by Aye Min on
Wednesday, April 13, 2011 at 11:44pm
(၁၉၆၁ ခု၊ စာဆိုတော်နေ့၌ ပြောသောစာ)
ကဗျာ့သဘောနှင့် ကဗျာ့ရည်ရွယ်ချက်တို့ကို သိလိုလျှင် ကဗျာဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်းအ တွက် အဖြေရှာဖို့လိုမည်ဟု ထင်ပါသည်။ တစ်ဖန် အဖြေရှာရာ၌ အဖြေရပြီဟု ပြော၍ရရုံမျှမဖြစ်စေဘဲ ကဗျာရေးလိုသူ အားလည်းကောင်း၊ ကဗျာလေ့လာ လိုသူအားလည်းကောင်း တကယ့် အထောက်အပံ့ပေးနိုင်သည်အထိ အဖြေရှာသင့် သည်ဟုလည်း ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ကဗျာဝါသနာရှင်ဦးရေသည် တစ်နေ့တခြား တိုးပွား နေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။
မဂ္ဂဇင်းကြီး လေးစောင်လောက်ကိုကြည့်ပါ။ လတိုင်း၊ လတိုင်း၌ ကဗျာအပုဒ်ပေါင်း လေးငါးဆယ်လောက်ကို တွေ့နေကြရပါသည်။ တွေ့နေကြရသော ကဗျာများတွင် အတွေးသစ် ကဗျာများ အတန်အသင့် ပါဝင်ကြသည် ဖြစ်သော် လည်း အချစ်ဘွဲ့၊ အလွမ်းဘွဲ့၊ အဆွေးဘွဲ့ ကဗျာစုက မဲသာနေကြပါသေးသည်။ အချစ်သမားသက်သက်၊ အလွမ်းသမား သက်သက်၊ အဆွေးသမားသက်သက်တို့၏ အသံကပို၍ မြည်နေပါသေးသည်။ သို့ရာတွင် အပြစ်မတင်နိုင်ပါ။ ရေးသူ အများအပြားသည် ပျိုမြစ်သောအရွယ်၌လည်းကောင်း၊ ထိုအရွယ်သာ သာ၌လည်းကောင်း ရှိနေသောကြောင့်ဖြစ်သည် ဟု ထင်ရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ကဗျာအများအပြား ရေးလာကြသည်ကိုကား မငြင်းသာပါ။ ထို့ကြောင့် ထိုသူ တို့အတွက် အထောက်အပံ့ဖြစ်ကောင်း၏ဟု ကျွန်တော်၏အမြင်ကို တင်ပြပါရစေ။
ကဗျာဆိုသည်မှာ အဘယ်နည်းဟု ကျွန်တော်တို့ ကျောင်းသားဘ၀က မေးဖူးပါသည်။ ထိုအခါ က၀ီနံ ဣတံ ကဗျံဟု ရွတ်ပြ၍ ကဗျာဆိုသည်မှာ က၀ိပစ္စည်းဖြစ်သည်ဟု အဖြေပေးကြပါသည်။ တစ်ဖန် ကဗျံ ဗန္ဓတီတိက၀ိဟု ရွတ်ပြပြန်၍ က၀ိဟူသည်မှာ ကဗျာကိုဖွဲ့တတ်၏၊ ထို့ကြောင့် က၀ိမည်၏ဟု အဖြေပေးကြပြန်သည်။ ထိုအခါကသော် ကျွန်တော်တို့သည် ကဗျာ့သဘောနှင့်စပ်လျဉ်း၍ သလောမပေါက်ခဲ့ကြသော်လည်း အဖြေပေးသူရွတ်ပြသော ဘာသာ စကားသည် ပါဠိဘာသာစကား ဖြစ်နေသောကြောင့်လည်းကောင်း၊ ရွတ်ပြပုံကလည်း ခန့်ခန့်ငြားငြား ရှိလှသောကြောင့် လည်းကောင်း ရခဲ့သောအဖြေနှင့် ကျေနပ်ခဲ့ကြသည်။ ကျေနပ်ခဲ့ကြခြင်းမှာ ကိုယ့်အလှည့်သို့ ရောက်လာလျှင်လည်း ခန့်ခန့်ငြားငြား ရွတ်ပြနိုင်လေပြီဟူသောအမှတ်ဖြင့် ကျေနပ်ခဲ့ကြခြင်း ဖြစ်ဟန်တူပါသည်။ ယခုအခါတွင်ကား မြန်မာလို ရိုးရိုးတန်းတန်းပြောပြ၍ ကိစ္စပြီးနိုင်ပါလျက် ခန့်ခန့်ငြားငြားရွတ်ပြပြီးမှ ပြောလာလျှင် ကျွန်တော်အင်မတန် ကြောက်ပါ သည်။
အတန်ငယ် တွေးတောတတ်လာသောအခါ အဆိုပါအဖြေနှစ်ခုကို ဆက်စပ်၍ တွေးကြည့်မိသည်။ ကဗျာသည် က၀ိ၏ ပစ္စည်းဖြစ်၏။ ကဗျာဖွဲ့တတ်သူသည် က၀ိမည်၏ဟု အဖြေပေးကြပုံမှာ ဦးမဲသည် ကိုဖြူ၏ ယောက္ခ်မဖြစ်၏၊ ကိုဖြူ၏ ယောက္ခ်မသည် ကိုဖြူ့ ဇနီးသည်၏ ဖခင်ဖြစ်၏ဟု ဖြေလိုက်ပုံနှင့် မည်သို့မျှမခြားသည်ကို တွေးမိလာသဖြင့် ပြုံးမိပါသည်။ ဦးမဲသည် နှုတ်ခမ်းမွှေးနှင့်လား၊ အရပ်ရှည်ရှည်လား၊ ပုပုလား၊ သဘောကောင်း၏လား စသည်ဖြင့် သိချင်သောသူအဖို့ ပြုံးမိမည်မှာ မုချဖြစ်ပါသည်။
တစ်ဖန် က၀ိ၏သဘောကိုသိရလျှင် က၀ိ၏ပစ္စည်းဖြစ်သော က၀ိ၏သဘောကို သိတန်ကောင်း၏ဟု ယူဆ၍ က၀ိ၏သဘောကို ရှာကြည့်ပါသည်။ ကြံ၍သိသောပညာရှိ စိန္တာက၀ိ၊ ကြား၍သိသောပညာရှိ သုတက၀ိ၊ အနက် အဓိပ္ပါယ်ကို မှီ၍သိသောပညာရှိ အတ္ထက၀ိ၊ ထိုးထွင်းသိသော ပညာရှိ ပဋဘာနက၀ိ၊ ထိုသို့ဆိုသော ကဗျာဟုခေါ်ရာ၌ စိန္တာက၀ိဟုခေါ်သဖြင့် ကြားခြင်းသဘောရှိနိုင်သည်။ သုတက၀ိဟုခေါ်သဖြင့် ကြားခြင်းသဘောရှိနိုင်သည်။ အတ္ထက၀ိ ဟုဆိုသဖြင့် အနက်အဓိပ္ပါယ်မှီခြင်းသဘော ရှိနိုင်သည်။ ပဋိဘာနက၀ိဟုဆိုသဖြင့် ထိုးထွင်းခြင်းသဘောရှိနိုင်သည်။ ထို့ကြောင့် ကဗျာသည် ကြံခြင်း၊ ကြားခြင်း၊ အနက်အဓိပ္ပါယ်မှီခြင်း၊ ထိုးထွင်းခြင်းတို့ဖြင့်ပြီးသော အရာဖြစ်သည်ဟု အဖြေထွက်လာဖွယ် ရှိပါသည်။ ဟုတ်ပြီ၊ အဖြေက ထွက်လာပါပြီ။ ထိုအဖြေကို ကျွန်တော်သည် ပရိသတ်ဗိုလ်ပုံအလယ်၌ ထည်ထည်ဝါ၀ါ ပြောလိုက်နိုင်ပါသည်။
