Bamaw Thein Pe added 2 new photos.
ဗီယက်နမ်နိုင်ငံက ၁၇ နှစ်သား ကောင်လေးတယောက်ဟာ အနောက်နိုင်ငံကို ငါးဖမ်းစက်လှေနဲ့ ခိုးထွက်ဖို့ ကြိုးစားတယ်။ ၃ ကြိမ် ကြိုးစားပြီး တတိယအကြိမ်ကျမှ အောင်မြင်တယ်။ စက်လှေဟာ အင်ဒိုနီးရှားနိုင်ငံကိုရောက်သွားလို့ သူဟာ ဒုက္ခသည်စခန်းတခုမှာ တနှစ်နေခဲ့ရတယ်။ ထောင်ကနေ လွတ်ပြီး အမေရိကန်နိုင်ငံကို သွားခွင့်ရတယ်။ ဘော်စတွန်မြို့လေဆိပ်ကို ရောက်သွားတဲ့အခါ သူ့မှာ အဝတ်တထည်၊ ကိုယ်တခုနဲ့ အင်္ကျီအိပ်ကပ်ထဲမှာ အမေရိကန်ပိုက်ဆံ ၂ ဒေါ်လာပဲပါတယ်။
ဒုက္ခသည်စခန်းမှာ သင်ခဲ့တဲ့ အင်္ဂလိပ်စာနဲ့စကား နဲနဲလေးပဲ တတ်တယ်။ အမေရိကန်မှာ ကျောင်းတက်ပြီး ကွန်ပြူတာပညာကို သင်ယူတယ်။ သူတတ်တဲ့ ကွန်ပြူတာပညာကို အသုံးချပြီး အခု အမေရိကန်နိုင်ငံမှာ ဘီလီယံချီတန်တဲ့ အိုင်တီကုမ္ပဏီကြီးရဲ့ CEO တယောက်ဖြစ်ခဲ့သလို သူလဲ မီလျံနာသူဋ္ဌေးတယောက် ဖြစ်သွားခဲ့ပါတယ်။ သူ့နာမည်က ထရွန်ယွန်း (Trung Dung) ပါ။ (Dung ကို ဗီယက်နမ်လို ယွန်းလို့ အသံထွက်ပါတယ်)။ သူ့ရဲ့ စွန့်စားမှု၊ ကြိုးစားမှုတွေကို အားကျစေချင်လို့ ရေးပြလိုက်ပါတယ်။
၁၉၇၀ ခုနှစ်အလွန်က အမေရိကန်အားပေးထောက်ခံတဲ့ တောင်ဗီယက်နမ်အစိုးရနဲ့ မြောက်ဗီယက်နမ်က ကွန်မြူနစ်ဗီယက်ကောင်းတွေ တိုက်ခိုက်ခဲ့ကြတဲ့ ဗီယက်နမ်စစ်ပွဲကာလအတွင်းမှာ ထရွန်ရဲ့အဖေဟာ တောင်ဗီယက်နမ်စစ်တပ်က အရာရှိတယောက်ပါ။ ၁၉၇၅ ခုနှစ်မှာ တောင်ဗီယက်နမ်အစိုးရ စစ်ရှုံးသွားတော့ ဗီယက်ကောင်းတွေက သူ့အဖေကို ဖမ်းမိသွားပြီး အလုပ်ကြမ်းနဲ့ ထောင်ချလိုက်တယ်။ ဒါ့ပြင် ဗီယက်ကောင်းတွေက ဆိုင်ဂုံမြို့က ထရွန်တို့မိသားစုရဲ့ အိမ်နဲ့ရှိသမျှပစ္စည်းတွေ အားလုံးကိုပါ သိမ်းယူလိုက်ကြတယ်။ ထရွန်တို့မိသားစုဟာ နေစရာလို့ အမျိုးတွေရှိတဲ့ ရွာတရွာကို ပြောင်းသွားကြတယ်။ ဒီအချိန်မှာ ထရွန်ဟာ အသက် ၈ နှစ်ပဲ ရှိပါသေးတယ်။
ရွာက အမျိုးတယောက်ရဲ့ အိမ်မှာ သူတို့မိသားစု ခိုကပ်နေရတယ်။ စားစရာအတွက် ထရွန်တို့ မောင်နှမ ၃ ယောက်ဟာ ရွာထဲက အမှိုက်ပုံတွေမှာ ပလတ်စတစ်အဟောင်းတွေကို လိုက်ကောက်ကြတယ်။ ကောက်လို့ရတဲ့ ပလတ်စတစ်တွေကို အိမ်ရောက်တော့ ဆပ်ပြာရေနဲ့ လျှော်ဖွတ်ဆေးကြောပြီး ပလတ်စတစ်အဟောင်း ဝယ်တဲ့ဆိုင်မှာ သွားရောင်းကြတယ်။ သူတို့ရတဲ့ပိုက်ဆံက မများလှပေမဲ့ မိသားစုစားဖို့တော့ ရနေကြပါတယ်။
