ပွဲဆူသော ခေါင်းလောင်း
“မနေ့က ညနေ ငါးနာရီမှာ ခေါင်းလောင်းကြီးကို တွေ့သွားပြီတဲ့” သတင်းစာ ရောင်းနေသူက ကားဂိတ်တွင် အော်ရောင်းလေ၏။
မောင်စိုပြေ တစ်ယောက်လည်း ခေါင်းလောင်းဆိုသည့် အသံကြားတော့ ခေါင်းထောင်သွားကာ သတင်းစာတစ်စောင် ခပ်မြန်မြန် ဝယ်လိုက်သည်။ လူတိုင်း ခေါင်းလောင်းကြီးကို စိတ်ဝင်စားနေသဖြင့် သတင်းစာ ကုန်သွားရင် မဖတ်လိုက်ရမှာလည်း စိုးသည်။ သတင်းစာပင် မဖတ်လိုက်ရ၊ ဘတ်စ်ကား လာသဖြင့် ကားပေါ် မြန်မြန်တက်လိုက်ရသည်။
စိုပြေကား ခေါင်းလောင်းကြီးကို စပြီး ရှာမယ်ဆိုကတည်းက စိတ်ဝင်စားနေခြင်း ဖြစ်သည်။ စားလည်း ခေါင်းလောင်းကြီး အကြောင်း စဉ်းစား၊ အိပ်လည်း ခေါင်းလောင်းကြီးကို အိပ်မက်မက်၊ ဘယ်နေရာကြည့်ကြည့် ခေါင်းလောင်းကြီးကိုသာ မျက်စိထဲ မြင်နေပြန်၏။ စကားပြောရာတွင်လည်း ခေါင်းလောင်းကြီး မပါလျှင် မပြီး။ စကားသုံးခွန်း ပြောလျှင် နှစ်ခွန်းက ခေါင်းလောင်းကြီး အကြောင်း ဖြစ်နေသည်။ ဖေ့ဘုတ်တွင် စတေးတပ် တင်လျှင်လည်း ခေါင်းလောင်းကြီး အကြောင်း။ ကွန့်မန့်ပေးလျှင်လည်း ခေါင်လောင်းကြီး။ အခု စာရေးတာတောင်မှ ခေါင်းလောင်းဆိုသည့် စာသားပေါင်း (၄၈) ခု ပါ၏။ (မယုံလျှင် လိုက်ရှာကြည့်) ခေါင်းလောင်း ရှာနေသူတွေတောင် စိုပြေလောက် ခေါင်းလောင်းကြီး အကြောင်း စိတ်ဝင်စားမည် မထင်။
ခေါင်းလောင်းကြီးကို စိုပြေ စိတ်ဝင်စားသည့် အကြောင်းရင်းများစွာ ရှိပါသည်။ စိုပြေသည် သန်လျင်တွင် နေထိုင်ခြင်း ဖြစ်ပြီး ခေါင်းလောင်းကြီးလည်း သန်လျင်ကိုလာရင်း ရေထဲသို့ ကျသွားခြင်း ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို သယ်လာခဲ့သူ ငဇင်ကာ ဆိုသည့် ပေါ်တူဂီကြီးကလည်း စိုပြေ့အိမ်နားတွင် နေထိုင်ခြင်း ဖြစ်ပြန်၏။ သက်ရှိတော့ မဟုတ်။ ငဇင်ကာ၏ အုတ်ဂူ အိမ်နားတွင် ရှိခြင်းကို ဆိုလိုပါသည်။ ထို့အတူ ခေါင်းလောင်းကြီးကို နဂါးများ စောင့်ရှောက်ထားသည် ဆိုသည်ကိုလည်း စိတ်ဝင်စားမိပြန်သည်။ ငယ်ငယ်ကတည်းက နဂါးကို မြင်ဖူးချင်သော စိတ်ကလည်း အင်မတန် ပြင်းပြခဲ့သည်။ ဖူးကြီးမှာ နဂါးခြေရာ တွေ့သည် ဆိုသဖြင့်လည်း