သို့ရာတွင် ကျွန်တော်မပြောဝံ့ပါ။ အဆိုပါအဖြေကို ကျွန်တော်သည် မရလျှင် ရအောင် သုံးချက်တွက်နည်းဖြင့် ရှာခဲ့ခြင်းမျှသာ ဖြစ်သည်။ စင်စစ်မှာ ကိုယ့်အဖြေကို ကိုယ်သဘော မပေါက်နိုင်အောင် ရှိနေသောကြောင့် ဖြစ်ပါသည်။ မည်သည့်အရာကို မှီခြင်းပေနည်း၊ မည်သည့်အရာကို ထိုးထွင်းခြင်းပေနည်း။ ထို့ထက်ပို၍ အရေးကြီးသောအချက် လည်း ရှိပါသေးသည်။ ထိုအချက်သည် အခြားအဟုတ်၊ အဆိုပါအဖြေသည် ကဗျာရေးလိုသူအားလည်းကောင်း၊ ကဗျာလေ့လာ လိုသူအားလည်းကောင်း၊ အထောက်အပံ့ပေးနိုင်ပါ၏လောဟူသော သို့လော၊ သို့လော အချက်ဖြစ်ပါ သည်။ စင်စစ်မှာ အဆိုပါအဖြေသည် နှုတ်ဖြင့်ပြောပြ၍၊ စာဖြင့်ရေးပြ၍ရရုံမျှ ကောင်းသောအဖြေသာဖြစ်သည်ဟု ထင်ပါသည်။ ဆင်ခြင် ကြည့်ကြပါလေ။
ကျွန်တော်ယခုပေးချင်သော အဖြေသည် ဤသို့ဖြစ်ပါသည်။ ကဗျာ့သဘောသည် အဘယ်နည်းဟု ကျွန်တော့် အားမေးလျှင် "ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ၊ အမောပြေအောင်တိုက်ပါ့မမ" ဟူသော သံချပ်ကိုသာ ထိုးပြလိုက်ချင် ပါသည်။ သင်္ကြန်ရက်များ၌လည်းကောင်း၊ ၀ါကျွတ်ရက်များ၌လည်းကောင်း၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတို့သည် အရပ်တကာလှည့်၍ တီးသူ၊ မှုတ်သူတို့ကလည်း အားရပါးရ တီးမှုတ်ကြသည်။ ကသူကလည်း အားရပါးရ ကလေ့ရှိ သည်။ တီးရင်း၊ မှုတ်ရင်း၊ ကရင်း၊ ခုန်ရင်း၊ သံချပ်အလှည့်သို့ ရောက်လာသောအခါ အထက်ပါသံချပ်ကိုလည်း ထိုးလေ့ရှိကြပါသည်။ ထိုသံချပ်ပါ "ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ" သည် ကဗျာ့သဘောနှင့် တူသည်ဟုလည်းကောင်း၊ "အမောပြေအောင် တိုက်ပါ့မမ" သည် ကဗျာ့ရည်ရွယ်ချက်နှင့် တူသည်ဟုလည်းကောင်း ဆိုချင်ပါသည်။ ရှင်းပြပါမည်။
"ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ" သည် ကဗျာ့သဘောနှင့်တူပုံကို ရှေးဦးစွာ ရှင်းပြလိုပါသည်။ ကျောက်စက်ရေ ဆိုသည်မှာ ကျောက်ရေစစ်၌ ရေရိုးရိုးကို လောင်းထည့်သဖြင့် ထိုရေရိုးရိုးသည် ကျောက်သား၌ တဖြည်းဖြည်းစိမ့်ဝင်၍ တစ်ဘင်မှ တစ်စက်စက် ယိုကျလာသောရေဖြစ်သည်မှာ ထင်ရှားပါသည်။ "ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ" ဆိုသည် မှာ ဖန်ပြာခွက်ထဲ၌ ထည့်ထားသဖြင့် အတိုင်းသားမြင်နေရသော ဖန်ပြာခွက်ထဲက ကျောက်စက်ရေပင်ဖြစ်သည်။ ဤတွင် ကျောက်စက်ရေသည် စိတ်ကူးဉာဏ်နှင့်တူ၍ ဖန်ပြာခွက်သည် ဖွဲ့နွဲ့ပုံနှင့်တူသည်ဟု ဆိုချင်ပါသည်။ ကဗျာ၊ ၀တ္တု၊ ပြဇာတ်စသော ရသစာပေသည် စိကူးဉာဏ်၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသော စာမျိုးဖြစ်ရာ ကဗျာ့သဘော၊ ၀တ္တုသဘော၊ ပြဇာတ်သဘောစသည်တို့သည် စိတ်ကူးဉာဏ်မှ ယိုကျလာရမည်သာဖြစ်သည်။ ထိုသို့ဖြစ်လျှင် စာရေး ဆရာ၏ စိတ်ကူးဉာဏ်သည် မည်သို့ဝင်ပါလာသနည်း။ လေ့လာကြည့်သင့် ပါသည်။
ကျွန်တော့်အဖို့မှာ ကဗျာအရေး ၀ါသနာပါခဲ့သည့်အလျောက် ကျွန်တော်၏ ကဗျာ့အတွေ့အကြုံကို တင်ပြခွင့်ရ လျှင် စိတ်ကူးဉာဏ်အကြောင်းလည်း ပါလာနိုင်ကောင်း၏ဟု ယူဆမိပါသည်။ ထို့ကြောင့် တင်ပြခွင့် ပေးကြစေလိုပါ သည်။ ယခုတလောတွင် ကျွန်တော်သည် ဗေဒါလမ်းကဗျာစုအတွက် ကဗျာသစ်တစ်ပုဒ် ရေးဖြစ်ပါသည်။ ထိုကဗျာသည် အောက်ပါအတိုင်းဖြစ်သည်။
ပန်းခဲ့သည်ပဲ
နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့၊ တန်ရေးသည်သို့။
ဒီအကျပေမို့
အလှလတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလိုလို့။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငါးပျံ လတာစွန်းမှာ၊ သူ့ကျွမ်းဟန်ချည့်။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘုတ်မခုနှစ်သံနဲ့