ထရွန်တို့ မောင်နှမတွေဟာ ရွာမှာကျောင်းတက်ခွင့်ရကြပေမဲ့ အထက်တန်းကျောင်း အောင်ပြီးရင်တော့ တက္ကသိုလ်တက်ခွင့်တော့ ရကြမှာမဟုတ်ပါဘူး။ ကွန်မြူနစ်အစိုးရက သူတို့အဖေကို အမေရိကန်ကို ထောက်ခံတဲ့ သစ္စာဖေါက်အဖြစ် သတ်မှတ်ထားလို့ ထရွန်တို့ မောင်နှမဟာ တက္ကသိုလ်တက်ခွင့် မရသလို အစိုးရအလုပ် လုပ်ခွင့်လဲမရှိပါဘူး။ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ကျပြန်တော့လဲ သူတို့လက်ထဲမှာ ပိုက်ဆံကမရှိ၊ ရှိရင်လဲ ရွာမှာက စီးပွားရေးလုပ်စားစရာ ဘာလုပ်ငန်းမှ မရှိဘူး။
ထရွန်ဟာ သူ့အမ၊ ညီမတွေနဲ့ ပလတ်စတစ်လိုက်ကောက်တယ်။ တခါတလေကျတော့ သူတယောက်ထဲ ချောင်းထဲဆင်း ငါးဖမ်းပြီး ဈေးမှာသွားရောင်းတယ်။ တခါတလေ ဈေးကနေ အသီးအနှံနဲ့ မုံ့ပဲသရေစာလေးတွေ ဝယ်သွားပြီး ကျောင်းမုံ့စားလွတ်ချိန်မှာ ကျောင်းသားတွေကိုအမြတ်နဲနဲတင်ပြီး ပြန်ရောင်းတယ်။ ဒီလိုနဲ့ မိသားစုကို စားဖို့ရှာပေးနေရင်း ကျောင်းမှန်မှန်မတက်နိုင်ပေမဲ့ ထရွန်ဟာ ဉာဏ်ထက်မြက်သူတယောက်မို့ ကျောင်းက စာမေးပွဲတွေကိုတော့ တနှစ်တတန်း မှန်မှန်အောင်နေပါတယ်။
သူ အသက် ၁၅ နှစ်မှာ ရေခြားမြေခြားကို ထွက်ခွာသွားချင်စိတ်ဖြစ်လာတယ်။ နိုင်ငံခြားမှာ စွန့့််စားပြီး ကြီးပွားအောင် လုပ်ချင်လို့တဲ့။ ၁၅ နှစ်သားလေးရဲ့ ရည်မှန်းချက်က ကြီးမားတယ်။ သူ့အမေကလဲ ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေတဲ့ ဗီယက်နမ်နိုင်ငံမှာ ဆက်နေရင် ထရွန်ရဲ့ဘဝ ဘယ်လိုမှ လူမွေးလူရောင်ပြောင်မှာ မဟုတ်ဘူးဆိုပြီး ထွက်ခွာဖို့ အားပေးတယ်။ ဒါကြောင့် အမေဟာ ဖွက်ထားတဲ့ ရွှေတိုရွှေစလေးကို ရောင်းချလိုက်ပြီး ရတဲ့ပိုက်ဆံလေးကို ငါးဖမ်းစက်လှေတစီးပိုင်ရှင်ကို ပေးလိုက်တယ်။ ထရွန်ကို ဗီယက်နမ်ကနေ အနောက်နိုင်ငံတခုခုကို စက်လှေနဲ့ ခိုးထုတ်ခေါ်သွားပေးဖို့ပါ။ ဒါပေမဲ့ ချိန်းထားတဲ့ရက်မှာ အဲဒီငါးဖမ်းစက်လှေ ရောက်မလာခဲ့ဘူး။ စက်လှေကို စုံစမ်းလို့ မရတော့တာကြောင့် ပေးထားတဲ့ ပိုက်ဆံဆုံးသွားတယ်။ တနှစ်ကြာပြန်တော့ အမေဟာ ခြစ်ကုပ်စုထားတဲ့ ငွေလေးပေးပြီး ထရွန်ကို စက်လှေတစီးပေါ် ထပ်မံတင်ပေးလိုက်ပြန်တယ်။ အဲဒီစက်လှေဟာ ပင်လယ်ကမ်းခြေစပ်က ထွက်ခွာစမှာပဲ ဗီယက်နမ်ကမ်းခြေစောင့် ရေတပ်သင်္ဘောတစီးရဲ့ တားဆီးဖမ်းတာ ခံလိုက်ရတယ်။ ရေတပ်က စက်လှေပေါ် ပါသူတွေအားလုံးကို ဗီယက်နမ်နိုင်ငံကနေ တရားမဝင် ခိုးထွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးကို ပို့လိုက်တယ်။ တရားရုံးက ထောင်ဒဏ်တလ ချမှတ်လိုက်လို့ ထရွန်ဟာ ငယ်ငယ်ရွယ်ရွယ် ၁၆ နှစ်သားမှာ ထောင်ထဲရောက်သွားတယ်။
