၂၀၁၂ ဒီဇင်ဘာ ၁ ရက်က ကျန်းမာရေးသတိပေးချက်စာနှင့် ရည်ညွှန်းပုံများ ပါဝင်သော စီးကရက်ဘူးများကို ပြသနေသူတစ်ဦး
နိုင်ငံတကာ
ခုံရုံးအဖွဲ့တစ်ဖွဲ့က စီးကရက်ကုမ္ပဏီများ၏ ဥပဒေအရ စိန်ခေါ်မှုကို
ကြားနာစစ်ဆေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် သြစတြေးလျ၏
စီးကရက်များကို အမှတ်တံဆိပ် မပါသော ပြောင်ချောဘူးများဖြင့်သာ
ရောင်းချရေးဥပဒေသည် အားပေးထောက်ခံမှု ရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၈ ရက်တွင် သြစတြေးလျ အစိုးရက Permanent Court of Arbitration
၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။ အဆိုပါ နိုင်ငံတကာခုံရုံးသည်
စီးကရက်ကုမ္ပဏီကြီးဖြစ်သော Philip Morris က တင်သွင်းသည့်အမှုကို ငြင်းပယ်ရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ပြောင်ချောဘူးနဲ့ ရောင်းချဖို့ကိစ္စဟာ ပြည်သူ့ကျန်းမာရေးအတွက် တရားဝင်
လုပ်ဆောင်ချက်ဖြစ်ပြီး သြစတြေးလျရဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းတွေ နဲ့ ကိုက်ညီပါတယ်” ဟု ကျေးလက် ကျန်းမာရေးဝန်ကြီး
ဖလိုနာနစ်ရှ်က ပြောကြားခဲ့သည်။
သူသည် ဆေးလိပ်မူဝါဒရေးရာအတွက် တာဝန်ရှိသူဖြစ်သည်။
“သြစတြေးလျရဲ့ အနေအထားကို သဘောတူတဲ့ ခုံရုံးက Philip Morris ရဲ့ စွဲ
ဆိုချက်ကို ကြားနာဖို့ ပယ်ချခဲ့တာကို ကျွန်မတို့ ကြိုဆိုပါတယ်” ဟု
ဖလိုနာနစ်ရှ်က ပြောကြားခဲ့သည်။
“ကင်ဆာ၊ အဆုတ်နဲ့ နှလုံးရောဂါတွေကြောင့် သေဆုံးစေနိုင်ပြီး
မိသားစုတွေကို ထိခိုက်စေတဲ့ ဆေးလိပ်သောက်ခြင်းဟာ သြစတြေးလျနိုင်ငံသားတွေကို
ဘေးဥပါဒ် ဖြစ်စေတယ်ဆိုတာ ပြောစရာကို မလိုပါဘူး” ဟုလည်း ၀န်ကြီးက
ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်တွင် သြစတြေးလျနိုင်ငံသည် ဆေးလိပ်သောက်မှုနှုန်းကို
လျှော့ချရန်အတွက် စီးကရက်များကို ပြောင်ချောဘူးများဖြင့်သာ
ရောင်းချရေးဥပဒေကို စတင်ပြဋ္ဌာန်းသည့် ပထမဆုံးနိုင်ငံဖြစ်လာပြီး ယင်းနောက်
ပြင်သစ်နှင့် ဗြိတိန်တို့အပါအ၀င် အခြားနိုင်ငံများက သြစတြေးလျနောက်သို့
လိုက်ခဲ့ကြသည်။
Philip Morris၊ British American Tobacco ၊ Imperial Tobacco နှင့်
Japan Tobacco International တို့အပါအ၀င် စီးကရက်ကုမ္ပဏီကြီးများက
ယင်းကဲ့သို့သော ဥပဒေကို စိန်ခေါ်ရန် စတင်လုပ်ဆောင်ခဲ့ကြသည်။ သူတို့က ၎င်းတို့၏
အမှတ်တံဆိပ်ကို အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်ခွင့်ဖြစ်သည်ဟုဆိုကာ
စိန်ခေါ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ အငြင်းပွားမှုများကို
ဖြေရှင်းရန် ဖွဲ့စည်းထားသော ခုံရုံးက ယင်းစိန်ခေါ်မှုကို ပယ်ချလိုက်သည်။
Writer:
Ref:AFP
http://news-eleven.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။