တညံညံ လတာစွန်းမှာ၊ သူ့လွမ်းသံချည့်။
အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်။
မင့်ကိုလည်း မင်ပင်လျှင်၊ ဘာထင်လို့လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ။ ။
ထိုကဗျာသည် ကဗျာကောင်းတစ်ပုဒ် ဟုတ်မဟုတ်ကို အပထား၍ ထိုကဗျာ မည်သို့ပေါ်လာရသည်ကို ပြောခွင့်ပေးကြလျှင် ကျွန်တော်၏ စိတ်ထဲသို့ စိတ်ကူးဉာဏ် မည်သို့ဝင်လာသည်ကို တစ်စိတ်အားဖြင့် ရိပ်မိကြအောင် ကျွန်တော်ပြနိုင်မည်ထင်ပါသည်။ ယခုတလောတွင် သတင်းစာများ၌ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတို့ကို ဂရုတစိုက် ဖတ်မိကြလျှင် စိတ်မောစရာ အတွေများများကို တွေ့ကြလိမ့်မည်ထင်ပါသည်။ စိတ်မောစရာဖြစ်လောက်အောင် နိုင်ငံအုပ်စုများသည်လည်းကောင်း၊ လူအုပ်စုများ သည်လည်းကောင်း၊ အရေးကိစ္စတိုင်းလိုလို၌ပင် မည်သူ့ကိုမျှ လူမထင်၊ ငါ့အတွက် ငါတကောကောနေကြသည်ဟု ကျွန်တော့်စိတ်ထဲတွင် ထင်လာမိသည်။ (ကျွန်တော့်အထင်မျှ သာ ဖြစ်ပါသည်။) ထိုအခါ ထိုသူတို့၏ အမူအရာများကိုတွေးကြည့်၍ ကျွန်တော်တို့စိတ်မောခြင်း ဖြစ်မိသည်။ ထိုနှင့်အ တူ ဤအုပ်စု ထိုအုပ်စုတို့သည် သူတို့ကိုယ်သူတို့ မည်သို့ထင်နေကြပါလိမ့်ဟူသော အသိလိုလို အမြင်လိုလိုဖြစ်သည့် အမေးအတွေးတစ်ခုလည်း ကျွန်တော့်စိတ်ထဲသို့ မသိမသာဝင်လာပါသည်။ (ကျွန်တော့်စိတ်ထဲ၌ လှုပ်ရှားခဲ့သည်တို့ကို ကျွန်တော် ပြောပြနေခြင်းမျှသာ ဖြစ်ပါသည်။ ကျွန်တော်ထင်သကဲ့သို့ ဟုတ်ချင်မှဟုတ်မည်။) တစ်ဖန် ထိုအတွေးနှင့် အတူ "သူ့ကိုယ်သူလျှင် ဘာထင်လေသည်မသိ" ဟူသော ကဗျာတိုကလေးတစ်ကြောင်းပင် ကျွန်တော့်နားသို့ ရောက် လာပါသည်။ ကျွန်တော့်အဖို့မှာ ထိုအတွေးနှင့် ထိုကဗျာတို့ကို ရလိုက်သည်မှစ၍ သူတို့သည် ကျွန်တော်၏စိတ်ကို အလုပ်ပေး ကြပါတော့သည်။ ကျွန်တော်၏စိတ်သည် အငြိမ်မနေနိုင်၊ ရုန်းကန်စပြုပါတော့သည်။
လွန်ခဲ့သော နှစ်နှစ်လောက်မှစ၍ ကျွန်တော်သည် စိတ်ကူးပေါက်တိုင်း ဗေဒါလမ်းကဗျာများကို ထုံ့ပိုင်း ထုံ့ပိုင်း ရေးလာခဲ့သည်ဖြစ်ရာ အဆိုပါ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတို့ကြောင့်၊ ဖြစ်ပေါ်လာခဲ့သော ကျွန်တော့်အတွေးနှင့် ကျွန်တော့်ကဗျာတို့ကိုလည်း ကိစ္စတိုင်းအတွက် အများကလက်ခံနိုင်ကြအောင် ဗေဒါလမ်းကဗျာစု၌ ကျွန်တော် ထည့်ချင်လာပါသည်။ ထိုအခါ ရေးနေကျဖြစ်သော ဒီတက်၊ ဒီကျကိုလည်းကောင်း၊ စုန်တုန်၊ ဆန်တုန်ပြုတတ်သော ဗေဒါ ပန်းတို့ကိုလည်းကောင်း၊ လတာပြင်ကိုလည်းကောင်း ကျွန်တော် သတိရလာပါသည်။
သို့ရာတွင် “သူ့ကိုယ်သူလျှင် ဘာထင်လေသည်မသိ” ဟူသော အတွေးသည် ကျွန်တော်ယခင်က စိတ်မောခဲ့ သည့် သဘောအတိုင်း ကျွန်တော့်ကဗျာ၌ ထင်ပေါ်လာအောင် မည်သို့စီရင်ရပါမည်နည်း။ မည်သို့ နေရာချရပါမည်နည်း။ ကျွန်တော့်စိသည် ပိုမိုလှုပ်ရှားလာပါသည်။ ရုန်းကန်၍လာပါသည်။ သွားရင်း၊ လာရင်း၊ လုပ်ရင်း၊ ကန်ရင်း၌ပင် အခွင့်ရ သည့်အခါတိုင်း ရုန်းကန်လှုပ်ရှားတတ်ပါသည်။ ထွက်ပေါက်ရှာနေသူကဲ့သို့ ဖြစ်ရပါသည်။ အသံတို့ကို စိတ်နားဖြင့် လိုက်နားထောင်ကြည့်ပါသည်။ ကြိုက်သည်ကိုလည်း တွေ့ရသည်၊ မကြိုက်သည်ကိုလည်း တွေ့ရသည်။
ထိုသို့ ရုန်းကန်နေရင်း တစ်ခါသော် လတာပြင်၌ ခုန်တတ် ပေါက်တတ်သော ငါးပျံကိုလည်းကောင်း၊ အဆက်မ ပြတ်အော်တတ်သော ဘုတ်ငှက်ကိုလည်းကောင်း ကျွန်တော် သတိရလာပါသည်။ ငါးပျံနှင့် ဘုတ်မတို့သည် မည်သူ့ကိုမျှ ဂရုမစိုက်၊ သူတို့အစွမ်းကိုသာ သူတို့ပြ၍ ငါတစ်ကော ကောနေကြဟန်ဖွဲ့လိုက်လျှင် “သူ့ကိုယ်သူလျှင် ဘာထင်လေ သည်မသိ” ဟူသောအတွေးသည် ထင်ပေါ်အံ့ဟုယူဆ၍ ယူဆသည့်အတိုင်းဖွဲ့ရန် ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။ သို့ရာတွင် ကျွန်တော့်စိတ်ထဲ၌ အားမလိုအားမရသလိုလို ဖြစ်နေပါသည်။ ကိုယ့်အစွမ်းကိုသာ ကိုယ်ပြနေသော ငါးပျံနှင့် ဘုတ်ငှက်တို့ကို ဖွဲ့လိုက်ရုံမျှဖြင့် ကျွန်တော့်အတွေးသည် ထင်ပေါ်လာကောင်းပါ၏။ သို့ပါသော်လည်း တတ်ကြွလာအောင် ပြုနိုင်ဦးမှကောင်းမည်။ တစ်ခုခုဖြင့် အားဖြည့်ပေးစရာ လိုနေသေးသည်ဟု အထင်ရောက်လာပါသည်။ လတာပြင်၌ ငါးပျံ ဆော့ချင်တိုင်းဆော့နေသည်ကို မြင်ကြည့်သည်။ ဘုတ်ငှက် ဆူချင်တိုင်းဆူနေသည်ကို ကြားကြည့်သည်။ မျက်စိရှုပ်လာ သည်။ နားညည်းလာသည်။ ထိုအခိုက်တွင် ကျွန်တော် ကြည်နူးခဲ့ဖူးသော ညနေ နေစောင်းချိန် နေလုံးနီနီကို ကျွန်တော် သတိရလာသည်။
