by Thorn Nay Soe on Wednesday, October 17, 2012 at 6:20am ·
ကျနော့်ကိုကျနော် အရင်က အစားသောက် သိပ်မမက်ဘူးလို့
ထင်ထားခဲ့တာ။ တခါတလေ တစ်နေ့လုံးနေလို့မှ ပေါင်မုန့်လေး တစ်ချပ်လောက်နဲ့
ပြီးခဲ့တာလည်း ရှိ။ တစ်ခုခုကို ကိုယ်က အာရုံဝင်စားနေရင် မထတမ်း၊ မစားစတမ်းကို
လုပ်တတ်တော့တာ။ အစားအသောက်ငမ်းတဲ့သူတွေဆို
စိတ်ထဲကြိတ်ပြီး ကဲ့ရဲ့မိနေကျ။ အဲဒီဝဋ်တွေ လည်တာ ထင်ပါရဲ့။
ဒါပေမဲ့ ထောင်ထဲရောက်သွားမှပဲ
ကိုယ့်ကိုယ်ကို အတော်ငတ်မှန်း သိခဲ့ရတော့တယ်။
ထောင်ထဲမှာ ကျနော်တို့ကို ကျွေးတာ ပေါပေါပဲပဲ လို့
အတိုကောက်ခေါ်ကြတယ်။
မနက်ကို ပဲဟင်း ည တာလပေါ လေ။ ဒါကြောင့်
ပဲပဲပေါပေါလို့ ပြောရမလားပေါ့။
ထောင်ပဲဟင်းကတော့ နာမည်ကျော်တဲ့အတိုင်းပါပဲ။
ဘယ်လိုချက်မှန်းမသိ။ အရသာကို တစ်စက်မှ မရှိတာ။
အရင်က နိုင်ငံရေးအကျဉ်းသားတွေ
အဲဒီကိစ္စအရေးဆိုခဲ့ဘူးကြသေးတယ်။ ခုတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ။
တာလပေါဆိုတာကတော့ ပြောရရင် ရေနွေးထဲ
အရွက်ထည့်ပြုတ်ထားတာပါ။
တကယ်တော့ ရေနွေးပါပဲ၊ အရွက်တွေခပ်ထားတဲ့
ရေနွေးလို့ပဲ ပြောရမယ် ထင်တယ်။
ဒါပေမဲ့ အမှန်တိုင်းဝန်ခံရရင် ကျနော့်လိုလူက
အဲဒီပေါပေါပဲပဲကို စားစရာမလိုလှပါဘူး။
ကိုယ်က ထောင်ကျသေးတာလည်း မဟုတ်။
အချုပ်သားဘ၀နဲ့ အမှုရင်ဆိုင်နေရဆဲမို့
တစ်ပတ်တစ်ကြိမ် ရုံးထွက်ကလည်း ရှိနေတော့ တခြားသူတွေထက်စာရင်
တော်သေးတယ်ဆိုရမှာပေါ့။
ဒီလိုနေရင်းက ကံဆိုးချင်တယ်လို့ပဲ ပြောရမလား?
အတွေ့ကြုံပဲ စုံချင်တယ် ဆိုရမလားမသိပါ။ ပေါပေါပဲပဲနဲ့ တည့်တည့်တိုးစရာ
ဖြစ်လာရပါတော့တယ်။
ထောင်ထဲမှာ ၀မ်းရောဂါတွေ ဖြစ်လာတာပါ။
မောင်ချူချာကလေး သွန်းနေစိုးပဲ။ သူများတွေ
ရောဂါဖြစ်မှတော့ ဘယ်နေမလဲ? ရှေ့ဆုံးက တည့်တည့်တိုးတော့တာပေါ့။
အဲဒီအကြောင်း ကျနော့်စာအုပ် (သက်ရှိ ငရဲပြည်) မှာ
ရေးပြထားပါတယ်။
အခုပြောချင်တာက အဲဒီမှာ မပါတဲ့အကြောင်းလေး
တစ်ချို့ပါ။
ဝမ်းရောဂါတွေဖြစ်တဲ့အခါ ဘယ်လို ပညာကျော်က
ရွှေဥာဏ်တော် စူးရောက်လေတယ် မသိ။
ထောင်ထဲကို ဆီပါတဲ့ ဟင်းတွေ မသွင်းရတဲ့။
ငရုတ်သီးပါတဲ့ ဟင်းတွေလည်း မသွင်းရ။
