by Myat Thi Ha on Wednesday, October 10, 2012 at 4:51am ·
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၀၊ ၂၀၁၂
“ခရိုနီ”ဆိုသည့် စကားလုံးကို ပုဂ္ဂိုလ်တစ်ဦးကတော့
“မိတ်ဆွေအပေါင်းအသင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ကျွန်တော်ကတော့ ထိုသို့မဖွင့်ချင်
“လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ”ဟုသာ ဖွင့်ချင်သည်။
အောက်တိုဘာလ ၄ ရက်၊ ည ၁၁ နာရီ ထိုးပြီးသွားပြီ။
ကျွန်တော့်အိမ်မှ သားသမီးတွေ မအိပ်နိုင်ကြသေး။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လှမ်းပို့ပေးနေသော ဓာတ်ပုံတွေကို
သူတို့ဝက်ဘ်ဆိုက်ပေါ် တင်နေကြသည်။ သူတို့တင်လိုက်သည့် ဓာတ်ပုံတွေကို
စောင့်မျှော်ကြည့်ရှု နေကြသူတွေကလည်း မနည်းလှဟုထင်၏။
အမေရိကားခရီးစဉ်မှ ပြန်ရောက်လာသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသည့် ပြည်သူများ၏ ဓာတ်ပုံများက အွန်လိုင်းမှတစ်ဆင့်
ဟောတစ်ပုံ ဟောတစ်ပုံ ရောက်လာနေသည်။ ကြိုကြသူတွေက လေယာဉ်မဆိုက်မီ အစောကြီးကတည်းကပင်
လေယာဉ်ကွင်းသို့ ကြိုတင်ရောက်ရှိနေကြပုံရ၏။ လေဆိပ်ထဲမှာ ပြည့်ကျပ်နေသည်။
သွားကြိုသူတစ်ဦးထံ ဖုန်းဆက်မေးကြည့်တော့ “ဥရောပခရီးစဉ်တုန်းက လာကြိုကြသူတွေထက်
နှစ်ဆ၊ သုံးဆလောက်ပိုတယ်။ ခြေချစရာနေရာတောင် ခပ်ရှားရှား”ဟု ဆိုသည်။
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ခရီးမှ အပြန်ပေပဲ ပျော်စရာကြီးပေါ့ဟု
တွေးမိသည်။
အလားတူ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်
ကျင်းပသည့် (၆၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင်
မိန့်ခွန်းပြောကြားပြီး အောက်တိုဘာ ၁ ရက်နေ့ နံနက်က ရန်ကုန်မြို့သို့
ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ရုပ်ရှင်အနုပညာနယ်ပယ်မှ
ထင်ပေါ်ကျော်ကြားသည့် မင်းသား၊ မင်းသမီးတွေ အပါအ၀င် ပြည်သူတွေက သောင်းသောင်းဖြဖြ
ကြိုကြသည်ကို ဂျာနယ်တွေမှာ တခမ်းတနား မြင်ရတုန်းကလည်း ဂုဏ်ပြုထိုက်သူကို
ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးပါပေပဲဟု လှိုက်သည်းသော မုဒိတာပီတိ
ဖြစ်မိခဲ့ရပါသေးသည်။
သို့သော် ထိုသို့ လာကြိုသည့် ပြည်သူတွေထဲတွင်
စက်မှုဇုန်စက်ရုံမှ သမ္မတကြီးကိုပင် မသိသော မသိနိုးနား အလုပ်သမလေးတွေကို ဘုမသိဘမသိ
ဆွဲခေါ်လာတာတွေလည်း ပါသည်ဟု လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ဖတ်လိုက်ရသည့်
အခါတွင်တော့ ရသာခြောက်ပါးနှင့်ပြည့်စုံစွာ မြိန်ယှက်ဖွယ်ကောင်းလှသည့်
