆက်ဆံရာတွင် ထင်ရှားသိသာစေရန် မိုးကျရွှေကိုယ် ခေါင်းဆောင် တဦးချင်း အမည်များအား မိမိတို့ရင်းနှီးကျွမ်းဝင်ဖူးသည် ရာဇဝင်လူသားတို့၏ အမည်နာမများကိုပင် သညာပြုခေါ်ဆိုကြရ ပြန်လေ၏။ ဥပမာ သူတို့စတင်ရောက်ရှိလာစဉ်က အကြီးအမှူးပြုလာသူကို ဆိုဗီယက် အင်နာရှာ စတင်လာ ဟု လည်းကောင်း၊ ထိုအကြီးအမှူးမရှိသည့်နောက် ဦးဆောင်ဦးရွက်ပြုခဲ့သူကို ဂျာမဏီ အင်နာရှာ ဟာတလစ် ဟု လည်းကောင်း၊ လက်ရှိ ကွပ်ကဲ ဦးဆောင်သူတွေထဲမှ ထိပ်ပိုင်းကျသူတွေကို မထူးရှော့နှင့် ကိုဘချော ဟူ၍ လည်းကောင်း အမည်ပေး ခေါ်တွင်လိုက်ကြလေသည်။
စတင်လာကြီး လက်ထက်တုန်းကတော့ သားတူညီများ နှင့် နီးစပ်ရာ ရောင်းရင်းတစုကောင်းစားရေး ဆိုရှယ်လိမ်ဆင်ကို အကောင်အထည်ဖော်ကာ ဘီရုမာတိုင်းပြည်အား တာဝတိံသာပို့ဆောင်ရေး စီမံကိန်းတွေ ချမှတ်ရင်းဖြင့် အသုရာချောက်နှုတ်ခမ်းအထိ အရောက်ပို့ပေးခဲ့သည်။
စတင်လာ နောက်ဆွဲတပည့် ဟာတလစ် လက်ထက်မှာတော့ ငါ့ဆွေငါ့မျိုး အကျိုးကိုသာရှေ့ရှုပြီး ပေါ်လာသမျှ အခွင့်အလမ်းမှန်သမျှ လက်ကုန်နှိုက် သိမ်းပိုက်လေတော့သည်။
တနေ့သော် ခေါင်းဆောင်ကြီး ဟာတလစ် ဟိုဟိုဒီဒီ အညောင်းပြေ လမ်းလျှောက်ရင်း ယမမင်း ကုန်တိုက်ရှေ့ အရောက်မှာ ခံတွင်းချဉ် သလိုလို ခံစားမိသဖြင့် အပါးတော်မြဲတဦးအား အရိုးခေါင်းတံဆိပ်ပါ မာဖီးယား စီးကရက် တဗူး အဝယ်ခိုင်းရာ ကုန်တိုက်က ဆားဗစ်စီလုပ်ပေးလိုက်သည့် ဂက်ဆီသုံး မီးခြစ်တလုံးကို အထူးအဆန်း စူးစမ်းလို စိတ်ဖြင့် ဟိုနှိပ်ဒီနှိပ် ဟိုပွတ်ဒီပွတ်လုပ်ကြည့်ရင်း ဒလိမ့်တုံးဘီးကို လက်မဖြင့် မတော်တဆ ဖိတိုက်လိုက်ရာက ဖျစ်ခနဲ လက်ချော်ပြီး ဘီးအောက်ခြေနားရှိ မောင်းထိန်းခလုတ်တခုပေါ် လက်တင်မိလျက်သား ဖြစ်သွား၏။ ထိုအခိုက် ဒလိမ့်ဘီး အလှုပ်မှာ ပွတ်တိုက်မိသော မီးခတ်ကျောက်မှ ဖြာထွက်လာသည့် အပူစွမ်းအင်နှင့် မောင်းထိန်းခလုတ်ပွင့်သွားသဖြင့် ရှူးခနဲပန်းထွက်လာသော ဂက်ဆီတို့ စည်းချက်ညီညီ ထိတွေ့လေရာ ရွှေဝါရောင် မီးညွန့်မီးစွယ် တခုဖြစ် လာသည်ကိုကြည့်ကာ ဟာတလစ် တအံ့တသြဖြစ်နေ၏။
