အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်လာရင် မေးခွန်းထုတ်စရာတွေ တပုံကြီးရှိနေတဲ့ အာရပ်ကမ္ဘာမှာ အောင်မြင်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အီရတ်နိုင်ငံက “ဂူလာလာ နိုရိ (Gulala Nouri)” ဟာ အောင်မြင်တဲ့ အမျိုးသမီး ကဗျာဆရာ တစ်ဦးသာမက စာနယ်ဇင်း၊ ရုပ်မြင်သံကြား၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ အရေးပါတဲ့ နေရာတွေကနေ တာဝန်ထမ်းဆောင်နေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဂူလာလာဟာ အီရတ်နိုင်ငံက စာရေးဆရာများသမဂ္ဂ၊ စာနယ်ဇင်းအစည်းအရုံးနဲ့ အီရတ်ဘာသာပြန်သူများ သမဂ္ဂတို့မှာ တက်ကြွတဲ့ အဖွဲ့ဝင် တစ်ယောက်လည်းဖြစ်ပါတယ်။ အီရတ်နိုင်ငံတွင်းနဲ့ အခြားနိုင်ငံတကာမှာ ကျင်းပတဲ့ စာပေပွဲတော်တွေမှာလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဂူလာလာဟာ သူမရဲ့ ကိုယ်ပိုင်ကဗျာစုစည်းမှု စာအုပ် ၄အုပ်၊ ဆိုဗီယက်ကဗျာဆရာ ဗီဆိုစကီ (Vysotsky) ရဲ့ ဘဝနဲ့ကဗျာတွေကို ရုရှားဘာသာကနေ အာရဘီ ဘာသာကို ပြန်ဆိုတဲ့ ကဗျာစာအုပ် ၁အုပ် နဲ့ ရုရှားဘာသာကနေ ကာဒီ ဘာသာကို ပြန်ဆိုတဲ့ စာအုပ် ၁အုပ် ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ အဒီ ဘာသာပြန်စာအုပ် ၂ အုပ်ဟာ ၂၀၁၁ ခုနှစ်မှာ ပိုလန်နိုင်ငံက စာပေပွဲတော်မှာ best product ဆုကို ရရှိခဲ့ပါတယ်။ ဂူလာလာရဲ့ ပထမဆုံးသော ဝတ္ထုတို စုစည်းမှုစာအုပ်နဲ့ ဆဒန်ဟူစိန်လက်ထက်က ဓာတုပေါက်ပွဲမှုတစ်ခုအကြောင်းဖြစ်တဲ့ Halabja Disaster အကြောင်းကို ကာဒီ ကနေ အင်္ဂလိပ်ကို ပြန်ထားတဲ့ ဘာသာပြန် ဝတ္ထုတိုစာအုပ်တို့ကို မကြာမီထုတ်ဝေမှာဖြစ်ပါတယ်။ ဂူလာလာရဲ့စာတွေကို အင်္ဂလိပ်ဘာသာ၊ ပါရှန်း၊ ရုရှား၊ မွန်ဂိုလီးယန်း စသည်ဖြင့် ဘာသာစကား အတော်များများကို ပြန်ဆိုခဲ့ကြပါတယ်။
ဂူလာလာဟာ အီရတ်နိုင်ငံမှာ ရင်ဆိုင်တွေ့ခဲ့တဲ့ စစ်ပွဲကြီး ၃ ပွဲလုံးကို မျက်မြင်တွေ့ကြုံ ဖြတ်သန်းခဲ့တဲ့ မျိုးဆက်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေကတော့ အီရန်-အီရန်စစ်ပွဲ၊ အီရတ်-ကူဝိတ် စစ်ပွဲနဲ့ အခုနောက်ဆုံး ဆဒန်ဟူစိန်ကို ဖယ်ရှားခဲ့တဲ့ စစ်ပွဲတို့ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေအားလုံးကို ဖြတ်သန်းခဲ့ရတဲ့ စာရေးဆရာမျိုးဆက်တွေရဲ့ စာပေတွေကို အဲဒီကာလရဲ့ သက်ရှိ ပညာတတ် သက်သေခံတွေလို့ တင်စားကြတယ်လို့ ဂူလာလာက ပြောပြခဲ့ပါတယ်။