နတ်သုဒ္ဓါစားမြိန်ခွက်ထဲသို့ မစင်စက် မုန်ညင်းစေ့ခန့် စဉ်လာလိုက်သကဲ့သို့
ခံစားလိုက်ရသည်။
အောက်တိုဘာလ ၄ ရက်နေ့ထုတ် အတွဲ-၁၁၊ အမှတ်(၃၀)
7Day News ဂျာနယ်ထဲတွင်ပါသည့် “ကုန်သည်/စက်မှုညီနောင် အသင်းများမှ
သမ္မတကြီးဦးသိန်းစိန်ကို ကြိုဆိုရန်အတွက် အသင်းတစ်သင်းလျှင် လူ ၅၀
တောင်းခံခဲ့ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌက ပြောသည်”ဟု ဖတ်ရပြန်သောအခါတွင်လည်း
အဘယ်သို့သော “အနားပျာ” တစ်ဦးဦးကများ ခေတ်ဟောင်းမှာ စို့ခဲ့ဖူးသည့်
ချိုလိမ်အဟောင်းကြီးကို ဖြုတ်မထားနိုင်ခဲ့သေးဘဲ လူတွေကို
ချောဆွဲခိုင်းပြန်တာပါလိမ့်ဟု ကရုဏာဒေါသဖြစ်ရသည်။
တကယ်တော့ ထိုသို့သော လိမ်ဆင်မျိုးကို ဖန်ဆင်းရန်
အကြောင်းမရှိ။ သို့သော်... “ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အခါ ကြိုတဲ့သူတွေများမှာ။
ဒို့သမ္မတကြီး အပြန်မှာ လူများများနှင့် သိုက်သိုက်ဝန်းဝန်း သောင်းသောင်းဖြဖြရှိမှ
ကောင်းမယ်။ ငါလည်း မျက်နှာကောင်းရမယ်”ဆိုသည့် အပြိုင်အဆိုင် အနားပျာအတွေး
လက်တစ်ဆစ်မျှသာရှိသော ခရိုနီတစ်ဦးဦး၏ ဦးမှန်းမသိ ပဲ့မှန်းမသိ
အရိပ်သုံးပါးနားမလည်သော စေတနာရေစီးကမ်းပြို ငဖားကိစ္စဖြစ်ဖို့က သေချာသည်။
“ခရိုနီ”ဆိုသည့် စကားလုံးကို ပုဂ္ဂိုလ်တစ်ဦးကတော့
“မိတ်ဆွေအပေါင်းအသင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ကျွန်တော်ကတော့ ထိုသို့မဖွင့်ချင်
“လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ”ဟုသာ ဖွင့်ချင်သည်။ ထိုသို့သော သခင်အားရ
ကျွန်ဝမ်းဝဆိုသည့် ကိုယ်ကျိုးရှာ အနားပျာတွေ ဆိုသည်က ပွင့်လင်းမြင်သာမှု မရှိသော
အာဏာရှင်တို့၏ လက်ထက်မျိုး၌သာ မျိုးပွားရှင်သန်နိုင်သည်ဟု ထင်သည်။
မြန်မာနိုင်ငံဆိုသည်ကလည်း အာဏာရှင်အဆက်ဆက်တို့၏ လက်အောက်တွင် နှစ်ပေါင်းငါးဆယ်ခန့်
နေလာခဲ့ရသည် ဆိုသည့်အခါ လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ စိတ်ဓာတ်က
အမြစ်ခိုင်နေခဲ့ပြီ။ သည်လိုလူမျိုးတွေက နေရာတကာမှာရှိသည်။ မဆလ၊ န၀တ၊ နအဖလက်ထက်မှ
ယခုတိုင် အဆက်ဆက်မှာလည်း ရှိနေခဲ့၊ ရှိနေဆဲဖြစ်သည်။ တည်ဆဲနိုင်ငံရေးပါတီ
အချို့ထဲမှာလည်း ရှိလေသည်။
ထိုသို့သော မျက်နှာလိုအားရ ခရိုနီတစ်ဦးတလေကြောင့်
သမ္မတကြီးကို ကြိုဆိုသည့်ကိစ္စတွင် သန့်သန့်လေးဖြစ်သင့်ပါလျက် နတ်သုဒ္ဓါထဲ
မစင်အမှုန်အမွှား ကျလိုက်သလို စိတ်မကောင်းစရာဖြစ်ရသည်။
တကယ်တော့ သမ္မတကြီးဦးသိန်းစိန်သည် ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေညီလာခံကြီးတွင် အနှစ်ငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ်
