Nay Ko Ko shared Knowledge Library .'s photo.
ယနေ့ မြန်မာနိုင်ငံတွင်ရှိသော လူကြီးပိုင်း ဘူမိဗေဒပညာရှင်များအနက် တစ်ဦးနှစ်ဦးမှအပ ကျန်ပုဂ္ဂိုလ်များ အားလုံးသည်... ဒေါက်တာသာလှ ၏ တပည့်တပန်းများပင် ဖြစ်လေသည်။ ဒေါက်တာသာလှကို မြန်မာဘူမိဗေဒပညာရှင်များ၏ ဖခင် ဟုခေါ်လျှင်လည်း မှားမည် မထင်ပေ။
ဆရာသာလှသည် ၁၉၄၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနကို စတင် တည်ထောင်ခဲ့ပြီး ၁၉၆၀ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်မှ နုတ်ထွက်ပြီး တော်လှန်ရေးအစိုးရ သတ္ထုတွင်းဝန်ကြီးဌာနတွင် သတ္ထုတွင်း အတိုင်ပင်ခံ အရာရှိအဖြစ် အမှုထမ်းကာ၊ ၁၉၆၃-၆၄ လောက်တွင် ယူနက်စကို အဖွဲ့ချုပ်၌ ဒုတိယ ညွှန်ကြားရေးဝန်အဖြစ် ပြောင်းရွှေ့ အမှုထမ်းလေသည်။ ယခု ယိုးဒယားပြည် ဘန်ကောက်မြို့တွင် ယူနက်စကို ပညာရှင်အဖြစ် ဆောင်ရွက်နေလေသည်။
ဆရာသာလှသည် ဘ၀အကျိုးပေးကြောင့်လောမသိ၊ ချစ်သူများသလို မုန်းသူလည်းများသည်။ သို့သော် ကျွန်တော်တို့က သူ့ကို ငယ်ဆရာတစ်ယောက်အနေဖြင့် မြင်သည်။ သူသည် စာသင်ပြရာတွင် တော်သူဖြစ်သည်။ စာသင်ပြရာတွင် ဆရာစားမချန်ဘဲ တပည့်များ နားမလည်သည်ကို သဘောမပေါက် ပေါက်အောင် လှည့်ပတ် ရှင်းလင်း ပြောပြတတ်သည်။ ကျွန်တော်တို့ ဥပစာသိပ္ပံအထက်တန်းနှစ်က ဖြစ်လေသည်။ ကျွန်တော်တို့မှာ ပထမနှစ်တုန်းက စာမကြေခဲ့ကြ၍ ဒုတိယနှစ်တွင် ဆရာ့အတန်း၌ စာမလိုက်နိုင်ကြချေ။ ထိုအခါ သူသည် အလွန်အမင်း စိတ်ဆိုးနေလေသည်။ “တစ်နှစ်လုံး ဘာတွေလုပ်နေသည် မသိ၊ ဤမျှ ညံ့ရမည်လား” ဟု ဆူနေလေသည်။
ကျွန်တော်တို့က တစ်ယောက်နှစ်ယောက်တည်း မဟုတ်ကြောင်း၊ တစ်တန်းလုံး ဘယ်သူမှ မတတ်ပါကြောင်း ပြန်ပြောသောအခါ သူ၏ ဆူညံသံများ ရပ်သွားပြီး တစ်ယောက်စီ စစ်လေသည်။ ကျွန်တော်တို့ ပြောသလိုပင် တကယ်ပဲ မည်သူမျှ မတတ်ကြောင်း တွေ့ရသောအခါ ဘာမှ ဆက်မပြောတော့ဘဲ ”ကဲ မင်းတို့ အချိန်ပိုတက်ကြ” ဟုပြောပြီး ပထမနှစ်က စာများကို အစအဆုံး ပြန်သင်ပေးလေသည်။
သူသည် တစ်ခါတစ်ရံ အပြောအဆို ကြမ်းတမ်းသော်လည်း တပည့်များအပေါ်တွင် အမြဲတမ်းပင် ကြင်နာစိတ်ထားသည်။ မေတ္တာထားသည်။ တပည့်များကို စောင့်ရှောက်သည်။ မတတ်သည်ကို တတ်အောင်သင်ပေးသည်။ ကျွန်တော်တို့ ဆရာဖြစ်လာသောအခါ တပည့်များကို စာမေးရာတွင် ကျွန်တော်တို့ ကျောင်းမှာတုန်းကလောက် မရသည်ကို တွေ့ကြရရာ တပည့်ကျောင်းသားများသည် တစ်ခောတ်နှင့် တစ်ခောတ် အတူတူလောက်ပင် ရှိကြမည်ဖြစ်၍၊ ကျွန်တော်တို့ပင် အသင်အပြညံ့၍ ဖြစ်မည်ထင်ကြောင်း ကိုဘသန်း (ယခု ဘူမိဗေဒပါမောက္ခ ဦးဘသန်းဟက်)နှင့် ကျွန်တော်တို့ မကြာခဏ ပြောမိကြသည်။
ဒေါက်တာသာလှ၏ နည်းယူဖွယ် လေ့ကျင့်မှု တစ်ခုကိုကား ကျွန်တော်တို့ ကျောင်းသားကြီးများ ရလိုက်ကြသည်။ တပည့်များကို မနားတမ်း ခိုင်းခြင်း၊ တာဝန်ပေးခြင်းပင်ဖြစ်သည်။ အလုပ်ကိုလည်း စေ့စေ့စပ်စပ် လုပ်စေသည်။ ထို့ပြင် တာဝန်တိုး ယူလာနိုင်လျှင် တာဝန်ကို တိုးပေးသည်။ ထိုအလေ့အကျင့်ကောင်းများသည် ကျွန်တော်တို့ ယနေ့ လူကြီးဖြစ်လာသောအခါ အထူးတန်ဖိုးရှိလာလေသည်။ ကျွန်တော်တို့ ယနေ့ဆောင်ရွက်နေသော လုပ်ငန်းများသည် တန်ဖိုးရှိသလောက် ရှိသည်ဟု ဆိုပါလျှင် ကျွန်တော်တို့ အစွမ်းအစကြောင့်ဟု ဆိုခြင်းထက် ဆရာသာလှ၏ လေ့ကျင့်ပေးမှု ကောင်ခြင်းကြောင့်ဟု ဆိုက ပိုမှန်ပါမည်။
(ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်စာစောင် (၁၉၇၀) အပိုင်း(၁)မှ ကောက်နုတ်ဖော်ပြတယ်။) ဒေါက်တာညီညီ (http://www.geolfriends.com/)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။