အမျိုးသမီးတွေအပေါ်မှာ တင်းကျပ်တဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်ခဲ့တဲ့ ဂူလာလာ ဟာ အသက် တစ်ဆယ့်ရှစ်နှစ် အရွယ်ကတည်းက သူ့ဇာတိ ကာကတ်မြို့ကနေ ထွက်လာပြီး ဘဂ္ဂဒက်မှာ မိမိဘာသာ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ မြို့တော် ဘဂ္ဂဒက်မှာ ကဗျာဆရာအဖြစ်ရော သတင်းထောက်အဖြစ်ပါ လုပ်ကိုင်နေတုန်း ဆဒန်ဟူစိန်အတွက် ဘုန်းတော်ဘွဲ့ကဗျာ ရေးပေးဖို့ သူ့ကို အထက်လူကြီးက ခိုင်းလာတာကို ကြုံခဲ့ဖူးပါတယ်။ ဂူလာလာက မရေးချင်ကြောင်း ပြောတော့ ဒါဆို မရေးချင်ဘူးဆိုတာကို စာနဲ့ရေး လက်မှတ်ထိုးပြီး ပြောရမယ်တဲ့။ လူတစ်ယောက်ရဲ့ အသက်ဆိုတာ စက္ကန့်ပိုင်းအတွင်း ဖက်ရွက်လို ကြွေသွားနိုင်တဲ့နေရာမှာ ဂူလာလာဟာ အခက်အခဲကြုံရတော့တယ်။ အဲဒီစာကို ရေးဖို့ နေ့ရွှေ့ညရွှေ့ အချိန်ဆွဲပြီး နောက်တော့ သူအိမ်ထောင်ပြုတော့မယ် လို့ ညာပြောပြီး အလုပ်က ထွက်လာခဲ့တယ်။
ဂူလာလာရဲ့ဘဝမှာ အလှည့်အပြောင်းတွေ အများကြီးပါ။ နေရာတွေလည်း အတော်များများ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ အောင်မြင်လာတာနဲ့အမျှ ခြိမ်းခြောက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ တစ်ခါကတော့ ဘဂ္ဂဒက်မြို့မှာ တက္ကစီစီးလာတုန်း သူ့နောက်ကို လက်နက်ကိုင်လူတစ်ခုက လိုက်ခဲ့တယ်။ ပါးနပ်တဲ့ ကားဒရိုင်ဘာရဲ့ ကူညီမှုကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်။ အဲဒီနောက် ယူကရိန်းနိုင်ငံမှာ ပညာဆက်သင်ခဲ့ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ ပီအိတ်ခ်ျဒီ ပါရဂူဘွဲ့ကို အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။
ဂူလာလာရဲ့ လက်ရာတွေကို မတင်ပြခင် အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် သူဖြေခဲ့တဲ့ အင်တာဗျူးကို ဘာသာပြန်ပေးလိုက်ပါတယ်။ မေးခွန်းတွေကို ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။
မေး။ ။ ဆရာမက ဘယ်ဒေသကပါလဲ။ ဘယ်လိုကြီးပြင်းခဲ့ပြီးတော့ အခု ဘယ်နေရာမှာ နေထိုင်ပါသလဲ။
ဖြေ။ ။ ကျွန်မက အီရတ်-ကာဒစ်စတန် ဒေသကပါ။ ကာဒစ်စတန်ဒေသဆိုတာ အီရတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပါတယ်။ အရှေ့ဘက်မှာ အီရန်နိုင်ငံ၊ မြောက်ဘက်မှာ တူရကီနိုင်ငံ၊ အနောက်ဘက်မှာ ဆီးရီးယားနိုင်ငံနဲ့ တေင်ဘက်မှာတော့ အီရတ်နိုင်ငံထဲက အခြားဒေသတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အီရတ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်မှာ အီရတ်-ကာဒစ်စတန်ကို အီရတ်ရဲ့ ဖယ်ဒရယ်ဒေသတစ်ခုလို့ အဓိပ္ပာယ် သတ်မှတ်ထားပါတယ်။ အာရဘီဘာသာနဲ့ ကာဒီဘာသာကိုလည်း ရုံးသုံးဘာသာစကားတွေအဖြစ် ပူးတွဲသတ်မှတ်ထားပါတယ်။ အမျိုးသားရေးဝါဒီနဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ အများကြီးရှိပြီး အာရပ်လူမျိုးကြီးဝါဒ ထွန်းကားနေတဲ့အချိန်မှာ ကာကပ်ဒေသမှာ ကြီးပြင်းခဲ့ရပါတယ်။ (အာရပ်လူမျိုးကြီးဝါဒ ဆိုတာ ကျွန်မတို့ရဲ့ ကာဒီ ဘာသာစကားကို သင်ခွင့်မရတာ၊ ပြီးတော့ ကာ့ဒ်လူမျိုးတွေကို မြို့ပြင်ထွက်စေပြီး အာရပ်မိသားစုတွေရဲ့ အိမ်တွေ မြေတွေကို မြို့ထဲမှာ နေရာချလာတာပါ။) အဲဒီလို လူမျိုးရေးဝါဒကို အာဏာရှင် ဆဒန်ဟူစိန်က မျိုးစေ့ချခဲ့တာပါ။
မေး။ ။ဆရာမက အချိန်ပြည့်စာရေးဆရာတစ်ယောက် ဖြစ်ပါသလား။ မဟုတ်ခဲ့ဘူးဆိုရင် တခြားဘာတွေများ လုပ်ပါသလဲ။
ဖြေ။ ။တကယ်တော့ ကျွန်မတို့နိုင်ငံမှာ အချိန်ပြည့်စာရေးဆရာဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ သေချာတာပေါ့။ ကျွန်မ ရှင်သန်နေထိုင်ဖို့ (စာရေးခြင်းအပြင်)တခြားအလုပ်တစ်ခု လုပ်သင့်တယ်လေ။ ကျွန်မ မီဒီယာလုပ်ငန်းတွေမှာ (ရုပ်မြင်သံကြားရော၊ သတင်းနဲ့စာနယ်ဇင်းမှာရော) လုပ်ခဲ့ပါတယ်။ အခုလောလောဆယ်တော့ ကာဒစ်စတန်ဒေသရဲ့ အာဘေလ် မြို့မှာရှိတဲ့ High Commotion of Erbil Citadel Revitalization ရဲ့ လူထုဆက်ဆံရေးနဲ့ မီဒီယာ ဌာနမှာ လုပ်နေပါတယ်။ (အဲဒီ နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကတည်းက အခုအထိ လူနေထိုင်မှု မပြတ်ခဲ့တဲ့ ကမ္ဘာ့အဟောင်းဆုံး မြို့လို့ သတ်မှတ်ခံရပါတယ်။) အဲဒီအပြင် Berma Company ရဲ့ ဆောက်လုပ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဌာနမှာ လူထုဆက်ဆံရေး မန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေပါတယ်။
မေး။ ။ကျားမဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ ဆရာမရဲ့ စာတွေထဲမှာ ထင်ဟပ်နေပါသလား။ ဘယ်လိုများ ထင်ဟပ်နေပါသလဲ။
ဖြေ။ ။ကျားမဖြစ်တည်မှုနဲ့ ပတ်သက်လို့တော့ ကျွန်မ စပြီး စာရေးချိန်မှာ ကိုယ့်ကိုယ်ကို ယောင်္ကျားလား မိန်းမလားဆိုတာ မှန်ထဲမှာရော ကျွန်မရဲ့အတွင်းစိတ်ထဲမှာရော ပြန်မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မဟာ မိန်းမတစ်ယောက် ဖြစ်ခြင်းနဲ့ မိန်းမတစ်ယောက်ရဲ့ အတွေ့အကြုံတွေအားလုံး အတွက်ကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ တကယ့်ဘဝဖြစ်တဲ့ “မိန်းမတစ်ယောက်ရဲ့ အခွင့်အရေး” လို့ မပြောခင်မှာ ကျွန်မက “လူသားတစ်ယောက်ရဲ့ အခွင့်အရေး” ဆိုတာကို အရင်ပြောချင်သူပါ။ ကျွန်မတို့ ဖြတ်သန်းနေရတဲ့ မော်ဒန်ခေတ်ရဲ့ ကြမ်းတမ်းမှုတွေကို ရင်ဆိုင်နေရချိန် စာရေးသားခြင်းရဲ့ အခန်းကဏ္ဍဆိုတာကို မေးခွန်းထုတ်တဲ့နေရာမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ်ဟာ ကျွန်မဘဝထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နေပါတယ်။ အဲဒါတွေအားလုံးဟာ ကျွန်မကိုကျွန်မ ပြန်မြင်တဲ့ ဖီလော်ဆော်ဖီရဲ့ အစိတ်အပိုင်းတွေဖြစ်သလို နောက်ဆုံး ကျွန်မရေးသားတဲ့ စာတွေထဲအထိ ရောက်ရှိနေပါတယ်။