နေနီနီရှုခင်းသည် မမှိန့်တမှိန်လည်းဖြစ်သည်။ ငြိမ်လည်း ငြိမ်သည်။ အနီရောင်သန်းနေသော တိမ်တို့နှင့် လှလည်း လှသည်။ သူ့ကို နောက်ခံကားအဖြစ် ထည့်လိုက်လျှင် ဆော့ချင်တိုင်း ဆော့နေပုံ၊ ဆူချင်တိုင်း ဆူနေပုံတို့သည် ကြွတက်လာနိုင်စရာ အကြောင်းရှိသည်။ နေလုံးနီနီသည် ကြည်နူးစရာ ဖြစ်သင့်သည်။ ကြည်နူးစရာနောက်ခံတွင် ငါးပျံနှင့် ဘုတ်ငှက်တို့၏ အမူအရာများသည် မေးငေါ့စရာ ဖြစ်သင့်ကြသည်။ ကျွန်တော်သည် ထိုသို့ယူဆ၍ ယူဆသည့်အတိုင်း ဆုံးဖြတ်လိုက်ပြန်သည်။ ထိုအခါကျမှ ကျွန်တော့်စိတ်ရုန်းကန်မှုသည် ငြိမ်သလိုလိုဖြစ်လာ၍ ထွက်ပေါက်ရလိုက် ဘိသကဲ့သို့ ဖြစ်လာပါသည်။ ထိုအခါကျမှပင် ရေးရန်အားထုတ်ပါတော့သည်။ ရေးရန်အားထုတ်ပြန်သောအခါ ရုန်းကန်မှု အသစ်ကို တွေ့ရပြန်ပါသည်။ သို့ရာတွင် ထိုရုန်းကန်မှုသည် အတွေးရုန်းကန်မှုမဟုတ်၊ ပုံပေါ်အောင်ဖော်ရသည့် အရေး ရုန်းကန်မှုသာ ဖြစ်ပါသည်။
ရှေးဦးစွာ ပုံကြမ်းကိုလောင်းလိုက်သည်။ ရပြီ။ သို့ရာတွင် အချောမကိုင်ရသေးခင်ပင် ကိုယ့်စာကို ကိုယ်သဘော မကျနိုင်သလိုလို ဖြစ်လာပါသည်။ ပုံကြမ်းကို သဘောမကျ၍မဟုတ်၊ ပုံကြမ်းကို အချောကိုင်လိုက်လျှင် ချောလာမည်မှာ သေချာပါသည်။ ကိုယ့်အတွေးကို ကိုယ်သဘောမကျနိုင်ခြင်းသာ ဖြစ်ပါသည်။ “သူ့ကိုယ်သူလျှင် ဘာထင်လေသည်မသိ” ဟု သူတစ်ပါးကိုသာ ငါကဲ့ရဲ့နေခြင်းသည် မှန်နိုင်ပါမည်လော၊ သင့်နိုင်ပါမည်လော၊ ကျွန်တော် တွေဝေခြင်းဖြစ်ခဲ့သည်။ ထို့ကြောင့် အခြေမခိုင်သေး၊ ဆိုင်းထားလိုက်သည်။
အရေးကိုသာ ဆိုင်းလိုက်ရသည်၊ အတွေးကား တဒိုင်းဒိုင်း မြည်လာပြန်ပါသည်။ ယခင်က ထွက်ပေါက်မှ ထွက်လာနိုင်ခဲ့သော ကျွန်တော်သည် အတွေးနယ်ထဲသို့ ပြန်ဝင်ချင်လာပါသည်။ ၀င်လည်း ၀င်ခဲ့သည်။ သွားရင်း၊ လာရင်း၊ လုပ်ရင်း၊ ကိုင်ရင်း အခွင့်ရတိုင်း ၀င်ခဲ့သည်။ ၀င်တိုင်း ၀င်တိုင်း၌ သူတစ်ပါး ငါတစ်ကော ကောနေသည်ကိုသာ ငါက ကဲ့ရဲ့နေသည်မှာ မှန်၏လော၊ သင့်၏လော။ ကျွန်တော့်စိတ်သည် ရုန်းကန်နေပြန်သည်။ နှစ်ရက်မျှပင် ရုန်းကန်ခဲ့ရ သည်ဟုထင်ပါသည်။ နှစ်ရက်အကြာတွင် “သူတစ်ပါးကိုသာ ငါက ကဲ့ရဲ့ချင်ရသည်မှာ ငါကကော ငါ့ကိုယ်ငါ ဘာထင်နေ လို့လဲ” ဟူသော အသိကိုရလာပါသည်။ ကျွန်တော် ၀မ်းသာ၍မဆုံးပြီ။ ၀မ်းသာခြင်းဖြစ်လိုက်သည်မှာ အခြားကြောင့် မဟုတ်ပါ။ ဤအသိသည်လည်း စိတ်မောစရာတစ်မျိုးပါတကားဟု ငိုအားထက် ရယ်အားသန်လိုက်သောကြောင့် ဖြစ်ပါသည်။ ဟုတ်သည်၊ ငါ့အသိသည် မှန်လာပြီ၊ သင့်လာပြီဟု ဆုံးဖြတ်လိုက်ပြန်သည်။ ထွက်ပေါက်ရလိုက်ပြန်သည်။ ထိုမှစ၍ ရေးလက်စပုံကြမ်းကို ဆက်ကိုင်နိုင်ရန် နောက်ဆုံးတွင် ကျွန်တော့်စိတ်တိုင်းကျ ရလာပါသည်။ ဤသို့ဖြင့် ကမ္ဘာ့ သတင်း၊ မြန်မာ့သတင်းတို့ကြောင့် ကျွန်တော်တစ်ဦးတည်း၌သာ ဖြစ်ပေါ်ခဲ့သော စိတ်မောခြင်း၊ စိတ်လှုပ်ရှားမှုတရား သည် လှုပ်ရင်း၊ ရှားရင်း၊ ရုန်းရင်း၊ ကန်ရင်း ပွါးများလာကာ စိတ်ကူးဉာဏ်ဘ၀ ရလာသည်ဟု ထင်မိပါသည်။ ထို့ပြင် ထိုစိတ်ကူးဉာဏ်ကပင် နေလုံးနီနီကိုလည်းကောင်း၊ ကျူရိုးရှင် မျှော်ငေးနေပုံကိုလည်းကောင်း၊ ထိုအခါ ပင်လယ်ပြင်ဝယ် ငါးပျံကလည်း ကျွမ်းကိုချည်း ပစ်ပြနေပုံကိုလည်းကောင်း၊ ဘုတ်မကလည်း အလွမ်းကိုချည်း ဟစ်ပြနေပုံကို လည်းကောင်း၊ ထိုအခါ ကျူရိုးရှင်သည် နေနီနီအလှ၌ ကြည်နူး၍မရနိုင် ဖြစ်လာသဖြင့် ငါးပျံနှင့်ဘုတ်မတို့ကို ကဲ့ရဲ့လိုက်ပုံ ကိုလည်းကောင်း၊ ထိုအခါ ဗေဒါက ကျူရိုးရှင်ကို ဝေဖန်လိုက်ပုံကိုလည်းကောင်း၊ ဖန်တီး၍ ဇာတ်လမ်းဆင်နိုင်ခဲ့သည်ဟု လည်းကောင်း ထင်မိပါသည်။ ဤကား ‘နေလုံးရယ်နီ’ ချီ ဗေဒါလမ်းကဗျာအတွက် ကျွန်တော်၏စိတ်၌ စိတ်ကူးဉာဏ်ဝင် လာပုံကို တင်ပြခြင်းဖြစ်ပါသည်။