တက်ရောက်မိန့်ခွန်းပြောခွင့်ရသော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်သာမက
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံသို့ ဦးတည်ပြောင်းလဲရာ လုပ်ငန်းစဉ်များကို
စိတ်ပါလက်ပါ ကြိုးစားဆောင်ရွက်နေသူလည်း ဖြစ်သဖြင့် မိမိတို့
နိုင်ငံသူနိုင်ငံသားများ အနေဖြင့် “တာဝန်”မဟုတ်သော ရင်ခုန်သံပါသည့် လှိုက်လှဲပျူငှာ
သောင်းသောင်းဖြဖြ ကြိုဆိုခြင်းမျိုးဖြင့် ကြိုဆိုအပ်ကြိုဆိုထိုက်လှသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အမြဲတစေ
စောင့်ကြည့်ကူညီနေခဲ့သော အမေရိကန်အစိုးရက တမင်ဖန်တီးလေရော့သလားမသိ။
သမ္မတကြီးဦးသိန်းစိန်နှင့် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့
အမေရိကန်ပြည်ထောင်စုတွင် ဆုံကြသည်။ ဆုံကြပုံကလည်း လက်ရှိ
အာဏာရပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့် အတိုက်အခံပါတီဖြစ်သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ အတိုက်အခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့
တွေ့ဆုံကြပုံနှင့်မတူ။ အာဏာရနှင့် အတိုက်အခံ ပြိုင်ဘက်တွေ ဆုံပုံမျိုးလည်းမဟုတ်။
ဆွေမျိုးရင်းချာ ညီအစ်ကိုမောင်နှမ ဆန်လှသည်။ မြန်မာ့ရိုးရာအားကစားတစ်ခုနှင့်
ပမာပြုရလျှင် “ခြင်းရိုင်ခတ်ပွဲ”တစ်ခုနှင့်တူသည်။
ခြင်းရိုင်ခတ်သည် ဆိုသည်က ၀ိုင်းဖွဲ့၍
ကစားရသောနည်းဖြစ်၏။ လေထဲတွင် ၀ဲနေသည့် ခြင်းလုံးကို မြေမကျရလေအောင် သူ့တွင်လည်း
တာဝန်ရှိသည်။ ကိုယ့်တွင်လည်း တာဝန်ရှိသည်။ အပေးအယူ၊ အထောက်အပင့်၊ အဆယ်အမညီရသည်။
သို့မှလည်း ၀ိုင်းကလှသည်။
အမေရိကားခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တောင့်တင်းခိုင်မာစွာ ဖွဲ့စည်းထားသော အကြံပေးအဖွဲ့
ပါမသွားသည့်တိုင် သမ္မတကြီးတွင်တော့ တောင့်တင်းသော အကြံပေးအဖွဲ့နှင့်အတူ
သမ္မတရုံးဝန်ကြီးနှစ်ဦးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီးတို့ ပါသွားကြသည်။
သို့တိုင် သမ္မတကြီးတို့ အဖွဲ့ငါးဦးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကားခရီးစဉ်အတွင်း နေရာအသီးသီး၌ သီးခြားစီ
ပြောခဲ့ကြသည့် စကားတို့က တူညီသောပန်းတိုင်ဆီသို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်စွာ
စည်းချက်ညီ ပြိုင်တူလှမ်းနေကြောင်း ထင်သာမြင်သာရှိလှသည်။ တူညီသောစေတနာ၌
ကိုယ်စီအခြေခံထားသဖြင့်လည်း အပေးအယူ၊ အထောက်အပင့်၊ အဆယ်အမ ညီလှသော
ခြင်းဝိုင်းတစ်ခုနှင့် ထပ်တူရှိလှသည်။
တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“တစ်ခုတော့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့