မေး။ ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။ ။ကျွန်မ အသက်ရှူဖို့ စာရေးပါတယ်။ ကျွန်မဟာ ကျွန်မကိုယ်တိုင်ဖြစ်ဖို့ စာရေးပါတယ်။ စာရေးခြင်းဟာ မှန်ကန်စွာ နေထိုင်မှုအတွက် ကျွန်မရဲ့ ခေါင်း၊ အသည်းနှလုံးနဲ့ ကိုယ်ခန္ဓာကို မျှတအောင် ချိန်ညှိပေးပါတယ်။ ကျွန်မရဲ့ ခံစားချက်တွေဟာ လယ်ဗယ်အမျိုးမျိုးကြားမှာ တိုက်ခိုက်နေကြပါတယ်။ စာရေးခြင်းဟာ အဲဒါတွေကို ဖြေရှင်းနိုင်တဲ့ ပွိုင့်တစ်ခုကို ရောက်စေပါတယ်။ သူတို့ကြားမှာ ရှင်းလင်းပြတ်သားပြီး မြင်ရတဲ့ မျဉ်းတွေဆွဲပေးပါတယ်။ ဒီတော့ စာတွေထဲမှာ ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခုကို ထားခဲ့ပြီးတော့ ကျွန်မရဲ့ ဘဝကို ရှေ့ဆက်စေပါတယ်။ အဲဒါဟာ ကျွန်မကို ဗဟုသုတနဲ့ နောက်ထပ်အဆင့် ဖျော်ဖြေမှုအသစ်တွေကို ပေးစေပါတယ်။ ကျွန်မအတွက်တော့ စာရေးခြင်းဆိုတာ အထူးသဖြင့် ကဗျာရေးခြင်းဟာ သိပ်ကို အဆင့်မြင့်တဲ့ပုံစံနဲ့ ဖျော်ဖြေမှုတစ်ခုပါ။ နောက်ပြီးတော့ ကျွန်မဟာ မာယာများတဲ့ ကမ္ဘာမှာ ရှုံးနိမ့်နေတဲ့ တိုက်ခိုက်သူတစ်ဦး ဖြစ်နေတဲ့အတွက် စာရေးပါတယ်။
မေး။ ။ ဆရာမဟာ IWP ကို ဘယ်လိုရောက်လာခဲ့ပါသလဲ။
ဖြေ။ ။ အီရတ်က တခြားမြို့တွေမှာရှိတဲ့ စာရေးဆရာတွေနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်မရဲ့ဇာတိမြို့ ကာကပ်မှာရှိတဲ့ အမေရိကန် ကောင်စစ်ရုံးက ကျွန်မရဲ့ နာမည်ကို လျှောက်လွှာတင်လိုက်ပါတယ်။ ပြီးတော့ အိုင်အိုဝါတက္ကသိုလ်ရဲ့ အစီအစဉ်မှာ အီရတ်နိုင်ငံကို ကိုယ်စားပြုဖို့အတွက် ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ အိုင်အိုဝါတက္ကသိုလ်က အတည်ပြုပြီးတဲ့အခါ ကျွန်မ ဒီကိုရောက်လာခဲ့ပါတယ်။
မေး။ ။ဒီအစီအစဉ် မှာ ဘာတွေပါဝင်ဖို့ စိတ်ကူးကြံစည် ထားခဲ့ပါသလဲ။ တကယ့်တကယ် အိုင်အိုဝါကို ရောက်လာတော့ ဘာတွေလုပ်ဖြစ်ပါသလဲ။
ဖြေ။ ။ဒီခရီးအတွက် ကျွန်မရဲ့အမြင်တွေကို စာအုပ်တစ်အုပ်ရေးဖို့ စိတ်ကူးခဲ့ပါတယ်။ အဲဒါတွေကတော့ အိုင်အိုဝါမြို့အကြောင်း၊ ဒီမှာ ကျွန်မတို့ ပါဝင်ခဲ့တဲ့ စာပေလှုပ်ရှားမှုတွေအကြောင်းနဲ့ အိုင်အိုဝါကနေတဆင့် တွေ့ကြုံခဲ့ရတဲ့ အမေရိကန် မော်ဒန်စာပေအကြောင်း စတာတွေပါ။ ၂၀၁၂ IWP မှာပါဝင်တဲ့ ကဗျာဆရာတချို့ရဲ့ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းနဲ့ သူတို့ရဲ့ ကဗျာတချို့ကို အာရဘီဘာသာကို ပြန်ဆိုနေပါတယ်။ အဲဒီအပြင် ကျွန်မရဲ့ ငါးအုပ်မြောက် ကဗျာစုစည်းမှုအတွက် ကဗျာအသစ်တွေ ရေးနေပါတယ်။