ထို့ကြောင့် ရသစာပေဆိုင်ရာ (အနုပညာအမျိုးမျိုးနှင့်လည်း ဆိုင်သည်ဟုထင်ပါသည်။) စိတ်ကူးဉာဏ်ဆိုသည် မှာ ခံစားသောစိတ် အတွေ့အကြုံကိုလည်းကောင်း၊ လှုပ်ရှားသော စိတ်အတွေ့အကြုံကိုလည်းကောင်း၊ ဘ၀အသိ ရလာသလိုလိုဖြစ်သော စိတ်အတွေ့အကြုံကိုလည်းကောင်း၊ မှတ်မိသတိရသော စိတ်အတွေ့အကြုံကိုလည်းကောင်း၊ သတိတရားပွါးများသော စိတ်အတွေ့အကြုံကိုလည်းကောင်း ဖြတ်သန်းလာခဲ့ရသော ဉဏ်မျိုးဖြစ်သည်ဟု ထင်ပါသည်။ ထိုသို့ ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် စိတ်ကူးဉာဏ်သည် အလုပ်အမျိုးမျိုးကို လုပ်ရပါတော့သည်။ စာရေးဆရာ၏ ပုဂ္ဂလဓိဌာန်ကို ဓမ္မဓိဌာန်ဖြစ်အောင် အားထုတ်ရရှာသည်။ ဘာဝစိတ်ကို ပုံဖော်ရန်အလို့ငှာ အနုဿတိ သတိတရားများ အနက် ပယ်တန်သည်ကိုပယ်၍၊ ယူတန်သည်ကို ယူပြီးနောက် ယူသောသတိတရားတို့ကို ရှေ့ သွားနောက်လိုက်ညီ အောင် စီစဉ်၍လည်းကောင်း၊ အမြီးအမောက်တည့်အောင် ပြုပြင်၍လည်းကောင်း၊ နေရာချပေးခြင်း၊ စည်းရုံးပေးခြင်းတို့ ကို ပြုပေးရရှာသည်။ ထိုမျှသာမကသေးပါ။ တခါတရံတွင် စာရေးဆရာသည် သူ၏ဘာဝစိတ် တစ်ဖက်သတ်ကျနေသည် ကို မြင်လာသဖြင့် မကျေမနပ် ဖြစ်လာတတ်ပါသည်။ ထိုအခါမျိုးတွင် စိတ်ကူးဉာဏ်သည် တစ်ဖက်သတ်မကျအောင် လမ်းမှန်သို့ ပို့ပေးရရှာပါသည်။ တစ်ခါတရံ ပါသွားတတ်ပါသည်။ ထိုအခါမျိုးတွင် စိတ်ကူးဉာဏ်သည် လိုက်၍ဆယ်ပေးရ ရှာပါသည်။
အချုပ်ဆိုရသော် ရသစာပေဆိုင်ရာ စိတ်ကူးဉာဏ်ဆိုသည်မှာ တော်ရောက်တောင်ရောက် လွင့်တတ်သော စိတ်မျိုးမဟုတ်။ ဘ၀အတွေ့အကြုံ၊ စိတ်ခံစားလှုပ်ရှားမှု ဘ၀သတိ၊ ဘ၀အသိတည်းဟူသော အထိန်းအမဖြင့် လှုပ်ရှားတတ်သော ဉာဏ်မျိုးသာဖြစ်သည်ဟု ယူဆအပ်ပါသည်။ အထိန်းအမကောင်းလျှင် ကောင်းသလောက် စိတ်ကူး ဉာဏ် ထက်မြတ်နိုင်သည်ဟု ထင်ပါသည်။ အထိန်းအမညံ့လျှင် ညံ့သလောက် ယုံတမ်းဉာဏ်ဘက်သို့ ယိုင်သွားနိုင်၍ စိတ်ကူးယဉ်အခြေသို့ တန်းလျှောသွားနိုင်သည်ဟု ထင်ပါသည်။ ထိုသို့ဆိုသဖြင့် ယုံတမ်းဉာဏ်သည် အဖိုးမထိုက်ဟု မဆိုလိုပါ။ ရသစာပေအရာတွင် သူ့နေရာနှင့်သူ အလိုက်အထိုက် တန်ဖိုးရှိသည်ဟု ယူဆသင့်ပါသည်။ ထိုမျှလောက် စိတ်ကူးဉာဏ်သည် ကျောက်စက်ရေကဲ့သို့ စိမ့်ဝင်လာသော သဘောရှိပုံ သို့မဟုတ် ကျောက်စက်ရေနှင့်တူပုံ ထင်ရှားသိ သာပြီဟု ထင်ပါသည်။
ဖန်ပြာခွက်အကြောင်းကို ဆက်ကြဦးစို့။ ဖန်ပြာခွက်သည် ဖွဲ့နွဲ့ပုံနှင့်တူကြောင်း ဆိုခဲ့ပြီ။ စင်စစ်မှာ ကဗျာ့သဘော (ရသစာပေသဘော) ကို ဖန်ပြာခွက်၌ အတိုင်းသားမြင်နေရသော ကျောက်စက်ရေနှင့် ခိုင်းနှိုင်းခဲ့သည်ဖြစ်ရာ ကဗျာ့သဘောဟု ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် ဖွဲ့နွဲ့ပုံ၌ အံကျဝင်နေသော စိတ်ကူးဉာဏ်နှင့် စိတ်ကူးဉာဏ် အံကျဝင်နေ ရာဖြစ်သော ဖွဲ့နွဲ့ပုံကို မကွဲမပြား တစ်သားတည်းဖြစ်၍ ရပ်တည်နေသောသဘောကို ဆိုလိုရင်းဖြစ် ပါသည်။ ထို့ကြောင့် ဖွဲ့နွဲ့ပုံနှင့် စိတ်ကူးဉာဏ်တို့သည် ခွဲ၍မရစကောင်းသော အရာနှစ်ခုဖြစ်သည်ဟု ယူဆအပ်ပါသည်။ သို့ရာတွင် ခွဲ၍ရနိုင်ဘိ သကဲ့သို့ ခွဲကြည့်ရအောင်။ ခွဲကြည့်လျှင် ဖန်ပြာခွက်သက်သက်ကို ရနိုင်သကဲ့သို့ ဖွဲ့နွဲ့ပုံသက်သက်ကို ရနိုင်ပါသည်။ ဖွဲ့နွဲ့သည်ဆိုခြင်းသည် အပြောဖြင့်သော်လည်းကောင်း၊ အရေးဖြစ်သော်လည်းကောင်း ကိုယ့်စိတ်ရှိသောသဘောကို သူ့နား၊ သူ့စိတ်သို့ ရောက်အောင်ပို့ခြင်း ဖြစ်ပါသည်။ ထိုအခါ စကားသည် စာရေးဆရာ၏ တန်ဆာပလာဖြစ်သဖြင့် ထိုတန်ဆာပလာကို အသုံးပြုတတ်ရေးအတွက်......