မြန်မာနိုင်ငံက တပ်မတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်
ပြည်သူတွေနဲ့အတူ လျှောက်ပြီဆိုရင်တော့ နောက်ကြောင်းပြန်လှည့်ဖို့ မရှိသလောက်
ဖြစ်သွားမယ်လို့တော့ ကျွန်မတို့ ယုံကြည်လို့ရပါတယ်”
အခြားတစ်နေရာတွင် သမ္မတကြီးဦးသိန်းစိန်က
မြန်မာမီဒီယာသမားနှင့် တွေ့ဆုံရာ၌ “ယနေ့တပ်မတော်သည်
နိုင်ငံတော်ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက်
အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်ရန် မရှိကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်း
ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပေးသည့် သဘောသာရှိကြောင်း၊ တပ်မတော်၏
အဓိကအလုပ်မှာ တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ်ကြောင်း...” ပြောကြားသွားခဲ့သည်။
ခေါင်းဆောင်နှစ်ဦးတို့၏ စကားအတွင်းသားတို့ ချိတ်ဆက် မိတ်ဖက်ပြုနေမှုက
မြင်သာသည်။
သမ္မတကြီးဦးသိန်းစိန်နှင့် ဘီဘီစီ HARDTALK
အစီအစဉ်၌ မေးမြန်းသည့်သူက “ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ သူတို့ဟာ
ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို ပြောင်းလဲဖို့
လိုနေပါသေးတယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောသည့်အခါ သမ္မတကြီးက “မှန်ပါတယ်။
ကျွန်တော်တို့ဟာ သက်တမ်းအားဖြင့်လည်း တစ်နှစ်ခွဲပဲရှိပါသေးတယ်။ စစ်မှန်တဲ့
ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့ လုပ်စရာတွေ အများကြီး လိုအပ်နေပါသေးတယ်”ဟု
ရင်ထဲအတိုင်း ရှင်းရှင်းဘွင်းဘွင်းပြောပုံက မှတ်မှတ်သားသား ဖြစ်စရာတစ်ခု
ဖြစ်နေပြန်သည်။
အလားတူပင် “ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ကို
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးအဖြစ် သမ္မတကြီးက ချီးကျူးခဲ့ပါတယ်။ သမ္မတကြီးအနေနဲ့
သူမဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မယ်လို့ ယုံကြည်ပါသလား။ သမ္မတကြီးဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်ကို ဦးဆောင်ရာမှာ သူမနဲ့တွဲပြီး လုပ်ဆောင်မယ်လို့
စိတ်ကူးပြီး ပြင်ဆင်ထားပါသလား”ဟု မေးလာသည့်အပေါ်တွင် သမ္မတကြီး ပြန်လည်ဖြေကြားပုံက
ရိုးရှင်းလှသည်။
“အားလုံးဟာ ပြည်သူတွေအပေါ် မူတည်ပါတယ်။ ပြည်သူတွေက
လက်ခံရင် ကျွန်တော်လည်း လက်ခံမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားမှာ
ဘာပြဿနာမှမရှိပါဘူး”ဟူ၏။