မေး။ ။ ဆရာမ နေထိုင်တဲ့ နေရာတွေရဲ့ စာပေမြင်ကွင်းကို ပြောပြနိုင်မလား။
ဖြေ။ ။ ဒီမေးခွန်းကို ဖြေဖို့အတွက် စာအုပ်တစ်အုပ်စာလောက် ရေးဖို့လိုမယ်။ ကျွန်မ နိုင်ငံတွေအများကြီးနဲ့ မြို့တွေအများကြီးမှာ နေထိုင်ခဲ့ပါတယ်။ ဘယ်နေရာကို ပြောပြစေချင်တာပါလိမ့်။
မေး။ ။ အီရတ်မှာ စာပေပွဲတော်တွေ ဘယ်လောက် မကြာခဏ ကျင်းပပါသလဲ။ ဘာတွေကို အဓိကထားပြီး ကျင်းပလေ့ရှိပါသလဲ။ ဥပမာ ကဗျာ၊ သုတ၊ အထွေထွေအနုပညာ စသည်ဖြင့်ပေါ့။
ဖြေ။ ။ပွဲတော်တွေက အများကြီးပါ။ အခြေခံကျတဲ့ တစ်ခုကတော့ မာဘစ် ပွဲတော်ဖြစ်ပါတယ်။ အီရတ်တောင်ပိုင်း ဘဆရာမြို့မှာ ကျင်းပပါတယ်။ အဲဒါဟာ ကဗျာကို အဓိကထားပြီး ကျင်းပတဲ့ နိုင်ငံတကာ ကဗျာပွဲတော် ဖြစ်ပါတယ်။ ကျွန်မအခုနေထိုင်နေတဲ့ အီရတ်မြောက်ပိုင်းက ကာဒစ်စတန်ဒေသမှာတော့ နိုင်ငံတကာ ပွဲတော်တွေ အများကြီးကျင်းပပါတယ်။ ကဗျာ၊ ရုပ်ရှင်၊ အက၊ စာအုပ်ပြပွဲ၊ ထုတ်ဝေဖြန့်ချိတဲ့ စာပေတိုက်တွေရဲ့ ပွဲတော်၊ ယဉ်ကျေးမှုနဲ့ စီးပွးရေးဆိုင်ရာ ပြပွဲတွေ အများကြီးရှိပါတယ်။
မေး။ ။ပြည်တွင်း စာပေဆုတွေ ရှိပါသလား။ ဒီဆုတွေ ရဖို့ ဘယ်ဘာသာစကားတွေနဲ့ ယှဉ်ပြိုင်ရပါသလဲ။
ဖြေ။ ။ စာပေဆုတွေ ရှိပါတယ်။ ဒါပေမယ့် သိပ်တော့ အားမကောင်းပါဘူး။ အီရတ်မှာ နေထိုင်တဲ့ ဘယ်နိုင်ငံသားမဆို သူတို့ရဲ့ ဘာသာစကားနဲ့ ရေးပိုင်ခွင့်ရှိပါတယ်။ ပြီးတော့ စီစဉ်သူတွေ ဆန္ဒရှိသလို ဆုတွေ ချီးမြှင့်နိုင်ပါတယ်။
မေး။ ။အီရတ်စာပေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက ဘယ်လိုများရှိပါသလဲ။
ဖြေ။ ။အီရတ်ဟာ အမျိုးသားလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းပါ။ ဒါဟာ စာပေကဏ္ဍမှာလည်း သက်ရောက်မှုရှိပါတယ်။ အမျိုးသားတွေနဲ့စာရင် အမျိုးသမီးပါဝင်မှုက အရမ်းနည်းပါတယ်။ သိပ်ကောင်းတဲ့ အမျိုးသမီး စာရေးဆရာတွေကလည်း အခုအချိန်မှာ အီရတ်နိုင်ငံပြင်ပမှာ ရောက်နေကြပါတယ်။ ဒါဟာ တကယ့်ကို ဝမ်းနည်းစရာပါ။ စာရေးဆရာမ အသစ်တစ်ယောက် ပေါ်လာတယ်ဆိုရင် ကျွန်မတို့ဟာ သူ ဆက်ပြီး စာရေးလိမ့်မယ် ဖန်တီးမှုတွေ လုပ်တော့မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် သိပ်မကြာဘူး ပျောက်သွားလေ့ရှိပါတယ်။ ဒီလို သူထွက်သွားဖြစ်ဖို့အတွက် လူမှုရေး အကြောင်းပြချက်တွေ အများကြီးရှိလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း စာပေနယ်မှာ အမျိုးသမီးတွေ ပါဝင်လာကြရင် မီးမောင်းထိုးပေး ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခြေခံကိုက သိပ်ပြီး ဖန်တီးမှု အားမကောင်းရင်လည်း ကြာရှည်မခံတတ်ပါဘူး။