အနီးမှာ အသင့်ရပ်ကြည့်နေသည့် အပါးတော်မြဲက စီးကရက်တလိပ် ကပြာကယာထုတ၍ မီးလျှံမှာ အသာညှိပြီး သကာလ အဖွာတော်ဆက်လေသည်။ ဟာတလစ်လည်း စီးကရက်ကို နှုတ်ခမ်းနှစ်လွှာကြား အသာအယာ ခဲလျက် ဤနှယ်ထူးဆန်းသည့် မီးခြစ်အကြောင်းကို တနေကုန် စဉ်းစားခန်း ဖွင့်လေသည်။
ပြီးတော့ တိုင်းတပါး ဌာနေခြားမှ ဘူမိဗေဒ နှင့် သယံဇာတ ပညာရှင်အကျော်အမော်တွေ ခေါ်ယူ ငှားရမ်းကာ ပိုလီယိုသွေးကြောစမ်းသလို နေရာအနှံ့ ဂက်ဆီ ရှိနိုင်မည့်နေရာတွေ အပ်ထိုးရှာဖွေလေတော့သည်။ လူမိုက်ကံကောင်း ရှာဖွေ ထွက်ရှိသမျှ ဂက်စ်အားလုံးကိုလည်း ဟိုဘက်သည်ဘက် နယ်မြေချင်းဆက် တိုင်းနိုင်ငံ အသီးသီးသို့ ရောင်းချရရှိသော အသပြာတွေဖြင့် စိတ်ထင်ရာ အကုန်လုပ်ဖို့ ချောင်ကုပ်စဉ်းစား ရပြန်၏။
အချမ်းပြေ နေစာလှုံဖို့ နှင့် အပျင်းပြေတူတူပုန်း စစ်တိုက်တမ်းကစားဖို့ အီကွေတာအနီး တောတောင်ထူထပ် ကြပ်ပြေးအရပ်မှာ နန်းပြသဒ်တည်ကာ စံမြန်း၏။ ဝရဇိန်လက်နက်ဆန်းများ ဝယ်ယူ၏။ စစ်သည်တော် အသိန်းအသန်းရှိသော မားရှန်းစစ်တပ်ကြီးကိုလည်း မိမိခါးပိုက်ဆောင် သဘောထားကာ ပြုသမျှနု အနေ အထားကို ဖန်တီးထား၏။ ပြည်လုံးအနှံ့ တောတောင်ရေမြေတကြော ထွက်ရှိသော အဖိုးတန် သစ်ကောင်း ကျောက်မျက်တို့ဖြင့် နေပြည်တော်ကို ခြယ်သမွမ်းမံ၏။ ဌာနေပြည်သားတို့မှာတော့ မှောင်ထဲမှာ ကညင်ဆီ မီးတုတ်ထွန်းကာ ကမ္ဘာဦး လူသားဆန်ဆန် နေထိုင်ကြရလေသည်။
ဟာတလစ်၏ လက်ရုံးအဆူဆူဖြစ်သော ဟားမလင်း၊ ဂဲဘိုး စသူတို့မှာလည်း ထင်သလိုမင်းမူ၊ ကိုယ့်ကိုယ်ကို အရာရာတတ်သိ ပရောဟိတ်အထင်ရောက်ကာ နေရာတကာ တတ်ယောင်ကား ဆရာလုပ်လေ့ရှိသည်။ အခါတပါးသော် ကျန်းမာရေးအတွက် ပေါင်းခံရေကိုသာ သောက်သုံးမှီဝဲလေ့ရှိသည့် ဝန်တော်တပါး ဌာနေသား များအတွက် စီမံထုတ်လုပ်သော ရေသန့်စက်ရုံသို့ သွားရောက်စစ်ဆေးခိုက် သန့်ရှင်းကြည်လင်မှု အတိုင်းအဆ မြင့်လေကောင်းလေ မှတ်ယူချက်ဖြင့် ကျွမ်းကျင်သူတို့ တင်ပြသည့် စံချိန်အချိုး pH7 ကို အနိမ့်ဆုံးစံနှုန်းအဖြစ် သတ်မှတ်ပြီး pH8, pH9 ဖြစ်အောင် ဆက်လက်စံချိန်မြှင့် ထုတ်လုပ်သွားရန် သြဝါဒစကား ဆိုဖူးလေ၏။