(၁) အနက်ကိုမှန်အောင် ဖော်နိုင်ဖို့ကိစ္စတွင် သဒ္ဒါနည်းဟူ၍ရှိသည်။ ၀ါကျဖွဲ့နည်းဟူ၍ရှိသည်။ ကဗျာအတွက်ဖြစ်လျှင် ကဗျာဖွဲ့နည်း ဟူ၍လည်းရှိသည်။
(၂) အနက်ကိုပြေပြစ်အောင် ဖော်နိုင်ဖို့ကိစ္စတွင် ဒေါသဟူ၍ရှိသည်။ ဂုဏ်ဟူ၍ရှိသည်။ ယေဘုယျအားဖြင့် သဒ္ဒါလင်္ကာရ ၌ အကျုံးဝင်သည်။
(၃) အနက်ဆန်းကြယ်အောင် ဖော်နိုင်ဖို့ကိစ္စတွင် ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ စသော အတ္ထာလင်္ကာရတို့ ရှိကြသည်။
သဒ္ဒါအကြောင်း၊ သဒ္ဒလင်္ကာရအကြောင်း၊ အတ္ထာလင်္ကာရအကြောင်းတို့သည် ရှေးခေတ်ရေး၊ နှောင်းခေတ်ရေး သက်ဆိုင်ရာ မြန်မာကျမ်းများ၌လည်းကောင်း၊ အင်္ဂလိပ်ဘာသာအစရှိသော ဘာသာခြား ကျမ်းများ၌လည်းကောင်း ရှိကြပြီဖြစ်သဖြင့် ထိုအကြောင်းတို့ကို ဤနေရာ၌ ပြောပြဖို့မလိုတော့ပြီ။ သိလို၍ ဖတ်ကြည့်ကြလျှင် နားလည်နိုင်ကြပါ သည်။
သို့ရာတွင် သတိပြုစေလိုသော အချက်တစ်ခုရှိပါသည်။ ထိုအချက်သည် အခြားမဟုတ်။ ဆိုခဲ့သော သဒ္ဒါနည်း၊ သဒ္ဒါလင်္ကာရနည်း၊ အတ္ထာလင်္ကာရနည်းတို့ကိုသိ၍ ကျွမ်းကျင်လိမ္မာစွာ သုံးတတ်စေကာမူ စိတ်ကူးဉာဏ်မရှိလျှင် ထိုသူသည် ကဗျာဆရာမဖြစ်နိုင်၍ ထိုသူ၏စာသည်လည်း ကဗျာအဖြစ် မရပ်တည်နိုင်သော အချက်ဖြစ်ပါသည်။ ဖြစ်နိုင်သည်ဟုဆိုလျှင် ထိုသူသည် ကာရံသမားမျှသာဖြစ်နိုင်၍ ထိုသူ၏စာသည်လည်း နည်းအမျိုးမျိုးသုံးထားသော ကာရံစာမျှသာ ဖြစ်နိုင်သည်ဟု ထင်ပါသည်။ ဥပမာ- ပကတိပန်းကဲ့သို့ မလှနိုင်၊ စက္ကူပန်းခဲ့သို့သာ လှနိုင်သည်ဟု ဆိုချင်ပါသည်။ စင်စစ်မှာ စိတ်ကူးဉာဏ်ကောင်းသော ရှေးစာရေးဆရာကြီးများ၏ စာများသည် ကနဦးကပင် ရှိခဲ့ကြသည်။ ဆိုခဲ့သောနည်းများ ရှိလာကြသည်မှာ ထိုစာရေးဆရာကြီးများ၏ စာများမှ ကောင်းနိုးရာရာတို့ကို စံအဖြစ် ထုတ်၍ စည်းကမ်းပြုခဲ့ကြသောကြောင့်ဖြစ်သည်။ တစ်နည်းဆိုသော် စာသည် ရှေ့ ဆောင်ဖြစ်၍ နားသည် နောက်လိုက်သာဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် စိတ်ကူးဉာဏ်ကောင်းသူဖြစ်လျှင် သူရေးသောစာသည် သူ့အလိုအလျောက် စာကောင်းအဖြစ်ကို ရနိုင်ပါသည်။ ဤကား ဓမ္မတာကို ပြောရခြင်းဖြစ်သည်။ သို့ရာတွင် နည်းတို့ကို လည်း နားလည်ထားသည်ဖြစ်လျှင် ကြိုတင်ပြင်ဆင်မှု ရှိထားသကဲ့သို့ ဖြစ်နိုင်ပါသည်။ ထို့ထက် အရေးကြီးသော အချက်မှာ ရသစာပေသည် လူ့အမူအရာ၊ လောကအမူအရာတို့ကို ဖွဲ့တတ်သော စာမျိုးဖြစ်သဖြင့် မည်သည့်လူမျိုး စာရေးဆရာက ရေးရေး၊ မည်သည့်ဘာသာစကားဖြင့် ရေးရေး၊ အဓိကအားဖြင့် တစ်သဘောတည်း သာဖြစ်သည် ဟူသောအချက်ဖြစ်ပါသည်။ ထိုအချက်ကို လက်မခံနိုင်ဟုမြင်လျှင် ထိုအမြင်သည် ကျဉ်း၍မသင့်ဟု ဆိုချင်ပါသည်။ ထိုအချက်ကို လက်ခံနိုင်ဟုမြင်လျှင် ထိုအမြင်သည် ကျယ်၍သင့်သည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် စာကောင်းဟူသမျှကို ဖတ်ရှုလေ့လာစေချင်ပါသည်။ ဖတ်ရှုလေ့လာနိုင်လျှင် အသိကျယ်ဝန်းမှုကို ရနိုင်သည်။ အသိ ကျယ်ဝန်းမှုကိုရလျှင် အမြင်သစ်ကိုမြင်၍၊ အတွေးသစ်ကိုတွေး၍၊ အရေးသစ်ကို ရေးနိုင်ကြစရာ အကြောင်းရှိပါသည်။ ဤနည်းအားဖြင့် ကိုယ့်စာပေကို တစ်ထစ်တက်လာအောင် သို့မဟုတ် တစ်ရစ်တိုးလာအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ဤကား စကားချပ်။
ဖွဲ့နွဲ့ပုံကို ဖွဲ့နွဲ့ပုံသက်သက်အဖြစ် ခွဲကြည့်သောအခါ သဒ္ဒါနည်း၊ ၀ါကျဖွဲ့နည်း စသဖြင့် နည်းအမျိုးမျိုးရှိသည်ကို သိခဲ့ကြပြီ။ ထို့နောက် ဖွဲ့နွဲ့ပုံကို ကဗျာ့သဘော၏ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့် သို့မဟုတ် စိတ်ကူးဉာဏ် အံကျဝင်နေရာဖြစ်သော ဖွဲ့နွဲ့ပုံအဖြစ်ဖြင့် ဆင်ခြင်စရာရှိပေသေးသည်။ ကျွမ်းကျင်မှုလည်းရှိ၍ စိတ်ကူးဉာဏ်လည်း ရှိသော ကဗျာဆရာတစ်ဦးသည် ကဗျာရေးပြီဆိုကြပါစို့။ ထိုအခါ ထိုဆရာသည် မရေးခင်၌သော်လည်းကောင်း၊ ရေးစဉ်၌သော်လည်းကောင်း ဆိုခဲ့သောနည်းအမျိုးမျိုးကို ထည့်၍စဉ်းစားပါသလော။ ဥပမာ ထိုဆရာသည် စုဆောင်းမှတ်သားထားသော သို့မဟုတ် အလွတ်ကျက်မှတ်ထားသော