မေး။ ။ဆရာမတို့နိုင်ငံမှာ ကဗျာကို ကျယ်ကျယ်လောင်လောင် အသံထွက်ပြီး ဖတ်လေ့၊ ရွတ်ဆိုလေ့၊သရုပ်ဖော်လေ့ ရှိကြပါသလား။ ရှိခဲ့တယ်ဆိုရင် အဲဒါဟာ ခေတ်ပြိုင်လှုပ်ရှားမှု တစ်ရပ်လား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမှာ ပါခဲ့လို့ ဆက်ရွတ်နေကြတာလား။
ဖြေ။ ။များသောအားဖြင့် ကဗျာကို အသံထွက်ပြီး ရွတ်ကြပါတယ်။ တချို့လည်း ပြဇာတ်လို သရုပ်ဖော်ကြပါတယ် (အတော်တော့ ရှားပါတယ်)။ ကဗျာရွတ်ခြင်း ဟာ အီရတ်မှာ ခေတ်ပြိုင်လှုပ်ရှားမှုအနေနဲ့တော့ မရှိပါဘူး။ ပြင်သစ်နိုင်ငံက လူဒက်ဗ်မှာ နိုင်ငံတကာကဗျာပွဲတော်တစ်ခုကို တက်ခဲ့တော့မှ စိတ်ဝင်စားဖွယ် နည်းလမ်းတွေနဲ့ အလွန်ကို ခေတ်မီတဲ့ ကဗျာရွတ်ပုံတွေနဲ့ လူတွေစုဝေးနားထောင်ကြတဲ့ ခေတ်ပြိုင် ကဗျာရွတ်ပွဲတွေကို မြင်ဖူးတာပါ။ ဥပမာ တောအုပ်ထဲမှာ ကဗျာဆရာက ကဗျာရွတ်နေတုန်း နားထောင်သူတွေက နေရောင်ထဲမှာ လဲလျောင်းနေတာ၊ ကျွန်မတို့က တံတားလေးပေါ်မှာ ရွတ်နေတုံး နားထောင်သူတွေက ကုလားထိုင်မှာထိုင်နေတာ၊ မြစ်ကမ်းဘေးမှာ နားနားနေနေထိုင်နေတာ၊ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားတွေက လာနားထောင်တာ၊ အဲဒါတွေက တကယ့်ကို အံ့သြစရာပါ။
မေး။ ။ဆရာမက ဘယ်ဘာသာစကားတွေနဲ့ စာရေးသားပါသလဲ။
ဖြေ။ ။ကျွန်မ အာရဘီ ဘာသာနဲ့ ရေးပါတယ်။ အင်္ဂလိပ်လိုတော့ ရေးခဲပါတယ်။ ကာဒီဘာသာနဲ့လည်း ရေးတာရှားပါတယ်။ ဆိုလိုချင်တာက ကျွန်မ ကဗျာတွေနဲ့ ဝတ္ထုတိုတွေကို ရေးရင် အာရဘီ သာနဲ့ တိုက်ရိုက်ရေးပါတယ်။ ဒါပေမယ့် ဘသာပြန်ရင်တော့ ကာဒီဘာသာကနေ အာရဘီ နဲ့ အင်္ဂလိပ်ကို ပြန်ပါတယ်။ ကျွန်မက ရုရှားဘာသာစကားကနေ ကာဒီနဲ့ အာရဘီ လိုလည်း ပြန်ပါတယ်။
မေး။ ။ဆရာမရဲ့ စာပေတွေကို လွှမ်းမိုးတဲ့ စာရေးဆရာတွေ ဘယ်သူများလဲ ဘယ်နိုင်ငံကပါလဲ။ အများဆုံး စာရေးဆရာ ၃ ယောက်ကို ပြောပြပါလား။
ဖြေ။ ။အများကြီးပဲ၊ သုံးယောက်တည်း ပြောပြလို့မရဘူး။ ပြောရရင် စာပိုဒ်လေး နှစ်ပိုဒ်လောက်ပဲ ဖတ်မိတာဖြစ်ဖြစ် ကျွန်မ ဖတ်မိသူတိုင်းက ကျွန်မကို တစ်နည်းနည်းနဲ့ လွှမ်းမိုးတာချည်းပါပဲ။
မေး။ ။နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ပတ်ဝန်းကျင်က ဆရာမရဲ့ စာတွေနဲ့ စာရေးသားနိုင်စွမ်းအပေါ် ဘယ်လို လွှမ်းမိုးပါသလဲ။