ထောင်ကလွတ်ပြီး တနှစ်အကြာ ၁၉၈၄ ခုနှစ်မှာ ထရွန်ဟာ တတိယအကြိမ်အဖြစ် စက်လှေနဲ့ ခိုးထွက်ဖို့ ကြံစည်ပြန်တယ်။ အခု သူ့အသက် ၁၇ နှစ်ဖြစ်နေပြီ။ ဒီတခေါက် စက်လှေနဲ့ လိုက်ခွင့်ရဖို့ ထရွန်ရဲ့အမေမှာ ပေးစရာပိုက်ဆံ မရှိတော့ဘူး။ ဒါပေမဲ့ အမေဟာ ဗီယက်နမ်ကနေ စက်လှေနဲ့ ခိုးထွက်ချင်သူတွေကို ရှာပြီး လူစုပေးမယ်။ အဲဒီအတွက် သူ့သားကို အလကားခေါ်သွားပေးရမယ်လို့ စက်လှေပိုင်ရှင်နဲ့ အပေးအယူလုပ်တယ်။ စက်လှေပိုင်ရှင်က သဘောတူလို့ ထရွန်ဟာ စက်လှေပေါ် လိုက်ပါခွင့်ရသွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ထရွန်က ခုလို ပြန်ပြောပြပါတယ်။ “အမေဟာ ကျနော့်အတွက် အသက်နဲ့ ရင်းပြီး စွန့်စားခဲ့တာပါ။ မနာလိုတဲ့လူတယောက်ကများ ကွန်မြူနစ်အစိုးရကို အတို့အထောင်လုပ် သတင်းပေးလိုက်ရင် ကျနော်အမေရဲ့အဖြစ်ဟာ တွေးဝံ့စရာတောင်မရှိပါဘူး။ အသတ်မခံရရင်တောင် အနဲဆုံး ထောင်ကျသွားနိုင်ပါတယ်။ အသက်ကို မငဲ့ကွက်ပဲ စွန့်စားလုပ်ပေးခဲ့တဲ့ အမေ့ကျေးဇူးကို ကျနော် တသက်မမေ့ပါဘူး”တဲ့။
စက်လှေဟာ ဗီယက်နမ်နိုင်ငံက စထွက်ကတဲက လမ်းမှာ ဘာအတားအဆီး အနှောက်အယှက်နဲ့မှ မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ ၃ ရက်အကြာမှာ စက်လှေဟာ စက်ပျက်ပြီး ပြင်မရလို့ ပင်လယ်ပြင်မှာ ၇ ရက်ကြာ မျောပါနေတယ်။ ရက်အနဲငယ်အကြာမှာ စက်လှေဟာ အင်ဒိုနီးရှားနိုင်ငံထဲက ရေနံတွင်းတူးစင်တခုအနား ရောက်သွားလို့ အင်ဒိုနီးရှားရေတပ်သင်္ဘောတစီးက စက်လှေကို ကယ်ဆယ်လိုက်တယ်။ ထရွန်အပါအဝင် စက်လှေပေါ်ပါသူ အားလုံးကို ဒုက္ခသည်စခန်းတခုကို ပို့လိုက်တယ်။ ဒုက္ခသည်စခန်းဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းတခုပေါ်မှာ ဖြစ်လို့ ဘယ်ကိုမှ ထွက်ပြေးလို့ မရပါဘူး။ ၂ လလောက်အကြာမှာ ထရွန်ရဲ့အမ ဟန်ယွန်း (Hanh Dung) လဲ စက်လှေနဲ့ ခိုးထွက်လာပြီး စခန်းကိုရောက်လာတာကြောင့် မောင်နှမ ၂ ယောက်ပြန်ဆုံကြတယ်။ သူတို့ ၂ ယောက်ဟာ အဲဒီစခန်းမှာ အင်္ဂလိပ်စာတတ်သူတွေဆီကနေ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားပြော သင်ယူကြတယ်။ သူတို့ဟာ ဗီယက်နမ်မှာတုံးက အင်္ဂလိပ်စာကို