စကားစုမှထုတ်ကာ ဤနေရာတွင် စကားခံ့ကိုသုံးလိုက်မည်။ ထိုနေရာ၌ စကားယဉ်ကို သုံးလိုက်မည် စသည်ဖြင့်တွေး၍ စာရေးပါသလော။ ဤနေရာတွင် ပဒါသတ္တိဂုဏ်ကိုသုံး၍ ထိုနေရာတွင် ရူပကအလင်္ကာ ကို သုံးလိုက်မည် စသဖြင့်တွေး၍ စဉ်းစားပါသလော။ ကျွန်တော့်အထင်မှာ ထိုဆရာသည် ထိုသို့တွေး၍ စာရေးလိမ့်မည် မဟုတ်ပါ။ သူ့စိတ်၌ ဖြစ်ပေါ်လာကြသော ခံစားမှုတရား၊ လှုပ်ရှားမှုတရား စသည်တို့ကြောင့် သူ့မှာ ရုန်းကန်နေရရှာသဖြင့် ထိုထိုသော နည်းတို့ကို သူတွေးနိုင်လိမ့်မည် မဟုတ်ပါ။ ထိုသို့မဟုတ်လျှင် ထိုဆရာသည် မည်သို့ရေးပါသနည်း။ ကျွန်တော့်အထင်မှာ ထိုဆရာ၌ စကားရလာခြင်း၊ ၀ါကျချောလာခြင်း၊ သဒ္ဒါလင်္ကာရပေါ်လာခြင်း၊ အတ္ထလင်္ကာရထင်လာ ခြင်းတို့သည် သူ့စိတ်ကူးဉာဏ်ကြောင့်သာ ဖြစ်လာကြရသည်ဟု ထင်ပါသည်။ တစ်နည်းဆိုရသော် သူ့စိတ်ကူးဉာဏ်က သာ ဖန်တီးပေးသည်ဟု ဆိုနိုင်ပါသည်။
ဥပမာ - စကားရပုံနှင့်ပတ်သက်၍ “တဗူးတဗယ်ဗယ်နှင့် နွားသူငယ် မိခင်ပျောက်ရှာရော့ထင့်၊ ဆင်းရေသောက် လမ်း” ကို စစ်ကြည့်ရအောင်။ ထိုတေးသည် ကျေးရွာရှုခင်းတစ်ခုကို ဖွဲ့ဆိုထားသောစာဖြစ်သည်။ မြစ်ကမ်းပါးတွင် နွားများ ရေသောက်ဆင်းရာ၌ နွားငယ်တစ်ကောင်သည် တဗူးတဗယ်ဗယ် အော်ကာ အော်ကာ သူ့မိခင်ကို ရှာနေပုံဖြစ် သည်။ ထိုတေးတွင် အဖြစ်အပျက်ကိုယ်တိုင်ကပင် ဂရုဏာသက်ဖွယ်ဖြစ်နေသည်မှာ ထင်ရှားပါသည်။ “နွားသူငယ်” ဟူသောစကားကို ကြားလိုက်ရသူအဖို့မှာ ဂရုဏာသဘောသည် တိုးလာစရာဖြစ်ပါသည်။ ထိုစကား၌ သတ္တိထူးရှိသည်ဟု ထင်ပါသည်။ ထိုတေးကိုရေးသူသည် ထိုစကားကို မည်သို့ရသနည်း။ လုပ်ကြံရှာဖွေ၍ ရသလော။ စိတ်ကူးဉာဏ်ကြောင့် ရသလော။
စကားပြောကြရာတွင် ကြားသူ၌ စကား၏ အနက်သက်သက်သာ ထင်အေင်ပြောခြင်းမျိုးလည်း ရှိသည်။ ကြားဖူး၊ မြင်ဖူး၊ ကြုံဖူး၊ သိဖူးသော အာရုံတစ်ခုခုကို သတိရသလိုလိုဖြစ်စေ၍ စိတ်လှုပ်ရှားမှုကိုပါ ဖြစ်စေသော အနက်ထင် အောင် ပြောခြင်းမျိုးလည်းရှိသည်ဟု ဆိုကြပါသည်။ “အပြောရိုင်းသူ” ဟုပြောရာ၌ ထိုစကား၏အနက်သည် အနက်သက်သက်သာဖြစ်၍ ထိုအနက်ကို စု ခေါ်ကြပါစို့။ “နှုတ်ဗွေဆိုးသူ” ဟု ပြောလိုက်သောအခါ ကြားရသူသည် နွား၊ မြင်းတို့၏ ပါပလက္ခဏာဖြစ်သော ဗွေဆိုးကိုသတိရ၍ စက်ဆုပ်ရွံရှာသော စိတ်လှုပ်ရှားမှုဖြစ်နိုင်ပါသည်။ ထိုသဘောသည် အနက်ရိုးကိုအကြောင်းပြ၍ ဂယက်ရိုက်လာသော သဘောဖြစ်ပါသည်။ ထိုသဘောရှိသောအနက်ကို ဂယက်အနက် (အန္တောဂဓအနက်ဟုလည်းခေါ်သည်) ဟု ခေါ်ကြပါစို့။ ဤတွင် ထိုဂယက်အနက်ထွက်အောင် ပြောနိုင်ခြင်း၏ အကြောင်းရင်းသည် စက်ဆုပ်ရွံရှာခဲ့သော ပြောသူ၏ စိတ်ကူးဉာဏ်ကြောင့်ဖြစ်သည်ဟု ယူဆသင့်ပါသည်။
အထက်ပါတေး၌ပါသော “နွားသူငယ်” စကားတွင်လည်း “နှုတ်ဗွေဆိုးသူ” စကားမှာကဲ့သို့ပင် ဂယက်အနက်ရှိ သည်ဟု ယူဆပါသည်။ “နွားသူငယ်” ဟုဆိုရာ၌ “သူငယ်” ဟူသောစကားကို ကြားရသူသည် လူသားဖြစ်သော သားငယ်၊ သမီးငယ်တို့ကို သတိရ၍ ဂရုဏာသက်သော စိတ်လှုပ်ရှားမှုဖြစ်နိုင်ပါသည်။ တစ်ဖန် တေးရေးသူသည် ထိုစကားကို မရခင်ကပင် ဂရုဏာသက်ခြင်း စိတ်လှုပ်ရှားမှုရှိခဲ့၍ သားငယ်သမီးငယ်တို့ကို သူ့မျက်စိ၌ မြင်ခဲ့ရာသည်။ ထို့ကြောင့် “နွားသူငယ်” ဟူသောစကားသည် ဂရုဏာသက်ခြင်းဖြစ်ခဲ့သော တေးရေးသူ၏ စိတ်ကူးဉာဏ်ကြောင့် ဖြစ်လာရသည်ဟု ယူသင့်ပါသည်။ ဤသို့ဖြင့် “နွားသူငယ်” စကားကို တေးရေးသူရခြင်းဖြစ်ခဲ့သည်ဟု ထင်ပါသည်။
တစ်ခါတစ်ရံ အနက်ရိုးစကားပင် ဖြစ်စေကာမူ ထိုစကားကိုသံးတတ်ပါက ထိုစကားမှ ဂယက်အနက် ထွက်လာနိုင်၍ ထိုဂယက်အနက်ကြောင့် စာတစ်ပုဒ်လုံးသည် စိုစိုပြည်ပြည်ဖြစ်လာတတ်သည်ကို တွေ့ရပါသည်။ “ရွှေဘိုမြို့ အ၀င်၊ ကျွန်းဖိုနှစ်ပင်။ ကျွန်းဖိုနှစ်ပင်၊ ရှင်အောင်မွေးပါ့၊ မယ်နဲ့မောင် အလှူပေး၊ ၀ဲတိုင်ဖို့လေး” ဟူသောတေး တွင် “မွေး” ဟူသောစကားကို သုံးတတ်သောကြောင့် တေးတစ်ပုဒ်လုံး ချစ်ခင်ကြင်နာစရာ ဖြစ်လာသည်ကို သတိပြုမိပါ သည်။ ထိုတေးသည် ကျွန်းဖိုနှစ်ပင်ကို အကြောင်းပြု၍ ဖွဲ့ဆိုထားသော