အဲဒီတစ်ပတ် အိမ်က ထောင်ဝင်စာလာတော့ ဆီပါတာ
ငရုပ်သီးပါတာချည်းဖြစ်နေတဲ့အခါ အားလုံးပြန်ယူသွားရတယ်။
မောင်သွန်းနေစိုးလေးတို့ အဲဒီအပတ်အတွက်
ငတ်လေသရောတည်းပေါ့။ ထောင်ဝင်စာဆိုတာက တစ်ပတ်မှ တစ်ခေါက်လာလို့ ရတာလေ။
ဒါတင်မက ထောင်ထဲကို ဂေါ်ဖီမသွင်းရ၊
ကြက်သွန်မသွင်းရ။ စုံနေတော့တာပဲဗျာ။ အဲဒီတုန်းက လာလိုက်တဲ့ အမိန့်တွေဆိုတာ။
ကျနော်တို့က အသီးအရွက်တွေ သွင်းလို့ရရင်
ထောင်ထဲမှာ ကြံဖန်ချက်ပြုတ် စားသောက်လို့ ရပါသေးတယ်။
ဒါပေမဲ့ ခုလိုဆိုတော့ ခက်ကပြီ။
တကယ်ပဲ ကျနော်တို့လဲ ပေါပေါပဲပဲနဲ့
တည့်တည့်တိုးတော့တာပါပဲ။
ထောင်ထမင်းက နဂိုတည်းက ကျနော်နဲ့ အဆင်မပြေ။
ဟင်းကလည်း မပါတော့ တော်တော်ဝင်အောင်သွပ်ရပါတယ်။
စကားစပ်လို့ ပြောရရင် ထောင်မှာက ထမင်း
၃စားရှိတယ်ဗျ။
တိုက်ထမင်း၊ ဆေးရုံထမင်းနဲ့ ရိုးရိုး
အဆောင်ထမင်း။
တိုက်ထမင်းဆိုတာ တိုက်ထဲမှာ နေရသူတွေအတွက်။ အင်း
နိုင်ငံရေးအကျဉ်းသားတွေအတွက်ပေါ့။ သူက အကောင်းဆုံး။
ဆေးရုံထမင်းကတော့ ဆေးရုံက တော်တော် မကျန်းမာတဲ့
လူမာတွေအတွက်။ ဆေးရုံတက်ရတိုင်းလည်း ဆေးရုံထမင်းစားရတာ မဟုတ်ပါ။
သူက အလယ်အလတ်။
နောက်ဆုံးကတော့ ရိုးရိုး အဆောင်ထမင်းပေါ့။
ခုနောက်ပိုင်းမှ
တော်တော်အဆင်ပြေလာတယ်ပြောကြပါတယ်။
အရင်ကဆို ထောင်ထမင်းက ခပ်လှမ်းလှမ်းက
လက်မြောက်ပစ်ချလိုက်ရင် ပုံစံဒန်ပန်းကန်ပေါ် တဒိုင်းဒိုင်း ကျသွားသံကြားရသတဲ့။
အဲဒီလောက် မာပါတယ်။
အခုတော့ မမာလှပေမဲ့ ခဲနေတာကြီးကို ချေရတာက
တဒုက္ခ။
ထားပါတော့။ အဲဒီလို ၀မ်းရောဂါကြောင့် ထောင်ထဲမှာ
အပြင်က ဘာအစားအသောက်မှ သွင်းခွင့်မရတုန်း ကျနော့် သူငယ်ချင်းက ပြောလာတယ်။
“ကိုသွန်းနေစိုး အမဲသားစားမလား” တဲ့။
အရင်က ကျနော် အမဲသားရှောင်တယ်။ ခုချိန်မှတော့
ဘာမှမရှောင်နိုင်တော့ဘူး။ ငတ်နေပြီကိုး
“ဟာ လူသားစားရ စားရကွာ”
ဆိုတော့ သူက ချိတ်ပေးတယ်။ အထဲက ၀န်ထမ်းတစ်ယောက်က
ညနေဆို အမဲသားလာရောင်းလိမ့်မယ်။
တစ်ထောင်ဖိုး။ တစ်ရက်ခြားတစ်ခါ ရမတဲ့။ ဒီလိုနဲ့
ကျနော် အမဲသား ၀ယ်ဖြစ်ရော ဆိုပါတော့။
တကယ် မဆိုးဘူးဗျာ။ တစ်ထောင်ဖိုးဆို
အများကြီး။
တစ်ရက်ခြား တစ်ခါ။ တစ်ခါတစ်လေလည်း