သွားကြည့်ခဲ့ဖူးသည်။ မင်းဘူးတွင် နဂါးရှိသည် ဆို၍လည်း သွားကြည့်ခဲ့ဖူးသည်။ တစ်ခါမှ မတွေ့ခဲ့ရ။ ခေါင်းလောင်းကြီးကို နဂါးကြီး စောင့်ရှောက်ထားသည် ဆိုတော့ ခေါင်းလောင်းကို တွေ့လျှင် နဂါးကို တွေ့မည်သာ။ ဒါဆို စိုပြေ မြင်ဖူးချင်သော နဂါးကြီးကိုလည်း တွေ့ရတော့မည်။ သို့သော်လည်း အနီးကပ်တော့ သွားမကြည့်ရဲ။ နဂါးမျက်စောင်းထိုးလျှင် ပြာကျသွားတတ်သည်ဟု ကြားဖူးသဖြင့် ကြောက်လည်း ကြောက်မိသည်။
ဒါကြောင့်လည်း စိုပြေ ကြည့်ချင်သော ခေါင်းလောင်းကြီးကို ယနေ့အထိ သွားမကြည့်သေးခြင်း ဖြစ်သည်။ စိုပြေ့လို ခေါင်းလောင်းကြီးကို စိတ်ဝင်စားသူတွေ အများအပြား သွားကြည့်နေကြသည် ဟုလည်း သတင်းထဲတွင် တွေ့နေရသည်။ ထိုလူများ အတွက်လည်း စိတ်ပူမိပြန်သည်။ ခေါင်းလောင်းကြီးနှင့်အတူ နဂါးကြီး ပါလာပြီး လူတွေကို မျက်စောင်းထိုးလျှင် မခက်လော။ မျက်စောင်းထိုးသည်ဟု ဆိုတော့ နဂါးမ ဖြစ်ဖို့များသည်။ စိုပြေကတော့ နဂါးမျက်စောင်းဒဏ်ကို ခံနိုင်အောင် ပါဝါရိန်းဂျား ဝတ်စုံဖြစ်ဖြစ်၊ အိုင်းရွန်းမန်း ဝတ်စုံဖြစ်ဖြစ် ဝတ်ပြီးမှ သွားကြည့်ရန် စိတ်ကူးထားသည်။
ခေါင်းလောင်းကြီးနှင့် ပတ်သက်၍လည်း အမျိုးမျိုး စိတ်ဝမ်းကွဲပြားနေကြ၏။ အချို့လည်း ခေါင်းလောင်းကြီး တကယ်မရှိ။ နဂါးက စောင့်ရှောက်ထားသည်ဟု ဆိုသူတွေကို လှောင်ကြသည်။ စိုပြေကတော့ နဂါးကြီး စောင့်ရှောက်ထားသည် ဆိုသည်ကို ယုံသည်။ ဘာကြောင့် ယုံသလဲဆိုလျှင် သူများပြော၍ ဖြစ်သည်။
အချို့လည်း ခေါင်းလောင်းကြီးက တန်ချိန် ၃၀၀ နီးပါး ရှိသဖြင့် ဆယ်လို့ရလျှင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာမည်ဟု ဆိုကြသည်။ အချို့ကလည်း ခေါင်းလောင်းကြီး ဒီလောက် မကြီးနိုင်။ မြန်မာတွေက ချဲ့ကားလွန်းသည်။ ဒီလောက်ကြီးတဲ့ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရားပေါ် ဘယ်လိုတင်မလဲဟု ပြန်မေးသည်။
အချို့လည်း ခေါင်းလောင်းကြီးမှာ ရေတွေ၊ သဲတွေ တိုက်စားသွားသဖြင့် မရှိနိုင်တော့ဟု ဆိုကြပြန်သည်။
