အဲသည်လို အစ်ကိုမျိုး
================
ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။

ခရစ္စမတ်အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ
ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ
လှည့်ပတ်ကြည့်နေတာမြင်ရသည်။
ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။
``ဒါ အစ်ကို့ကားလား´´ တဲ့။ ပေါလ်က ခေါင်းညိတ်ပြီး
``အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ် လက်ဆောင်ပေးတာ´´ ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။
``ဟာ……..ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ……..ဟုတ်လား၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန် ဘူးပေါ့၊ ဟာဗျာ……..ကျွန်တော်သာ ဆုတောင်းလို့ ရမယ်ဆိုရင် ……..´´ ဆိုပြီး ကောင်လေးရပ်နေသည်။
ဆုတောင်းလို့ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ်တွေးနေမိသည်။ သူ့မှာလည်း အဲဒီလို အစ်ကိုမျိုး တစ်ယောက်ရပါစေလို့ ဆုတောင်းမှာပဲပေါ့……………
သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
``ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ´´ တဲ့။ ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်သွားသည် မသိ။ ``မင်း ငါ့ကား လိုက်စီးကြည့်မလား´´
ဟု မေးမိသည်။
``ဟုတ်ကဲ့၊ စီးချင်တာပေါ့ခင်ဗျာ´´ ကားစီးပြီး ခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်သို့ လှည့်ကာ ``အစ်ကိုရေ… ကျွန်တော်တို့ အိမ်ဘက် လှည့်မောင်ပေးလို့ ရမလားဗျ´´ ဟု မေးသည်။
သူ့မျက်လုံးတွေ တောက်ပနေတာကြည့်ပြီး ပေါလ်ပြုံးမိသည်။ ကောင်လေးစိတ်ထဲ ဘာရှိနေသလဲ သူတွေးမိသည်။ သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ။
သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။
``ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့ရပ်ပေးပါဗျာ´´ ကောင်လေးက ဆိုသည်။ လှေကားထစ်တွေ သူပြေးတက်သွားသည်။
ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။ တက်သွားတုန်းကလို မမြန်။ သူက ကလေးတစ်ယောက်ကို ချီယူလာခြင်းဖြစ်သည်။ ခြေမသန်သော သူ့ညီလေး။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကို ပြသည်။
``ဟောဒီမှာ တွေ့လား ညီလား၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီး ပြောတာလေ၊ ဒါ သူ့အစ်ကိုကြီးက ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ ပိုက်ဆံတစ်ပြားမှ မကုန်ဘူး၊ နောက်ကျရင် အစ်ကိုကြီးလဲ ညီလေးကို ဒါမျိုးကား တစ်စီး ၀ယ်ပေးမယ်၊ အဲဒီအခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ္စမတ်အရောင်းဆိုင် တွေမှာ ပြထားတဲ့ အလှအပပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့်နိုင်မှာပေါ့ကွ´´ တဲ့၊
သူကအားပါးတရ ပြောနေသည်။ ပေါလ်ကားထဲကထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲ ထည့်သည်။
အစ်ကိုလုပ်သည့် ကောင်လေးက ၀မ်းသာအားရ သူ့ညီလေးဘေးမှ ၀င်ထိုင်သည်။ အဲသည့်နေ့က သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံးအတွက် တစ်သက် မမေ့နိုင်စရာဖြစ်ခဲ့သည်။
အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့သည်။
ယူရခြင်းအရသာထက် ပေးရခြင်းကြာင့်ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှ၏…………………..ဟူသော အသိတရား။
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်…….)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။