နှစ်ရက်ခြားလောက် ရောက်လာတယ်။
ဒါပေမဲ့ အသားတော့ သိပ်မကောင်းဘူးပေါ့။ အရွတ်တွေ
ပါတာလဲ ရှိလေရဲ့။
ဘာပဲဖြစ်ဖြစ် ကိုယ်က ငတ်နေပြီကိုး။ သူ့တောင်
နောက်လာမရောင်းမှာစိုးလို့ မျက်နှာချိုသွေးနေရသေး။
အဲဒီတစ်ယောက်ဆီက အမဲသား ကျနော် ၂ပတ်ကျော်ကျော်
ဝယ်စားလိုက်ရပါတယ်။
ဝမ်းရောဂါကြောင့် အစားသောက်သွင်းခွင့်ပိတ်ထားတဲ့
ကာလအတွင်းဆိုပါတော့။
သူ့ဆီက အသားစိမ်းကို ကိုယ့်ဖာသာကိုယ်
အကြံအဖန်လုပ်ပြီး ချက်ပြုတ်ပေါ့။
ဒါပေမဲ့ သူ အဲဒီအမဲသားတွေ ဘယ်ကရသလဲ? ဘယ်လို
သွင်းလာသလဲ? တစ်ခါမှ မမေးဖြစ်ခဲ့ဘူး။
အမှန်က ဒီလောက်
အစားသောက်သွင်းခွင့်ပိတ်ထားချိန်မှာ သားစိမ်းငါးစိမ်းသွင်းဖို့က ပိုခက်တာလေ။
တကယ်လို့ တိုက်ဆိုင်မှု တစ်ခုကြောင့်သာ မဟုတ်ရင်
ကျနော် အဲဒီအမဲသားတွေရဲ့ မြစ်ဖျားခံရာကို မသိလိုက်ရပဲ ရှိတော့မလို့ပါ။
ဒါပေမဲ့ ဖြစ်ချင်တယ်လို့ပဲ ပြောရမလား။ တစ်ရက်မှာ
ထောင်တွင်းအားကစားပြိုင်ပွဲလုပ်တယ်။
ကျနော်တို့အဆောင် ဘောလုံးအသင်းကန်မဲ့ပွဲ။
စစ်ခွေးတိုက်နားမှာ ကန်မှာတဲ့။
ကျနော်က ဘောလုံးအသင်းမှာ မပါပါဘူး။ ဒါပေမဲ့
ကျနော့် ဟိုစပ်စပ် ဒီစပ်စပ်စိတ်က ထောင်ထဲ ရောက်တောင် မပျောက်တာမို့
နာမည်ကျော်စစ်ခွေးတိုက်နား သွားချင်စိတ်နဲ့
အဲဒီဘောလုံးပွဲလိုက်ကြည့်တယ်။
စစ်ခွေးတိုက်ဘေးက ကွင်းကလေးမှာ ကန်တာပါ။
ဘောလုံးပွဲကလည်း ဖူဆယ်လို ဂိုးတိုင်သေးသေးနဲ့
တစ်ဘက် လူ ၅ယောက်လားပါတယ်။
ကျနော်က ဘောလုံးပွဲကို စိတ်မ၀င်စားဘူး။
ကွင်းနဲ့ မလှမ်းမကမ်းမှာ စစ်ခွေးတွေ လှောင်ထားတဲ့
အိမ်တွေရှိတယ်။
အဲဒီစစ်ခွေးတွေကို မြင်ဘူးချင်လို့ ချောင်းနေတာ။
အပြင်ကကြည့်ရင် မမြင်ရဘူး။ တာလပတ်တွေနဲ့ အုပ်ထားတယ်။
ဒါပေမဲ့ ဘာရမလဲ။ သွန်းနေစိုးပဲဟာ။
ဝန်ထမ်းတွေ အလစ်ကျတော့ ကျနော် အဲဒီ တာလပတ်စကြီးတွေ
သွားလှန်ကြည့်ပါလေရော။
ဟာ စစ်ခွေးတွေသာ ပြောတာဗျာ။ ပိန်ညောင်ကပ်နေတာပဲ။
အရိုးပေါ်အရေတင်။
ကိုယ့်လှမ်းဟောင်လိုက်မလား။ အထဲက
လှမ်းဟပ်လိုက်မလား တွေးပြီး ကြောက်ရွံ့ရွံ့ တွန့်ဆုတ်တွန့်ဆုတ်
သွားကပ်မိတဲ့အဖြစ်ကိုတောင် ကိုယ်ကိုယ်ကို ရယ်ချင်သွားမိတယ်။