ဖြေ။ ။အီရတ်ရဲ့ နိုင်ငံရေး အခြေအနေတွေက သိပ်ကို ကြီးမားပါတယ်။ ဒါတွေဟာ အီရတ်က စာရေးဆရာအားလုံးနဲ့ သူတို့ရဲ့ စာတွေအပေါ် အသေအချာကို အကြီးအကျယ် လွှမ်းမိုးပါတယ်။ ကျွန်မတို့ဟာ စာရေးဆရာတွေ အနေနဲ့ အီရတ်ရဲ့ နိုင်ငံရေး အခြေအနေတွေကို ကျွန်မတို့ စာပေတွေကတဆင့် မှတ်တမ်းတင်ထားသလို ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ အစိုးရ (ဆဒန်ဟူစိန်) ပြုတ်ကျသွားပြီးတဲ့အခါ ဒီနေ့ခေတ်မှာ ကျွန်မတို့ရဲ့ စာရေးသားခြင်းရယ် စတိုင်မျိုးစုံနဲ့ ကိုယ့်ကိုယ်ကို ဖော်ပြနိုင်ခြင်းရယ်ဟာ ပိုလွတ်လပ်လာပါတယ်။ အီရတ်က စာရေးဆရာတွေဟာ ဖန်တီးမှု အားမကောင်းဘူးဆိုရင် သူတို့မှာ ဘယ်လိုရေးရမယ်လို့ ချုပ်နှောင်ခံထားရတာ ဆိုတဲ့ အကြောင်းပြချက်မျိုးတော့ မရှိဘူးလို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် တချို့ အနီရောင်မျဉ်းတွေတော့ ရှိပါတယ်။ ဥပမာ တချို့လူတွေရဲ့ဘဝမှာ ကိုးကွယ်ယုံကြည်မှု ဖြစ်နေတဲ့ ဘာသာရေး သင်္ကေတတစ်ခုခုကို တိုက်ခိုက်တာကို ဆိုလိုပါတယ်။
မေး။ ။အမျိုးသမီးတစ်ယောက်အနေနဲ့ အခုလို ကဗျာစာအုပ် ၄ အုပ် ထုတ်ဝေနိုင်ဖို့ ဘယ်အရာတွေက အထူးတလည် စိန်ခေါ်မှုရှိပါသလဲ။
ဖြေ။ ။ထုတ်ဝေခြင်းက တကယ်တော့ စိန်ခေါ်မှု မဟုတ်ပါဘူး။ ဒါပေမယ့် စာတွေကတဆင့် ကျွန်မကို ကျွန်မ ဘယ်လို ဖော်ပြရင် ကောင်းမလဲလို့ ရွေးချယ် ဆုံးဖြတ်ရတာက တကယ့်စိန်ခေါ်မှုပါ။
ဂူလာလာရဲ့ ကဗျာတွေထဲက နှစ်ပုဒ်ကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ ပထမတစ်ပုဒ်ကတော့ စစ်ပွဲအကြောင်းနဲ့ ပတ်သက်နေပါတယ်။ အီရတ်နိုင်ငံကမို့ စစ်ပွဲအကြောင်း ရေးတာ မဆန်းပေမယ့် သူ့ချဉ်းကပ်ပုံကတော့ စိတ်ဝင်စားစရာပါ။
________________________________________________________
အကောင်းမြင်
ငါသူ့ကိုအမြဲပြောတယ်
သူငယ်ချင်း
စစ်ဆိုတာ ဆုံးရှုံးမှုတွေ တသီတတန်းပဲ လို့။
သူက ပြောတယ်
ဒီမှာ ငါ့ဟဲလမက်ကိုကြည့်
ထိပ်မှာ ထက်ပိုင်းပြတ်နေပြီ
ဒါပေမယ့် ငါ့ခေါင်းတော့ ကျန်သေးတယ် တဲ့။
ဂူလာလာ နိုရိ
(အီရတ်နိုင်ငံမှ ကဗျာဆရာမ ဂူလာလာနိုရိ၏ Optimism ကို အာရဘီဘာသာမှ အင်္ဂလိပ်ဘာသာသို့ Khaled Mattawaက ပြန်ထားသည်ကို ပန်ဒိုရာက မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။)