အချို့ကလည်း ခေါင်းလောင်းကို ရှာခြင်းမဟုတ်၊ ခေါင်းလောင်းနှင့်အတူ နစ်မြုပ်သွားသည့် ရတနာသေတ္တာ ခုနစ်လုံးကို ရှာခြင်းဖြစ်သည်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း မပြောဘဲ ခေါင်းလောင်းရှာသည့် သင်္ဘောပေါ်ကို အတက်မခံခြင်း ဖြစ်သည်ဟု ဆိုသည်။ အချို့ကတော့ သင်္ဘောပျက်များတွင် ရှိသည့် ရတနာများကို ရှာနေခြင်း ဖြစ်သည်ဟု ဆိုပြန်သည်။
ဒီလိုမျိုး တစ်ယောက်တစ်မျိုး ပြောနေသဖြင့် စိုပြေလည်း ဘယ်သူ့ကို ယုံရမှန်း မသိတော့။ ဟိုလူပြောလည်း ဟုတ်မှာပါပဲလေ။ ဒီလူပြောလည်း ဟုတ်မှာပဲလေဟု ရေရွတ်ကာ အယုံလွယ်သော စိုပြေ့ခမျာ စိတ်သောက ရောက်ရသည်။ ဒီကြားထဲ လူတွေကလည်း ခေါင်းလောင်းကြီး တွေ့တော့ရော ဘာလုပ်ရမှာလဲ၊ ဒီခေါင်းလောင်း ရှာလို့ရတဲ့ ပိုက်ဆံ အခြားအကျိုးရှိတဲ့ နေရာမှာ သုံးပါလား စသည်ဖြင့် ပြောကြတော့ အင်း... သူတို့ပြောတာလည်း ဟုတ်ပါလားလေဟု တွေးမိပြန်သည်။
နောက်တော့ ... ဒီခေါင်းလောင်းကြီးက ယဉ်ကျေးမှု အမွေအနှစ်ပဲ။ ဒါမျိုးကို ရအောင် ရှာရမည်၊ စသည်ဖြင့် ဆိုသူက ဆိုပြန်သည်။ ခေါင်းလောင်းကြီးကို မတွေ့သေးသော်လည်း ဒီခေါင်းလောင်းကို မွန်ပိုင်တယ်၊ ဗမာပိုင်တယ် စသည်ဖြင့်လည်း အငြင်းပွားကြပြန်သည်။
ခေါင်းလောင်းကို သွန်းသည့် ဓမ္မစေတီမင်းက မွန်လူမျိုးဟု သိရသည်။ ပေါ်တူဂီက ယူသွားသဖြင့် ပေါ်တူဂီ ပိုင်တယ်ဟုတော့ မဆိုကြသေး။ စီရော်နယ်ဒိုတို့ မသိသေးလို့ ဖြစ်မည်။ မွန်နှင့် ဗမာ အငြင်းပွားရုံတင် မဟုတ်။ ခေါင်းလောင်းကြီးက ရှေးဟောင်းပစ္စည်း ဖြစ်သဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့သာ ဆိုင်တယ်၊ အခြား မဆိုင်သူ လက်ဝယ်မှာ ထားရင် ဥပဒေအရ အရေးယူခံရမယ် စသည်ဖြင့် မတွေ့သေးသော ခေါင်းလောင်းကို လုနေကြပြန်သည်။
အချို့ကလည်း ခေါင်းလောင်းကြီးသည် မိကျောင်းနက္ခတ်နှင့် ယှဉ်ပြီး သွန်းခဲ့ခြင်း ဖြစ်သဖြင့် ရေတွင် ပျော်ခြင်းဖြစ်ကြောင်း၊ ပြန်တွေ့လျှင် ရေထဲတွင် စိမ်ထားသင့်ကြောင်း အကြံပြုကြသည်။ စိုပြေ့အထင် ခေါင်လောင်းကို နဂါးတင် မဟုတ် မိကျောင်းပါ စောင့်ရှောက်နေပုံ ရသည်။