လှောင်အိမ်တစ်ခုဆီက တာလပတ်စ ပြန်ချ။ နောက်တစ်အိမ်က
တာလပတ်တစ်စ ပြန်လှန်တော့လည်း ဒီအတိုင်းပဲ။
“အမယ်လေးဟဲ့၊ စစ်ခွေး စစ်ခွေးနဲ့ နာမည်သာ ကြီးနေတာ
တကယ်တော့ နံပိန်လေးတွေပဲ”
ကျနော်အပြင်က လှောင်အိမ်ပေါ်ကာထားတဲ့
တာလပတ်လှည့်ကြည့်တာကို မြင်ရက်နဲ့တောင် ငနဲသားတွေက တုတ်တုတ်မလှုပ်။
အင်း လှုပ်လောက်အောင်လည်း အားအင်
မရှိလေဘူးကိုး။
လှောင်အိမ် ၃၊ ၄ခုလောက်လှန်ပြီးတော့
လှည့်မယ့်အလုပ်ကျမှ နောက်က အသံတစ်သံကြားရတယ်။
”ဟေ့ ဘာလုပ်နေတာလဲ”
တဲ့။ လှည့်ကြည့်တော့ ၀န်ထမ်းတစ်ယောက်။ အစကတော့
တခြားသူထင်ပြီး အော်ငေါက်မလို့ပါပဲ။
ဒါပေမဲ့ ကျနော်နဲ့ သိတဲ့ ၀န်ထမ်းဖြစ်နေတယ်။
“ဟာ အစ်ကို အဲဒီခွေးလှောင်အိမ်တွေ
လှန်မကြည့်ရဘူးလေ”
တဲ့။ “ဟုတ်ကဲ့ ခင်ဗျားတို့ ခွေးတွေကလည်း
ကြည့်ချင်စရာ မရှိပါဘူးဗျာ”
ဆိုတော့ သူက ရယ်တယ်။
“သီးသန့်မွေးထားတာတွေတော့ ရှိပါတယ်ဗျ၊ အဲဒါတွေက
ဟိုဘက်မှာ”
ကျနော်ကြားဘူးထားတာက ထောင်ထဲက
စစ်ခွေးတွေမှာအတော်လေ့ကျင့်ထားတာရှိတယ်။
ဘောင်းဘီနဲ့ဆို မကိုက်ပဲ လုံချည်နဲ့ဆို
အသေ၀င်ဆွဲတာတဲ့။ လုံချည်နဲ့က အချုပ်သား၊ အကျဉ်းသားတွေလေ။
သူပြတဲ့ဘက်ကို လှမ်းကြည့်ရင်း ကျနော် တစ်ခု
ပြန်မေးမိတယ်။
“ဒါနဲ့ နေပါဦး၊ ခုနခွေးတွေက ဘာလို့
ဒီလောက်ပိန်နေရတာလဲ”
သူ ပြန်မဖြေလိုက်ရသေးပါဘူး။ ချက်ချင်း
ကျနော့်စိတ်ထဲ လင်းကနဲဖြစ်သွားမိတယ်။
အဲဒီဝန်ထမ်းကို မှတ်မိသွားတာပါ။
“ဟာ ခင်ဗျား ခင်ဗျား၊ ကျနော့်ဆီ
အမဲသားလာလာပို့နေတဲ့တစ်ယောက် မဟုတ်လား”
သူ ခေါင်းညိတ်ပြီး အံ့သြသွားတယ်။
“ဟုတ်တယ်လေ၊ အစ်ကို ခုမှ မှတ်မိသလား”
“ဒါဆို ဒါဆို ခင်ဗျား ကျနော့်ကို
ရောင်းရောင်းနေတဲ့ အမဲသားတွေက၊ ဒီခွေးတွေအတွက်တွေပေါ့၊ အင်း ခွေးစာတွေပေါ့၊
ဟုတ်လား”
သူက ပျာပျာသလဲ ရှင်းပြရှာပါတယ်။
“ဟာ ခွေးစာမဟုတ်ပါဘူး၊ ခွေးမစားရသေးပါဘူး
အစ်ကိုရယ်” တဲ့။
ဟုတ်တာပေါ့။ ဘယ်စားရပါ့မလဲ။ ကျနော်တို့
ငတ်ကြီးကျသူ လူတွေက ဖြတ်ဝယ်စားလိုက်ရှာတာကိုး။
ဒီခွေး ဒင်းသာ နားလည်တတ်ခဲ့ရင်
ဘယ်လောက်စိတ်နာရှာမလဲ။
ငါ့အစာ ဖြတ်စားတဲ့ လူတွေလို့လေ။
အခု ကျနော်ရေးပြချင်တာ ကျနော်