ထိုမျှမက အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့ထားမှုများ ပြန်လည်ရုပ်သိမ်းရေးမှအစ ပြောခဲ့ကြသော
အခြားစကားများစွာတို့၌လည်း တိုင်းပြည်အကျိုးစီးပွားပေါ်၌ နှစ်ဦးသား ညီညွတ်စွာ
စကားအတွင်းသားချင်းတွေ ချိတ်ဆက်ညီညွတ် လှပနေခဲ့ကြသည်။ ထို့ကြောင့်ပင်
နိုင်ငံတော်သမ္မတကြီး၏ အမေရိကားခရီးစဉ်သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ချီးမွမ်းထောပနာ
ပြုခဲ့ကြရသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။
ထို့ကြောင့်လည်း ဒီမိုကရေစီအပြောင်းအလဲကို
နှစ်ပေါင်းများစွာ ရင်တမမဖြင့် မျှော်လင့်စောင့်စားနေခဲ့ကြရသည့်
ကျွန်ုပ်တို့အနေဖြင့် သမ္မတကြီး၏ အပြန်ခရီးကို စိတ်ရင်းစေတနာအရင်းခံဖြင့်
လှိုက်လှိုက်လှဲလှဲ မကြိုဆိုနိုင်ရန် အကြောင်းမရှိဟု ထင်မိသည်။ သွားကြိုကြသူတွေ
အားလုံးထဲမှာလည်း စက်ရုံမှ မဆင်မခြင် ချောဆွဲခံခဲ့ကြရသည့် အလုပ်သမလေးတွေမှအပ
အားလုံးမှာ စိတ်ရင်းစေတနာအမှန်များသာ ဖြစ်ကြလိမ့်မည်ဟု
မျှော်လင့်ယုံကြည်မိသည်။
သို့သော် တစ်ခုရှိသည်မှာ နိုင်ငံတော်သမ္မတကြီးဟု
ဆိုလင့်ကစား ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူဦးရေနှင့် သမ္မတကြီးကို
ကြိုဆိုသူဦးရေချင်းတော့ တူချင်မှတူပေလိမ့်မည်။
အကယ်စင်စစ် လူတိုင်းသည် မိမိစိုက်သော သီးနှံကိုသာ
မိမိရိတ်သိမ်းကြရသည်ချည်းဖြစ်သည်။
ထိုစကားမှန်လျှင်..ဒေါ်အောင်ဆန်းစုကြည်
ပြည်သူနှင့်အတူ စိုက်ခဲ့သည့်အပင်က ငွေရတုတိုင်တော့မည်။ အနှစ်အသား
အပွင့်အခက်ဝေလှပြီ။
ပြည်သူနှင့်အတူ သမ္မတကြီးစိုက်ခဲ့သည့် အပင်က
ဒေါ်အောင်ဆန်းစုကြည်နည်းတူ မျိုးကောင်းမျိုးသန့်မှန်ပေငြား တစ်နှစ်ခွဲသားမျှသာ
ရှိသေးသည်။
မည်သို့ဆိုစေ သမ္မတကြီး၏ ဖြူစင်သော စေတနာ၊
မေတ္တာတို့ကို ကျွန်ုပ်တို့ပြည်သူများက အကြွင်းမဲ့ယုံသည်။ ယုံကြည်မှုနှင့်အတူလည်း
မျှော်လင့်အားထားသည်။
ယုံကြည်အားထားကြသည့် အတိုင်းလည်း သမ္မတကြီးအပေါ်
တစ်စထက်တစ်စ ထောက်ခံသူတွေ တိုးများလာကြမည်မှာ မလွဲဧကန်ဖြစ်မည်ဟုလည်း
ယုံကြည်နေမိသည်။
ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီး၏
နောက်ခရီးစဉ်တစ်ခုခုမှ အပြန်ခရီးလေဆိပ်သို့ စိတ်ရင်းစေတနာ ရင်ခုန်သံအပြည့်နှင့်
ပြည်သူများက လှိုက်လှဲပျူငှာ ကြိုဆိုကြမည်ဖြစ်ရာ “ခေတ်ဟောင်းမှ
ချိုလိမ်အဟောင်းကြီးကို စို့လျက်သားနှင့် မလာခဲ့ပါနဲ့တော့ ကိုခရိုနီရယ်...”ဟုသာ
ပြောလိုက်ရင်းဖြင့်။
သင်းရီ-7 days news journal
သတင်းအကျဉ်းချုပ် ...
AT 4:23 PM 0 COMMENTS POSTED BY HTUT HTUT
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။