လက်ရှိအချိန်တွင် ခေါင်းလောင်းကြီးကို အမှီပြုပြီး စီးပွားဖြစ်နေ သူတွေကတော့ သမ္ဗာန်သမားတွေ ဖြစ်သည်။ တစ်ယောက် ငါးရာတစ်ထောင်နှင့် ခေါင်းလောင်းကြီး ဆယ်နေသည်ကို လိုက်ပို့ပေးသည်။ ကမ်းနားကဆိုလျှင် သိပ်ဝေးသဖြင့် မမြင်ရ။ မှန်ပြောင်း အငှားလုပ်ငန်းလည်း တွင်ကျယ်လာသည်။ တစ်ခါကြည့် ၂၀၀ ဆိုလား။
ဒါ့အပြင် ခေါင်းလောင်းသမိုင်း စာရွက်တွေကိုလည်း တစ်ရွက်နှစ်ရာနှင့် ရောင်းချသူများလည်း ရှိ၏။ ခေါင်းလောင်း လာကြည့်ပြီး ခေါင်းလောင်းအကြောင်း မသိလျှင် မဖြစ်သဖြင့် ဝယ်ကြပြန်သည်။
ဘာပဲဖြစ်ဖြစ် အခုအချိန်ကား ခေတ်မီသူတိုင်း ခေါင်းလောင်းကြီးကို သွားကြည့်ကြသည်။ ခေါင်းလောင်းကို သွားမကြည့်လျှင် ခေတ်မမီ။ စိုပြေကတော့ ယနေ့အထိ ခေတ်မမီသေး။ နဂါးမျက်စောင်းကို ကြောက်၍ပင်။ ပါဝါရိန်းဂျား၊ အိုင်းရွန်းမန်း ဝတ်စုံတွေကလည်း ဈေးကြီးလွန်းလှသည်။ ဒီဝတ်စုံတွေ မပါဘဲလည်း ခေါင်းလောင်းကြီးကို သွားမကြည့်ရဲ။
စဉ်းစားကြည့်မိတော့ နဂါးသည် ဂဠုန်ကို ကြောက်၏။ ဒါဆို ဂဠုန်တစ်ကောင်လောက် ခေါ်သွားပြီး ကြည့်လျှင်တော့ အန္တရာယ် မရှိနိုင်။
သို့သော်လည်း ဦးနေဝင်းတို့ ခေတ်တုန်းကတော့ ဈေးသည်တွေကို လိုက်ဖမ်းသည့် ဂဠုန်ရှိသည်ဟု ကြားဖူးသည်။ ယနေ့ခေတ်မှာတော့ ဈေးသည်ကို လိုက်ဖမ်းသူမှာ ဂဠုန်မဟုတ်ဘဲ စည်ပင်များသာ ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ဂဠုန်တစ်ကောင်လောက်တော့ ရအောင် ရှာရမည်။ ဂဠုန်ရလျှင် နဂါးကို ဖမ်းခိုင်းပြီး ရုံသွင်းပြစားလျှင်တောင် တော်တော် စီးပွားဖြစ်မည်ဟုလည်း တွေးမိပါသည်။ သို့သော်လည်း ဂဠုန်ကိုရှာဖို့က ပိုခက်သေးပြန်သည်။
တကယ်တော့ ဂဠုန်ဆိုသည်မှာ အတောင်ပါသဖြင့် ငှက်မျိုးနွယ်ဝင် ဖြစ်ဖို့များသည်။ ပုံတွေထဲမှာ တွေ့တာတော့ အချွန်အတက်တွေလည်း ပါသည်။ ဝတ်စုံလည်း ဝတ်ထားသည်။ ဇာတ်ပွဲများတွင်လည်း မကြာခဏ ပါတတ်သည်။
ယခုအချိန်သည် ပွဲတွေ နားထားသည့် ရာသီဖြစ်သဖြင့် ဂဠုန်ဝတ်စုံကို သွားငှားလျှင်တော့ ရလောက်သည်ဟု တွေးမိပြန်သည်။
ဒီလို ဂဠုန်ဝတ်စုံ ဝတ်ပြီး သွားကြည့်လျှင်တော့ နဂါးပေါ်လာလျှင်လည်း ကြောက်စရာ မလိုတော့။ နဂါးသာ စိုပြေ့ကို ဂဠုန်ဟုထင်ပြီး ထွက်ပြေး။ လူတွေကတော့ စိုပြေ့ကို အရူးဟု ထင်လေမလား မသိ။ ဂဠုန်ဝတ်စုံ ဝတ်ပြီး လူတွေ အသက်ကို ကယ်တာကို သိလျှင်တော့ ကျေးဇူးတင်ကြလိမ့်မည်။ စိုပြေ့အတွေးနဲ့ စိုပြေကတော့ တော်တော်ဟုတ်သည်။