မောင်မယ်အချစ်ဘွဲ့ဖြစ်သည်။ မောင်နှင့်မယ် အလှူပေးချိန်ရောက်သောအခါ ၀ဲတိုင်အတွက်ဟု ရည်ရွယ်ထားသော ကျွန်းဖိုနှစ်ပင်ကို “ရှင်အောင်စိုက်ပါ့” ဟုမဆို၊ “ရှင်အောင်မွေးပါ့” ဟုဆိုခဲ့ရာ ထိုစကားကြားရသူသည် သက်ရှိသတ္တ၀ါတို့ ကျွေးမွေးပြုစုတတ်ကြပုံကို သတိရ၍ ချစ်ခင်သာယာသော စိတ်လှုပ်ရှားမှု ဖြစ်နိုင်ပါသည်။ တစ်ဖန် တေးရေးသူသည် ထိုစကားကိုမရခင်ကပင် ချစ်ခင်သာယာ သော စိတ်လှုပ်ရှားမှုရှိခဲ့၍ သက်ရှိသတ္တ၀ါတို့ ကျွေးမွေးပြုစုတတ်ကြပုံကို သူ့မျက်စိ၌ မြင်ခဲ့ရာသည်။ ထို့ကြောင့် “ရှင်အောင်မွေးပါ့” ဟူသောစကားသည် ချစ်ခင်သာယာခြင်းဖြစ်ခဲ့သော တေးရေးသူ၏ စိတ်ကူးဉာဏ် ကြောင့် ဖြစ်လာရသည်ဟု ယူသင့်ပါသည်။ ဤသို့ဖြင့် “ရှင်အောင်မွေးပါ့” စကားကို တေးရေးသူရခဲ့ခြင်းဖြစ်သည်ဟု ထင်ပါသည်။
ကဗျာဆရာသည် ဂယက်အနက်စကားကို ဖန်တီးတတ်သူဖြစ်သည်ဟုလည်းကောင်း၊ ဂယက်အနက်ထွက် အောင် သုံးတတ်သူဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြပါသည်။ တစ်ဖန် အထက်ပါအကြောင်းတို့ကို ထောက်ပြလျှင် လည်း ၀ါကျချောခြင်း၊ အစပ်ချောခြင်း၊ သဒ္ဒါလင်္ကာရပေါ်ခြင်း၊ အတ္ထာလင်္ကာရထင်ခြင်းတို့ကို မဆိုထားဘိ၊ စကားရခြင်း သည်ပင် စိတ်ကူးဉာဏ်ကြောင့်သာ ဖြစ်ရသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကဗျာ့သဘော၏ အစိတ်အပိုင်းတစ်ခုဖြစ် သော ဖွဲ့နွဲ့ပုံသည် စိတ်ကူးဉာဏ်မှသာ ဖွားမြင်လာသည်ဟု ဆိုချင်ပါသည်။ ထိုသို့ဆိုသဖြင့် စိတ်ကူးဉာဏ်က အရင်ကျ၍ ဖွဲ့နွဲ့ပုံက နောက်ကျသည်ဟု မဆိုသာပါ။ စိတ်ကူးဉာဏ်သည် ရှေးဦးစွာရှိမည်မှာ အမှန်ဖြစ်ပါသည်။ သို့ရာတွင် စာရေးသူ၏ စိတ်၌သာရှိခြင်းဖြစ်ပါသည်။ ထုတ်ဖော်လိုက်သော အခါ၌ကား စိတ်ကူးဉာဏ်နှင့် ဖွဲ့နွဲ့ပုံတို့သည် တစ်ပြိုင်နက်ထွက်၍ တစ်သားတည်း ဖြစ်ပေါ်လာကြရသည်ဟု ထင်ပါသည်။ စကားအဖြစ်ပြောရလျှင် စိတ်ကူးဉာဏ် က အ၀န်းဖြစ်၍ ထိုအ၀န်းကို ထုတ်ဖော်လိုက်ပါက ဖွဲ့နွဲ့ပုံသည်လည်း အ၀န်းအတိုင်း ပိုပေါ်လာရန်ရှိသည်ဟူသော သဘောဖြစ်ပါသည်။ ဤမျှလောက် ဖွဲ့နွဲ့ပုံသည် ကျောက်စက်ရေထည့်ထားသော ဖန်ပြာခွက်နှင့်တူပုံ ထင်ရှားသိသာ ပြီဟု ထင်ပါသည်။
ဤတွင် စကားအလျင်းသင့်၍ ဆိုချင်သေးသည်မှာ ဤသို့ဖြစ်ပါသည်။ ကဗျာ့သဘောဟုဆိုရာတွင် (ရသစာပေ ဟူသမျှ၏ သဘောလည်းဖြစ်ပါသည်) စိတ်ကူးဉာဏ်နှင့် ဖွဲ့နွဲ့ပုံကို မကွဲမပြား တစ်သားတည်းရပ်တည်ပုံကို ဆိုခဲ့ပါပြီ။ ဖွဲ့နွဲ့ပုံ သည် ထုတ်ဖော်ရသော သဘောဖြစ်သဖြင့် သိလွယ်သည်ဟု ယူဆပါသည်။ စိတ်ကူးဉာဏ်သဘောကိုကား ထပ်ပြီးရှင်းလိုပါသေးသည်။ ထုတ်ဖော်ခြင်းကို မပြုသေးသမျှ ကာလပတ်လုံး စိတ်ကူးဉာဏ်သည် စာရေးဆရာ၏စိတ်၌ သာ တည်ရှိနေသည်ကို သတိပြုအပ်ပါသည်။ ထို့အပြင် ထိုသို့တည်ရှိနေရာ၌ စိတ်ကူးဉာဏ်သည် စာရေးဆရာ၏ စိတ်ခရီးတွင် အဆုံးဖြစ်သောစခန်း၌ ရောက်နေပြီဟုလည်း သတိပြုအပ်ပါသည်။ ထိုသို့ဖြစ်လျှင် အစဖြစ်သော စခန်းသည် အဘယ်နည်း။ ခံစားမှုတရားဟု ဆိုချင်ပါသည်။ ခံစားမှုတရားတွင် ချမ်းသာသောခံစားမှု၊ ဆင်းရဲသော ခံစားမှုဟူ၍ရှိပြန်ရာ ချမ်းသာသော ခံစားမှုကိုသော်လည်းကောင်း၊ ဆင်းရဲသော ခံစားမှုကိုသော်လည်းကောင်း မည်သူက ပြုပေးပါသ နည်း။ ပြုပေးသူသည် စာရေးဆရာ၏ မေတ္တာ၊ ဂရုဏာ၊ စေတနာ၊ အကျိုးလိုလားခြင်း စေတနာ၊ အမှန်လိုလားခြင်း စေတနာ၊ အမှားမလိုလားခြင်း စေတနာ၊ တရားသည်ကိုလိုလားဖြင်း စေတနာ၊ မတရားသည်ကို မလိုလားခြင်း စေတနာ စသည်ဖြင့် ထိုကဲ့သို့သော စိတ်ဓာတ်မျိုးကို ဆိုလိုပါသည်။ စေတနာသည် ပဲ့ကိုင်ဖြစ်သည်။ စေတနာထားအပ်သော အရာသည် ပန်းတိုင်ဖြစ်သည်။ ထိုပန်းတိုင်သို့ စေတနာက ပဲ့ကိုင်ပေးသည့်အတိုင်း စိတ်ကူးဉာဏ်သည် စာရေးဆရာ၏ စာကို အရောက်လှော်ပို့တတ်သည်ဟု ယူသော်ရသင့်ပါသည်။ ဤကား စကားချပ်။
“အမောပြေအောင် တိုက်ပါ့မမ” ဟူသော စကားအကြောင်းကို ဆက်ကြဦးစို့။ ထိုစကားသည် ကဗျာ့ရည်ရွယ်ချက်နှင့် (၀ါ) ရသစာပေ၏ ရည်ရွယ်ချက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။