နောက်ထပ် ဝန်တပါးကတော့ PR သမားဖြစ်ပုံရသည်။ ဌာနေသားချင်း အပြန်အလှန် အညမညကျကျ သဟဇာတဖြစ်အောင် နေထိုင်တတ်ဖို့ စည်းရုံးရေးလေသံဖြင့် ပြောဆိုမြွက်ကြားရာမှာ ‘ကိုင်းပင်ကြီးက ကျွန်းပင်လေးကိုမှီ၊ ကျွန်းပင်လေးက ကိုင်းပင်ကြီးကိုမှီ သလိုမျိုး’ ဥပမာပြုသွားတာလည်း ကြုံရပြန်သည်။ ဒီကြားထဲ ဝဲလ်သာမဖိုင်းလို့ သင်္ဘောထွက်ချိန်နောက်ကျရမလား အပြစ်တင်လိုဇောကြောင့် ‘ဝဲလ်သာမကောင်း ဖြုတ်လဲပစ်လိုက်’ ဟု ညွှန်ကြားချက်လည်း ထွက်ပေါ်ခဲ့ဖူးသည်။
မင်းမြှောင်ကပ်ပါး အက်ဗိုက်ဇာ ကျပြန်တော့ မီတာခွန်ပေးဆောင်နေရပါလျက် လျှပ်စစ်မီးမလင်းသဖြင့် ဒေါသထွက်နေသော ဌာနေသားများကို ဖယောင်းတိုင်ထွန်းပြီး ယတြာချေရန် အကြံပြုပြန်သည်။
ရာဇဝင်တွင် သော မှတ်လောက် သားလောက် မိုးကျရွှေကိုယ် အဆိုအမိန့်များ ဖြစ်ပေသည်။ သူတို့ပြောဆို လိုက်သော စကားလုံးများကား ဟာသပညာရှင်အကျော်အမော်များ၏ ပျက်လုံးများထက်ပင် ဌာနေသားများကို ဟပ်ထိစေတာ အမှန်ဖြစ်၏။ သို့သော် ကြည်နူးပီတိ ဘဝင်ငြိစရာမဟုတ်၊ ဒေါသခံပြင်း စိတ်ဆင်းရဲခြင်းမျှသာ။
ဌာနေတိုင်းသားများအပေါ် ကိန်းကြီးခမ်းကြီးနဲ့ အထက်စီး အနိုင်ယူ ဗိုလ်လုပ်နေသော်လည်း ဤဝသုန်မြေ ဇာတိသား ဘီရုမာ အိမ်နီးချင်း နဂါးတို့သခင် ပေါက်ဖော်ကြီးကိုတော့ မိုးကျရွှေကိုယ်တို့ ဂိုဏ်းသားများ အတွင်းစိတ်မှာ မဖုံးသာမဖိသာ ကြောက်ဒူးတုန်လျက် ရှိလေသည်။ ယခင်က သိမ်းငှက်သုတ်တာ ခံရမည်စိုး သဖြင့် နဂါးခြေထောက်ကို အတင်းဖက်မိခဲ့ရာက ယခုအခါ သိမ်းငှက်နှင့် ပြန်အလွမ်းသင့်သည့်တိုင် နဂါးမျက်စောင်း သင့်မှာကို စိုးနေကြသည်။
လောလောလတ်လတ်တွင် ဘိလပ်ရေသောက်၊ ပီဇာ၊ ဟန်ဘာကာ အဟာရဖြင့် အသက်ရှင်သော ဝန်တော် တဦးက ရွှံ့ဗွက်ကြားမှာ တနေကုန်အလုပ်လုပ်ရင်း ဆန်ကြမ်းထမင်း တနေ့သုံးနပ်စားပြီး ကြွေးတင်ဝန်ပိဖြစ် နေသော ဌာနေသားများ၏ ဝဋ်ဒုက္ခကို မကြည့်ရက် မမြင်ရက် ဂရုဏာသက်စွာဖြင့် ‘အကြွေးဆပ်နိုင်ရန် ထမင်းတနပ် လျှော့စားပါ’ ဟု အကြံပြုချက်ကိုလည်း သမိုင်းမှတ်တမ်း တင်ရပေအုံးမည်။