နောက်ထပ်ကဗျာတစ်ပုဒ်ကတော့ အချစ်ကဗျာပါ။ ဂူလာလာပြောပြချက်အရ သူတို့ဆီမှာ ဘာသာရေးနဲ့ ဓလေ့ထုံးစံတွေ တင်းကျပ်မှုကြောင့် အခုလို မိန်းကလေး တစ်ယောက်ကနေ ယောင်္ကျားလေးတစ်ယောက်ကို ဘယ်လိုချစ်တာ ဘယ်လို ရင်ခုန်တာ ဆိုတာမျိုးကို ဖွဲ့နွဲ့ရေးရတာဟာ အလွန်ကို အန္တရာယ်ကြီးပါသတဲ့။ ဒီကဗျာမှာတော့ ယောင်္ကျားလေးကို ချစ်ပုံက သူ့ရဲ့ ဆဲလ်တွေရဲ့ ရနံ့အထိတောင် စွဲလန်းတယ်ဆိုပြီး ကဲကဲပိုပို ဆိုထားတော့ ဒါဟာ အီရတ်မှာတော့ စွန့်စွန့်စားစား ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ။
သစ္စာဖောက်တွေကို လွှင့်ပစ်လိုက်မယ်
ရှင့်ဆဲလ်တွေရဲ့ရနံ့ ဟာ တောအုပ်
ဆလပ်ဗ်ဘုရင်တွေရဲ့ မြင်းတွေ
အဘွားအိမ်က ဖန်ထည်ပစ္စည်းတွေလို စစ်မှန်မှု
အရုဏ်ဦးလို သန့်စင်မှု
စိတ်လှုပ်ရှားမှု၊ ရင်းနှီးကျွမ်းဝင်ခြင်းတို့ပေါင်းစုရာ၊ လှုံ့ဆော်မှုတွေအပြည့်
ရာသီဦးမှာ ပထမဆုံး ရိတ်သိမ်းလိုက်တဲ့ လယ်သမားအသစ်စက်စက်ရဲ့ လက်တွေလို
ဒါမှမဟုတ် ဂီတသင်္ကေတတွေကိုပဲ သိတဲ့ မင်းသားတစ်ပါးရဲ့ လက်တွေလို
ပျော်ရွှင်မှု
ရှင့် ဆဲလ်တွေရဲ့ သင်းရနံ့ဟာ
အာရပ်ရေမွှေးနံ့နဲ့ ချုပ်လုပ်ထားတဲ့ ရွက်ဖျင်တဲတွေ
နွေဦးကာလနှောင်းပိုင်းရဲ့ လင်းလက်တဲ့နေ့တွေ
သူတို့ပေါ်မှာ မိုးရေတွေ ကခုန်သွားပြီးချိန်မှာ
ရွာထဲက မြက်ပင်တွေရဲ့ ငိုက်မျည်းမှု
ပျော်ရွှင်စရာ မင်္ဂလာဆောင်တွေနဲ့ ပြည့်နေတဲ့ အိမ်တွေ
ရှင့် ဆဲလ်တွေရဲ့ မွှေးရနံ့က လွတ်လပ်မှု၊ ရင်းနှီးဖော်ရွေမှု၊ မွေးကင်းစကလေးငယ်
အုပ်စုဖွဲ့ ပျားရိုင်းတွေ
ရယ်မောသံတွေ၊ ပျော်ပျော်ရွှင်ရွှင် အော်ဟစ်မြူးထူးသံတွေ
တစ်ခါတလေကျတော့ ငြိမ်သက်မှု၊ လျို့ဝှက်ဆန်းကြယ်မှု၊ တိတ်ဆိတ်မှု၊ သီးသန့်ဖြစ်မှု
ဒါမှမဟုတ် ပန်းခြံထဲက ချုံတွေကို ဖြတ်ညှိခြင်း
ရှင့် ဆလပ်ဗ် ဆဲလ်တွေရဲ့ အမွှေးနံ့ဟာ
ကျွန်မနှာခေါင်းဝကို ဖြတ်ပြေးသွား
ကျွန်မရဲ့ သနားစရာ နှာခေါင်းလေး ရှင့်လည်ပင်းပေါ်က အနံ့ဖျော့ဖျော့လေးရဲ့ရှေ့မှာ
ဒီကဗျာထဲမှာလေ ကျွန်မ နှာခေါင်းလေးဟာ
အနက်အဓိပ္ပာယ်တွေ မှန်သမျှ ဖွင့်ဆိုပြနိုင်တဲ့
မြို့ရဲ့စာကြည့်တိုက်လောက်သာ ကြီးကျယ်လိုက်စေချင်
မွှေးရနံ့တွေကရော တစ်ခုနဲ့တစ်ခု ချစ်သွားတတ်ကြသလားဟင်
ရှင့်ဆဲလ်တွေရဲ့ သင်းရနံ့ ပူးကပ်ဖမ်းစားမှုအောက်မှာ
အသက်မဝင်တော့တဲ့ အသုံးမကျတော့တဲ့ ကျေးဇူးမသိတတ်တဲ့
ကျွန်မရဲ့ ရေမွှေးပုလင်းတွေ
အဲဒီသစ္စာဖောက် ရေမွှေးပုလင်းတွေကို အကုန်လွှင့်ပစ်လိုက်တော့မယ်။
ဂူလာလာ နိုရိ
(အီရတ်နိုင်ငံမှ ကဗျာဆရာမ ဂူလာလာနိုရိ၏ I will throw out the traitors! ကို အာရဘီဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဆရာမကိုယ်တိုင် ပြန်ထားသည်ကို ပန်ဒိုရာက မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။)
ပန်ဒိုရာ
၂၉ ဒီဇင်ဘာ ၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။