မောင်သွန်းနေစိုးတစ်ယောက် ခွေးစာဖြတ်စားဘူးတဲ့အကြောင်း ရေးပြချင်တာ အဓိက
မဟုတ်ပါ။
ဘယ်သူ့ကိုမှလည်း တာဝန်ရှိတယ်လို့
လက်ညှိုးထိုးလိုခြင်း မဟုတ်ပါ။
တစ်ခါက နိုင်ငံခြားအဖွဲ့စည်းတစ်ခုက
ကိုယ်စားလှယ်တစ်ယောက် ထောင်တွေလေ့လာရင်း ပြောသွားဘူးတယ်။
“ဒီမြန်မာပြည်အကျဉ်းထောင်တွေဟာ
နိုင်ငံရေးအကျဉ်းသားကိုသာမက ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ချုပ်နှောင်ထားဖို့ မသင့်တဲ့
နေရာတွေပါ”
တဲ့။ သူ့စကား အမှန်ပါပဲ။ ကျနော်တို့ တိုင်းပြည်ဟာ
တိုးတက်အောင် ကြိုးစားနေရဆဲပါ။ ဒီလို အခြေအနေမှာ တိုင်းပြည်က ခွင့်ပြုနိုင်တဲ့
ဘက်ဂျက်အရ အကျဉ်းထောင်တွေ ဒီ့ထက် ဘယ်လို ပိုကောင်းနိုင်ပါ့မလဲ။ လူသားတစ်ယောက်ရဲ့
ဂုဏ်သိက္ခာနဲ့ လျှော်ညီတဲ့ အဆင့်အတန်းနေထိုင်မှုမျိုးကို အကျဉ်းထောင်တွေမှာ ပေးဖို့ရာ
မလွယ်လှပါ။
ဘာပဲဖြစ်ဖြစ် ရာဇ၀တ်သားဆိုတာလည်း လူပါပဲ။
လူကိုလူလို ဆက်ဆံမှသာလျှင်
လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လျှော်ညီတဲ့
အဆင့်အတန်းနေထိုင်မှုမျိုးကို ပေးမှသာလျှင်
ဒါ လူ့အခွင့်ရေးတွေကို လေးစားတန်ဖိုးထားတဲ့
ဒီမိုကရေစီနိုင်ငံဖြစ်ပါလိမ့်မယ်။
ပြီးတော့ အခု အကျဉ်းထောင်တွေမှာ
လူများလွန်းတယ်လို့ ကျနော်ထင်မိတယ်။
ကိုလိုနီခေတ်ဟောင်းက ဓလေ့ထုံးဟောင်းတွေကို ပြင်စရာ
အများကြီး ကျန်ပါသေးတယ်။
အချုပ်တရားခံလိုဟာမျိုးကို
ထောင်ထဲသွင်းရင်ဆိုင်ခိုင်းတာဟာ တရားနည်းလမ်း ကျတယ်လို့ မထင်မိပါ။
သက်ဆိုင်ရာ တရားရုံးက အပြစ်ရှိတယ်လို့
ဆုံးဖြတ်သည်ဖြစ်စေ၊ အပြစ်မရှိလို့ နောက်ဆုံးမှာ လွှတ်ပေးသည်ဖြစ်စေ
ပုဒ်မကြီးကြီးနဲ့သာ တရားစွဲခံရလို့ကတော့
ထောင်ထဲသွား တရားရင်ဆိုင်ပေတော့ဆိုတာမျိုးက
ခံရသူတွေအဖို့ နစ်နာလှပါတယ်။
ကြိုပြီး အပြစ်ခံရသလိုဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ အပြစ်မရှိလို့
ကွင်းလုံးကျွတ် လွတ်ကာမှ လွတ်။ ထောင်ထဲသွားနေလိုက်ရရင်တော့ ထောင်ထွက်ပဲပေါ့။
အများကြီး စဉ်းစားဆင်ခြင်သင့်တဲ့
အကြောင်းတွေဖြစ်ကြောင်း ထင်မြင်မိပါတော့တယ်။
သွန်းနေစိုး Thorn Nay Soe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။