---------
အကြိမ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ လက်တွေနဲ့ Desert Moon ဆိုတဲ့သီချင်းနဲ့ ဂီတညကို စပြီးဖွင့်လိုက်တယ်။ အကြိမ်ပေါင်းများစွာလေ့ကျင့်ထားတဲ့သူတွေက ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း မီးပန်းတွေဖေါက်ဖို့ပြင်ထားတယ်။ စင်အောက်မှာ ရော့ခ်အင်ရိုးပရိတ်သတ်တွေ လက်သီးလက်မောင်းတန်းပြီး အားပေးကြတယ်။ တိတိကျကျပြောရရင် ပရိတ်သတ်ပေါင်း ၄၆၂ ယောက်တိတိ စင်အောက်မှာ အားပေးနေကြတာ။ သေခြင်းတရားဟာ နောက်ထပ် (၅) မိနစ်အတွင်းမှာ သူတို့ကို အပြီးအပိုင်ခေါ်သွားတော့မယ်ဆိုတာကိုတော့ တယောက်မှ မရိပ်စားမိကြဘူး။
အမေရိကန်နိုင်ငံရဲ့ Rhode Island ပြည်နယ်က ကလပ်အသေးစားလေးတခုမှာ တချိန်က မဟားဒယားအောင်မြင်ခဲ့ဖူးတဲ့ (မြန်မာပြည်မှာလဲ တအားနာမည်ကြီးတဲ့) Great White လို့အမည်ရတဲ့ အကြမ်းစားရော့ခ်အင်ရိုးသီချင်းတွေသီဆိုတဲ့ဝိုင်းက သီဆိုနေတာပါ။ ပြသနာရဲ့အစက ဥပဒေအရ အများဆုံးလူ (၄၀၄) ယောက်ပဲ ဆံ့တဲ့ ကလပ်လေးထဲကို ပရိတ်သတ် ၄၆၂ ရှိနေခြင်းပါပဲ။
ပထမဆုံးသီချင်းလေးဖြစ်တဲ့ Desert Moon သီချင်းကို ဂစ်တာသံအမိုက်စား အင်ထရိုနဲ့စပြီးဖွင့်တယ်။ အဲဒီမှာ ပြင်ဆင်ထားတဲ့ မီးတောက်တွေကိုဖွင့်ပေးလိုက်တယ့်။ ဒရမ်မာရဲ့ဘေးနှစ်ဖက်က မီးတောက်တွေက မျက်နှာကျက်ခပ်နိမ့်နိမ့်နဲ့ ဘေးနံရံတွေကိုမီးကူးသွားပါတယ်။ ကလပ်တွေရဲ့ထုံးစံအတိုင်း အသံလုံအောင် ဖော့တွေခံထားတဲ့ နံရံကိုမီးကူးသွားပါတယ်။ မီးတောက်က အတော်ကြီးတော့ အဆိုတော်က မှင်သက်ပြီး (သီချင်းတောင်မဆိုလိုက်ရပဲ) မိုက်ခရိုဖုန်းကနေပြီး ရေရွတ်လိုက်မိတယ်။ “အိုးးး မဟုတ်သေးပါဘူး“ တကယ်တော့ နောက်ထပ် မိနစ် (၃၀)အတွင်းမှာ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အသေအပျောက်အများဆုံးစာရင်းမှာ နံပတ် (၄) ချိတ်မယ့်၊ ရော့ခ်အင်ရိုးသမိုင်းမှာ အသေအပျောက်အများဆုံး ဖျော်ဖြေပွဲတခုဖြစ်လာလိမ့်မယ်လို့သူကိုယ်တိုင်မသိပါဘူး၊
ပွဲစစချင်းဖြစ်တာမို့ အားလုံးမှင်သက်သွားတယ်။ မီးက နံရံတွေအားလုံးကို ကူးနေပြီး။ တီးဝိုင်းသားတွေက ဆင်းပြေးကြရတယ်။ ပရိတ်သတ်လဲ ထွက်ပြေးဖို့ရုတ်တရက်သတိရသွားတယ်။ ကံဆိုးချင်တော့ သူတို့အားလုံးက ထွက်ပေါက် (၁) ပေါက်တည်းကိုပဲ အသုံးပြုကြတယ်။ သူတို့ဝင်ခဲ့တဲ့ဝင်ပေါက်အတိုင်းပေါ့။ လူ (၄၆၂) တိတိရဲ့ ကြောက်ရွံ့မှုတွေဖိစီးပြီးတော့ ဒရောသောပါးပြေးလိုက်တာ တယောက်နဲ့တယောက်တက်နင်းမိကြတယ်။ မိန်းကလေးတွေလဲ ကြမ်းပြင်ပေါ်မှာလဲကျတာ မြင်မကောင်း။ မီးက တဟုန်းဟုန်းနဲ့တောက်နေပြီ။ မီးခိုးတွေအူပြီး ဘာကိုမှ ကွဲကွဲပြားပြားမမြင်ရဘူး။ ချောင်းသံတွေ တဟွတ်ဟွတ်နဲ့ မီးခိုးတွေကြောင့် ဦးတည်ရာမဲ့ ပြေးထွက်ဖို့ကြိုးစားရကနေပြီး လူတွေလဲပြိုကြတာ နောက်ဆုံးတော့ ထွက်ပေါက်တွေပိတ်မိပြီး ပွဲကိုလာကြည့်တဲ့ ပရိတ်သတ်တွေထဲက လူ (၁၀၀) အသက်ဆုံးရှုံးသွားပါတယ်။ အဲဒီအထဲမှာ ဂစ်တာသမား Ty လဲပါဝင်ခဲ့တယ်။ လူ ၂၀၀ နီးပါးဒဏ်ရာရသွားတယ်။
ရော့ခ်အင်ရိုးဂီတဟာ သွေးစွန်းသွားခဲ့တယ်။ Great White တီးဝိုင်း၊ မန်နေဂျာ၊ ကလပ်ပိုင်ရှင်အစရှိသူတွေကို လူသေမှုနဲ့အကြီးအကျယ်တရားစွဲထားပါတယ်။
“ကျွန်တော်တို့ဝိုင်းအနေနဲ့ ဒီ Desert Moon သီချင်းကို ဘယ်တော့မှ မတီးတော့ပါဘူး။ ဒီသီချင်းကိုတီးရင် ကျွန်တော်တို့ဘဝမှာ အဲဒီညကဖြစ်ပျက်ခဲ့တဲ့အရိပ်မဲကြီးလိုက်နေလို့ပါပဲ“
အချိန်တွေကုန်လွန်မြန်ခဲ့တယ်။ ၂၀၀၃ ခုနှစ် ဖေဖဝါရီလ ၂၀ ရက်နေ့မှာ ရော့ခ်အင်ရိုးပရိတ်သတ် (၁၀၀) ဟာ ဂီတပွဲတခုမှာအသေဆိုးနဲ့သေခဲ့ကြရတယ်။ ကလပ်ပိုင်ရှင်ဟာ ကလပ်မြေနေရာကလေးကို သေဆုံးသူအာလုံးအတွက် အမှတ်တရနေရာလေးအဖြစ်ပြုပြင်ပြီးတော့ မြို့ကိုလှူခဲ့ပါတယ်။
အားလုံးကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါတယ်။
ခင်တဲ့
ကိုဝီ
မှတ်ချက်။ ။ Desert Moon သီချင်းဆိုတာ ကိုလေးဖြူရဲ့ ကန္တာရလမင်းအခွေထဲက ပထမဆုံးအပုဒ်ဖြစ်တဲ့ ညရဲ့ဆူး မူရင်းဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။