မသင်ခဲ့ကြရပါဘူး။ စခန်းမှာ တနှစ်ကြာအောင် နေပြီးမှ အမေရိကန်အစိုးရက သူတို့မောင်နှမကို အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ အခြေချနေထိုင်ခွင့် ပေးလိုက်ပါတယ်။ အကြောင်းက သူတို့အဖေဟာ အမေရိကန်စစ်တပ်နဲ့ လက်တွဲပြီး ဗီယက်နမ်ကွန်မြူနစ်တွေကို တိုက်ခိုက်ခဲ့လို့ပါတဲ့။
မောင်နှမ ၂ ယောက်ဟာ အင်ဒိုနီးရှားကနေ အမေရိကန်နိုင်ငံကို လေယဉ်နဲ့ ထွက်ခွာလာခဲ့ကြတယ်။ ဘော်စတွန်မြို့လေဆိပ်ကို ရောက်တော့ မောင်နှမ ၂ ယောက်မှာ အဝတ်တထည်၊ ကိုယ်တခုစီနဲ့ အမေရိကန်ပိုက်ဆံ ၂ ဒေါ်လာပဲ ပါတယ်။ နေစရာနဲ့ ယာယီစားသောက်ဖို့ အမေရိကန်အစိုးရက စီစဉ်ပေးတယ်။ ထရွန်ကျောင်းတက်ဖို့လဲ အစိုးရလူမှုဆက်ဆံရေးအရာရှိတယောက်က စီစဉ်ပေးတယ်။ အရာရှိက အင်္ဂလိပ်စာနဲ့စကား မတောက်တခေါက်ပဲ တတ်တဲ့ ထရွန်ကို အထက်တန်းကျောင်းကိုတက်တဲ့အခါ ၁၀ တန်းကနေပဲ စတက်ဖို့ အကြံပေးတယ်။ ဒါပေမဲ့ ထရွန်က အတန်းတတန်းပိုမြင့်တဲ့ High School Exam စာမေးပွဲကို တန်းဖြေမယ်လို့ အတင်းပြောတာနဲ့ အရာရှိက “မင်း သဘောပဲလေ“ဆိုပြီး သဘောတူလိုက်တယ်။ အရာရှိရဲ့ စိတ်ထဲမှာတော့ သူပေးတဲ့အကြံကို မယူတဲ့ ဗီယက်နမ်ကောင်လေးဟာ ဘယ်လိုမှ စာမေးပွဲကို အောင်စရာ အကြောင်းမရှိဘူးလို့ ထင်နေတယ်။ ဒါပေမဲ့ ထရွန်က အရာရှိရဲ့ အထင်ဟာ မှားသွားပြီဆိုတာ သက်သေပြခဲ့ပါတယ်။ High School Exam စာမေးပွဲကို ပထမတကြိမ်နဲ့ပဲ သတ်မှတ်တဲ့ အမှတ်စုစုပေါင်းထက် တမှတ်လေးပဲ ပိုရပြီး အောင်မြင်လိုက်တယ်။ အင်္ဂလိပ်စာမှာ ရတဲ့အမှတ်ဟာ အရမ်းနဲပေမဲ့ သင်္ချာနဲ့ သိပ္ပံဘာသာတွေမှာ အမှတ်အရမ်းကောင်းလို့ အောင်သွားတာပါ။
ထရွန်ဟာ ဘော်စတွန်မြို့က မက်ဆာချူးဆက်တက္ကသိုလ်ကို တက်ခွင့်ရတယ်။ တက္ကသိုလ်မှာ ပုံမှန်က ကျောင်းသားတွေဟာ စာသင်နှစ်တဝက် (one semester) မှာ အများဆုံး သင်ရိုးအပိုင်း (module) ၄ ခုကိုပဲ ယူကြပေမဲ့ သူကတော့ module ၈ ခုကနေ ၉ ခုအထိ ယူလိုက်တယ်။ နောက်ပြီး တက္ကသိုလ်တက်နေရင်း ကျောင်းဖွင့်ရက် ညပိုင်းတွေမှာ ဂရိစားသောက်ဆိုင်တခုမှာ အလုပ်လုပ်တယ်။ ကျောင်းပိတ်ရက် စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ဆေးရုံတရုံမှာ တံခါးစောင့်အလုပ် လုပ်သေးတယ်။ တလကို ဒေါ်လာ ၃၅၀ လောက်ရလို့ အမေဆီကို လစဉ်ဒေါ်လာ ၁၀၀ ပို့ပေးနိုင်ခဲ့တယ်။
