နပိုလီယန်နှင့် သားမွေးဆိုင်ပိုင်ရှင်
==================
ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မလှည့်နှင့်၊
ကြောက်စိတ်ဖြင့်လည်း ရှေ့ရေးမတွေးတောနှင့်၊
ပညာသတိဖြင့်သာ
ဝန်းကျင်ကိုရှုမြင်ပါ။
(ဂျိမ်းစ်သာဗာ)
ရုရှားပြည်ကြီးကို နပိုလီယန်ကျူးကျော်တိုက်ခိုက်စဉ်ကာလ။ မြို့ကလေးတစ်မြို့တွင် စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့နောက်လိုက်နောက်ပါတွေ အမှတ်မထင်လူစုကွဲသွားကြသည်။
ရုရှားကော့ဆက်စစ်သားတစ်စုက သူ့ကိုမြင်သွားပြီး နောက်ကတရကြမ်းလိုက်သည်။ ကွေ့ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကိုလု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည်အရောင်းဆိုင်တစ်ခုထဲရှိ သားမွေးထည်အရောင်းဆိုင်တစ်ဆိုင်တွင် အလစ်ဝင်ခိုသည်။
ဆိုင်ရှင်ကိုမြင်တော့ `ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော်ဘယ်မှာပုန်းရမလဲ´၊ တောင်းပန်တိုးလျှိုးသောလေသံဖြင့် နပိုလီယန် အမောတကောမေးသည်။
ဆိုင်ရှင်က`အဲဒီထောင့်ကသားမွေးပုံကြီးအောက်အမြန်ဝင်´ ဟုဆိုပြီးနောက် နပိုလီယန်အား အပေါ်မှ သားမွေးတွေတစ်ထပ်ကြီး ဖုံးဖိပေးထားသည်။
ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေအခန်းထဲအော်ဟစ်ပြေးဝင်လာသည်။
`ဘယ်မှာလဲဟေ့၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့မြင်လိုက်တယ်´။
ဆိုင်ရှင်ကငြင်းသည်။ သို့သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံးဆွဲလွဲမွှေနှောက်ကာ နပိုလီယန်ကိုရှာကြသည်။ သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ်ထိုးကြည့်ကြသည်။ မတွေ့။နောက်ဆုံး သူတို့လက်လျှော့ပြီး ထွက်သွားကြသည်။
အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှတွား၍ထွက်လာသည်။ သူဘာဒဏ်ရာမှမရခဲ့။ သည်အခိုက်မှာပင် သူ့ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။
သည်အချိန် သားမွေးဆိုင်ပိုင်ရှင်က နပိုလီယန်အားကြည့်ကာ မရဲတရဲနှင့်မေးသည်။
`ဒီလောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာမေးတယ်လို့တော့ သဘောမထားပါနဲ့ခင်ဗျာ၊ သားမွေးပုံအောက် ရောက်နေတဲ့အချိန်၊ နောက်တစ်ခဏမှာ အဆုံးစီရင်ခံရနိုင်တယ်လို့ သိနေရတဲ့အချိန်က ဘယ်လိုခံစားရပါသလဲ ခင်ဗျာ´
နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစား မေးရသလား၊ ရိုင်းပျတဲ့ဒီသတ္တ၀ါကိုဖမ်း၊ မျက်နှာကို ပ၀ါစီးပြီး ချက်ချင်းသုတ်သင်စမ်း၊ ငါကိုယ်တော်မြတ် ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့်ပေးမယ်။
ကိုယ်ရံတော်စစ်သည်တွေ သားမွေးပိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲခေါ်သွားကြသည်။ သူ့ကို နံရံမှာရပ်စေကာ မျက်နှာကို ပ၀ါစည်းသည်။
သားမွေးဆိုင်ပိုင်ရှင်သည် ဘာကိုမျှမမြင်ရ။သို့သော် စစ်သားတွေ တန်းစီသံ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ်သေနတ်များ ပြင်ဆင်ကြသံတွေ သူကြားနေရသည်။ လေတိုးသဖြင့် သူ့ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ၊ပြီးတော့ သူ့ဒူးတွေ တဆတ်ဆတ်တုန်နေတာတွေလည်း သူသတိပြုမိနေသည်။
ထို့နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တစ်ဆင့်ချင်း အမိန့်ပေးသံ သူကြားရသည်။
`အသင့်ပြင်……ချိန်…´
လောလောဆယ် သူသိမှတ်နေရသည့် အကြားအာရုံ ၊ အထိအတွေ့အာရုံကလေးသည်ပင် အချိန်အနည်းငယ်အတွင်း သူ့ထံမှ ထာဝရနုတ်ပယ်ခြင်းခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည်မဖော်ပြနိုင်သည့်ဝေဒနာတစ်ခု သူ့ကိုလွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေတွေ စီးကျလာသည်။
အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် သူ့အနီးသို့ချဉ်းကပ်လာသည့်ခြေသံများ သားမွေးဆိုင်ရှင်ကြားရသည်။ ထို့နောက် သူ့မျက်နှာမှာ စည်းထားသည့် အ၀တ်ကို ဖြေပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့အမြင်အာရုံတွေ မသဲကွဲသေး။ သို့သော်မှုန်ရီဝိုးဝါးဖြစ်နေသည့်ကြားကပင် သူ့အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့တစ်ကိုယ်လုံးကိုတစ်ထောင့်တစ်ဌာနမကျန် အသေးစိတ်ဖော်ထုတ်သိမြင်သွားသည့်ဟန်ပင်။
သည်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည်။
ကဲ……အခုတော့ မင်းသိပြီမဟုတ်လား´တဲ့။
[မူရင်း။ ။ Steve Andreas ၏ Napoleon and the Furrier]
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်…….)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။