ခေါင်းလောင်းတွေ့ပြီ ဆိုသည့် သတင်းစာကိုတော့ ကားပေါ်တွင် မတ်တတ်ရပ်နေရသဖြင့် မဖတ်ရသေးပေ။ ခေါင်းလောင်းပဲ တွေ့တာလား။ နဂါးက ဘယ်နားကျန်ခဲ့လဲဟုလည်း တွေးနေမိပြန်သည်။ သန်လျင်တံတားပေါ် ဖြတ်တော့ ခေါင်းလောင်းကြီး ရှာနေသည့် နေရာကို စိတ်ဝင်တစား လှမ်းကြည့်ဖြစ်သည်။ ကားပေါ် ပါလာသူများကလည်း စိုပြေ့လိုပင် ခေါင်းလောင်းရှာရာ နေရာကို လှမ်းကြည့်ကြသည်။ ဘာမှတော့ မထူးခြား။ မြို့ထဲရောက်လို့ နေရာရတော့မှ သတင်းစာကို လှန်ကြည့်မိတော့သည်။ ခေါင်းလောင်းကြီးကိုတော့ တွေ့သည်။ ဒါပေမဲ့ ရေအောက်မှာ မဟုတ်။
မိုးပေါ်တွင် ဖြစ်သည်။ ကောင်းကင်က တိမ်တွေသည် ခေါင်းလောင်းပုံသဏ္ဌာန် ဖြစ်နေသည်တဲ့။ ပုံကိုသေချာကြည့်တော့ ခေါင်းလောင်းနှင့်လည်း မတူ။ ဘာကြီးမှန်းလည်း မသိ။ စိုပြေ့ခမျာ “ဆုံးပေါ့ တစ်ရာ” ဟုသာ ရေရွတ်လိုက်မိတော့သည်။
မည်သို့ဆိုဆို ခေါင်းလောင်းကြီးနှင့် နဂါးကြီးကတော့ သေချာပြီ။ နောက်နေ့ သတင်းစာတွင်လည်း ခေါင်းလောင်းကြီးကို စောင့်နေသည့် နဂါးက လှည်းကူးရှိ အမျိုးသမီးကြီးတစ်ဦးကိုလည်း ဝင်ပူးသည့် သတင်း ပါလာပြန်သည်။
ဘာတဲ့... နဂါးကို သောင်တူးစက် ပိနေလို့ နည်းနည်းလောက် ဖယ်ပေးပါ ဆိုလား။ ဒီကြားထဲတွင် နဂါးက ပိုက်ဆံလာလှူသော အမျိုးသမီးတစ်ဦးကို ဝင်ပူးပြီး သတင်းမထုတ်ပြန်ရန် တားမြစ်သေးသည်တဲ့။
စိုပြေထင်သည့် အတိုင်းပင်။
ခေါင်းလောင်းကြီး ရှာဖွေခြင်း နောက်ဆုံးနေ့တွင် ဦးဆောင်ရှာဖွေသူ ဦးစံလင်းက သတင်းထုတ်ပြန်သည်။
ခေါင်းလောင်းကြီးကို ရွှေရောင်နဂါးမင်းကြီးက ဆီမီးများဖြင့် ကြီးကျယ်ခမ်းနားစွာ ပူဇော်နေသဖြင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်း ဖြစ်ကြောင်း၊ ခေါင်းလောင်းကြီးကို တွေ့နေပြီ ဖြစ်ကြောင်း၊ ဆယ်ရန်ကြိုးများ ဝယ်ယူနေကြောင်း ဆိုလေသည်။
ခေါင်းလောင်းကြီးကို အပြီးသတ် ဆယ်ယူမည်ဟု ပြောထားသည့် ၂၆ ရက်နေ့ကို ကျော်လွန်လာပြီ။ သို့သော်လည်း ယခုအထိတော့ ခေါင်းလောင်းကြီးကို နဂါးကြီး စောင့်ရှောက်နေသည် ဟူသော သတင်းမှလွဲ၍ မထူးခြားသေး။