ကံကောင်းသည်က ဝန်မင်း အဲဒီစကားပြောကြားချိန် ထိုနယ်တကျောမှာ တချိန်တုန်းက ထမင်းနပ်မမှန်သဖြင့် ဝမ်းဗိုက်ပြသနာ ပြေလည်ရေးအတွက် ပုန်ကန်ထကြွခဲ့သည့် လူဆိုးခေါင်းဆောင် ဗိုလ်သခင်စိုး မရှိတော့ ခြင်းပင်။ အကယ်၍ ဗိုလ်သခင်စိုးသာ ရှိမည်ဆိုပါက ဒီလောက်စာနာမှုကင်းသော စကားကိုဆိုဝံ့သည့် ပါးစပ်ကို နောက်စိအထိ ထုတ်ချင်းပေါက်အောင် ဝါးချွန်ဖြင့် ထိုးဖောက်ပစ်မှာသေချာသည်။
ဗိုလ်သခင်းစိုး ရှိစဉ်က ထမင်းတခါစားလျှင် ဟင်းမပါ ငါးပိရည်၊ ဟင်းရွက်ပြုတ်နှင့်ပင် ၂ ဇလုံမောက်မောက် အသာလေးကုန်အောင် စားနိုင်၏။ သူကြိုက်သော ဟင်းကျွေးလေးနှင့် ဆိုပါလျှင် ၃ ဇလုံကျော် ၄ ဇလုံနီးပါး အားပါးတရ ဝါးလေသည်။ တနေ့လျှင် အီအီး ၄ ခါပါမှ ကျန်းမာရေးနှင့် ညီညွှတ်သည်ဟု သူက ဆိုစမှတ်ပြုခဲ့ ဖူးလေသည်။ Four motions a day ဆိုသည်မှာ ဗိုလ်သခင်စိုး၏ ကျန်းမာလာဘ်ရွှင် ဆေးနည်းဆောင်ပုဒ် ဖြစ်လေ၏။
ယခုတော့… ပေါင်ချိန် တင်းပုတ်ကိုင်စွဲထားသော လွှတ်တော်ဝန်ချုပ် မထူးရှော့ နှင့် သံလျက်ကိုင် ကိုဘချောတို့ ခမျာတွေလည်း ထိုင်ခုံက အနားယူ၊ စာဖတ်နေသည်ဆိုသည့် ဟာတလစ်ကြီး ပ,စားပေး ထားသဖြင့် ထီမထင် ယောက်တက်လွန်းသော မျောက်လွှားကျော်များကို ငြိမ်အောင်မထိန်းနိုင်။ ဦးနင်းပဲ့ထောင် ဘယ်လူညာလိမ့် လောင်းလှေပေါက်ကြီးထက်မှာ တယောက်မျက်နှာတယောက် မကြည့်အားဘဲ ရေနစ်မသွားဖို့အရေးသာ ဦးစားပေး လုံးပန်းနေရပုံ ရှိသည်။
ယင်းကဲ့သို့သော ပရမ်းပတာ အနေအထားမှာ တိုင်းဌာနီအဝှမ်း ရွှေမိုးငွေမိုး သွန်းဝေဖြိုးအောင် အလျှံပယ် ကြွယ်ဝမှုကို ဆောင်ကြဉ်းပေးနိုင်မည့် ဒီမိုးကရေစီး စနစ်ကို ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ ဟူသော မိုးကျရွှေကိုယ်တို့၏ နှုတ်ထွက်စကားကို နားရှိလို့သာ ကြားလိုက်ရပါသည်။ ဘယ်ဝယ်ဆီက ဖမ်းယူ ဆုပ်ကိုင်ပြီး သကာလ.. ဘယ်တန်းဆီမှာ ချည်နှောင် သက်သေထူရမည် မသိတော့…..
အို…. အသင်လောက… ဖြစ်ပျက်ပုံ အစုံစုံအား ကျွနုပ်သြချ မှတ်ချက်ပြုလိုသည်က ….. “ဟက်ဟက်ပက်ပက် ရယ်မောနေရုံမှ တပါး ဘာများတတ်နိုင်ဦးမည်နည်း…” ဟူ၍သာ။
စနေမင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။