တက္ကသိုလ်မှာ ၃နှစ်တက်ပြီးတော့ ထရွန်ဟာ တပြိုင်ထဲ သင်္ချာဘွဲ့နဲ့ သိပ္ပံဘွဲ့ ၂ ခုကို မက်ဆာချူးဆက်တက္ကသိုလ်မှာ အမှတ်အမြင့်ဆုံးနဲ့ အောင်မြင်ပြီး ရယူခဲ့တယ်။ ဘွဲ့ယူခါနီးမှာ ကွန်ပြူတာသိပ္ပံဘာသာမဟာဘွဲ့အတွက် သင်ရိုးဘာသာရပ်တွေရဲ့ ၉၀ ရာခိုင်နူန်းကို အောင်မြင်ပြီးနေပါပြီ။ ဘွဲ့ရပြီးတာနဲ့ သူဟာ ကွန်ပြူတာသိပ္ပံပါရဂူ (PhD in Computer Science) ကို အစိုးရပညာသင်ဆုအဖြစ် လစဉ် ဒေါ်လာ ၁,၀၀၀ နဲ့ ဘော်စတွန်တက္ကသိုလ်မှာပဲ ဆက်တက်ခွင့်ရတယ်။ ၁၉၉၀ ခုနှစ်မှာ ထရွန်ဆီကို (ထောင်က ပြန်လွတ်လာတဲ့)အဖေနဲ့ အမေ၊ ညီမတို့ လိုက်လာကြတယ်။ ထရွန်ကမက်ဆာချူးဆက်မြို့မှာ အိမ်ခန်းတခန်း ငှားလိုက်တယ်။ အမေရိကားရောက်နေတဲ့ အမလဲ လာနေလို့ မိသားစုအားလုံး အတူပြန်ဆုံပြီး နေကြတယ်။
===========================
အခု ထရွန်ဟာ PhD ပါရဂူဘွဲ့အတွက် လိုအပ်တဲ့ ရေးဖြေ၊ နူတ်ဖြေစာမေးပွဲတွေကို အောင်မြင်ပြီးသွားပြီးလို့ စာတမ်း (thesis) ပြုစုပြီး တင်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ သူဟာ စာတမ်းပြုစုတာကို ခနရပ်နားလိုက်ပြီး မိသားစု စားဝတ်နေရေးအတွက် အချိန်ပြည့် အလုပ်တခု ဝင်လုပ်တယ်။ မက်ဆာချူးဆက်မြို့က ကွန်ပြူတာဆော့ဖ်ဝဲကုမ္ပဏီတခုဖြစ်တဲ့ Open Market Inc., မှာ နှစ်အတော်ကြာကြာ လုပ်နေလိုက်တယ်။ ဒါပေမဲ့ ၁၉၉၆ ပြည့်နှစ်မှာ သူဟာ အဲဒီကုမ္ပဏီက နူတ်ထွက်လိုက်တယ်။ နူတ်ထွက်ရတဲ့အကြောင်းက သူ့ခေါင်းထဲမှာ အကြံတခုကို ပေါ်လာလို့ အဲဒီအကြံကို အကောင်အထည်ဖေါ်နိုင်ဖို့ ကိုယ်ပိုင်လုပ်ငန်းတခု ထူထောင်ချင်လို့ပါ။
Open Market ကုမ္ပဏီရဲ့ CEO က သူ့ကို အလုပ်မထွက်ဖို့ အမျိုးမျိုးတောင်းပန်နားချတယ်။ တောင်းပန်လို့မရတဲ့အဆုံးမှာ အလုပ်မထွက်ရင် ဒေါ်လာတစ်သန်းတန်ဖိုးရှိတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ပေးမယ်လို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ ထရွန်က ကမ်းလှမ်းချက်ကို ငြင်းလိုက်တယ်။ အဲဒီလို ရှယ်ယာတွေကို ငြင်းလိုက်တဲ့အကြောင်းကို သိသွားတဲ့ သူ့အဖေဟာ သေချာရေရာမှုမရှိသေးတဲ့ အကြံတခုအတွက် ဒေါ်လာတစ်သန်းတန်တဲ့ရှယ်ယာတွေ မယူတဲ့ကောင်၊ အရူးပဲဆိုပြီး သူ့ကို နှစ်အတော်ကြာအထိ စကားမပြောတော့ဘူး။ ဒါပေမဲ့ ထရွန်ကတော့ သူ့ခေါင်းထဲမှာ သူ ဘာဖြစ်ချင်တယ်၊ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ထားပြီးပါပြီ။ အဲဒါနဲ့ပတ်သက်လို့ ထရွန်က “ကျနော် အဲဒီအကြံကို ရလိုက်ပြီးကတဲက တခြားဘာကိုမှ စိတ်မဝင်စားတော့ဘူး။ အဲဒီအကြံကို ဘယ်လို အကောင်အထည်ဖေါ်ရမလဲဆိုတာကိုပဲ အချိန်ပြည့် စဉ်းစားနေမိတယ်”လို့ ပြောပြပါတယ်။ ခေါင်းထဲမှာ ပေါ်လာတဲ့ အကြံတခုအတွက် လက်ရှိအလုပ်ရယ်၊ ဒေါ်လာတစ်သန်းဖိုးရှယ်ယာတွေကို စွန့်လွတ်ရဲတာ ကြီးမားလှတဲ့ စွန့်စားမှုကြီးတခုပါ။ သူ အဲဒီလို စွန့်စားမှုကြီးယူလိုက်တာ ထိုက်တန်ပါရဲ့လား။ စောင့်ကြည့်ကြတာပေါ့။
===========================
ဒီလိုနဲ့ ပိုင်းနဲ့ထရွန်းတို့ ၂ ယောက်ဟာ ၁၉၉၉ ခုနှစ်မှာ အစုထဲ့ဝင်ငွေစုစုပေါင်း ဒေါ်လာ ၃၅ သန်းနဲ့ OnDisplay Corporation ကုမ္ပဏီကို ထောင်လိုက်ကြတယ်။ ထရွန် တီထွင်ထားခဲ့တဲ့ Travelocity ဆော့ဖ်ဝဲကို အခြေခံတဲ့ ဝက်ဆိုဒ်တွေကို ရေးဆွဲပြီး ခရီးသွားကုမ္ပဏီကြီးတွေကို ရောင်းပါတယ်။ OnDisplay ကုမ္ပဏီဟာ အမြတ်အများကြီး ရလာနေပြီး ၂၀၀၀ ပြည့်နှစ်မှာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ အမြင့်ဆုံးဖြစ်လာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ OnDisplay ကုမ္ပဏီကို Vignette Corporation ထံ ဒေါ်လာ ၁.၈ ဘီလီယံနဲ့ ရောင်းလိုက်တယ်။ ရောင်းလို့ရတဲ့ငွေကို ပိုင်းနဲ့ထရွန်တို့ ခွဲဝေယူကြလို့ ထရွန်လဲ မီလျံနာသူဋ္ဌေးတယောက် ဖြစ်သွားပါတယ်။ နောက်တော့ ထရွန်ဟာ Tascola, Inc. ဆိုတဲ့ ကိုယ်ပိုင်ကုမ္ပဏီတခု ထူထောင်ပြီး ကုမ္ပဏီရဲ့ CEO အဖြစ်နဲ့ ဆက်လက်လုပ်ကိုင်နေပါတယ်။
ထရွန်ရဲ့ အကြောင်းကို The Wall Street Journal, Forbes, Financial Timesစတဲ့ ကမ္ဘာကျော်မဂ္ဂဇင်းနဲ့ သတင်းစာကြီးတွေမှာ အမေရိကန်တွေအတွက် အတုယူစရာပုဂ္ဂိုလ်အဖြစ် ချီးကျူးရေးသားဖေါ်ပြကြပါတယ်။ နောက်ပြီး သူ့အကြောင်းကို Dan Rather ရေးထားတဲ့ “The American Dream” ဆိုပြီး စာအုပ်တအုပ်ကိုလဲ အမေရိကန်နိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။
===========================
ဇွန်လလယ်မှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှပေမဲ့ ဘဝကို အရှုံးမပေးပဲ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူတွေ၊ လုပ်နေသူတွေအတွက် မီလျံနာ၊ ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၀-၀၆-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။