လူအများလည်း စိတ်ပျက်လာသည်။ သို့သော်လည်း အားမလျှော့သေး နေ့စဉ် သွားကြည့်နေကြသူတွေ ရှိသည်။
ကောလာဟလကလည်း ပေါင်းစုံ။
တစ်ရက်... စိုပြေလည်း ခေါင်းလောင်းဆယ်ရာ နေရာကို ရောက်သွား၏။ အစက ကြံစည်ထားသလို ဂဠုန်ဝတ်စုံလည်း ငှားမရသဖြင့် မဝတ်ဖြစ်ပါ။ ထိုစဉ် ခေါင်းလောင်းဆယ်ရာကို လာကြည့်နေသော လူတစ်ယောက်က သူ့အမျိုးထံကို ဖုန်းဆက်နေသည်။
“ဟယ်လို ... အေး ... ခေါင်းလောင်းကြီးလား ... ဒီမှာတော့ မပေါ်သေးဘူးကွ။ အင်တာနက်မှာတော့ ပေါ်နေပြီ ပြောတယ်။ အင်တာနက်ပေါ် တက်ကြည့်ပြီးရင် ပြန်ပြောကွာ” တဲ့။
မကြာမီ “ညက နဂါးတစ်ကောင် ဖမ်းမိတယ်။ ပုံတွေရမယ်” ဆိုသဖြင့် နဂါးကို မြင်ဖူးချင်သော စိုပြေခမျာ တစ်ပုံကို တစ်ထောင်နှင့် ဝယ်လိုက်ရပြန်သည်။ (နောက်နေ့မှ အင်တာနက်တွင် ရှာကြည့်ရာ ဘရာဇီးမှ မြွေတစ်ကောင်ဟု သိရပါသည်။)
ဟိုဟိုဒီဒီ စပ်စုကြည့်တော့ မြစ်လယ်ကို မမှိတ်မသုန် စိုက်ကြည့်နေသော လူတစ်ယောက်ကို တွေ့သဖြင့် သူ၏ ခေါင်းလောင်းအပေါ် ယုံကြည်မှုကိုလည်း လေးစားသွားသည်။
သို့နှင့်-
“ဘာတွေ ကြည့်နေတာလဲဗျ။ ခေါင်းလောင်းကြီး ထွက်မပြေးပါဘူး။ အချိန်တန် ပေါ်လာမှာပေါ့” ဟု အာချောင်လိုက်မိသည်။
“ခေါင်းလောင်းကို ကြည့်တာ မဟုတ်ပါဘူးဗျာ..”
“ဟင် ... ဒါဖြင့် ဘာလာကြည့်နေတာလဲ။ ကျုပ်လိုပဲ နဂါးကို မြင်ဖူးအောင် လာကြည့်တာလား။ ရော့ ဒီမှာ ညကမိတဲ့ နဂါးရဲ့ပုံ အမောက်လည်း ပါဘူး”
“အဲဒါ အင်တာနက်က ပုံကြီးပါဗျာ။ နဂါးလည်း လာကြည့်တာ မဟုတ်ပါဘူး”
“ဒါဖြင့် ဘာလာကြည့်တာလဲဗျ”
“ဟို... ခေါင်းလောင်းဆယ်တဲ့ လူတွေ ဘယ်အချိန် ထွက်ပြေးမလဲ စောင့်ကြည့်နေတာပါဗျာ။ အလှူငွေတွေ ရထားတာ အများကြီး မဟုတ်လား”
စိုပြေ (သံချောင်းပါတီ)
Credit to =►The Voice Weekly◄=►Thank◄=

မည်သို့ဆိုဆို ခေါင်းလောင်းကြီးနှင့် နဂါးကြီးကတော့ သေချာပြီ။ နောက်နေ့ သတင်းစာတွင်လည်း ခေါင်းလောင်းကြီးကို စောင့်နေသည့် နဂါးက လှည်းကူးရှိ အမျိုးသမီးကြီးတစ်ဦးကိုလည်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။