မန္တလေး လမ်းမကြီးပေါ်က တန်းစီမောင်းနှင်နေတဲ့ စစ်ထရပ်ကားကြီးတွေမြင်လိုက်တော့..
သြော်...ကျုပ်တို့ ပြည်သူတွေကို ဒီအစိုးရ နောက်ထပ်တခါစော်ကားပြန်ပြီဆိုပြီး တောက်တချက်ခတ်ပြင်းပြင်း ခေါက်မိတယ်။
ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပါပြီ၊ ဒီမိုကရေစီစနစ်ဆီ လျှောက်မှာလို့ ပြည်သူရော၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုရော၊
နိုင်ငံတကာအစိုးရတွေကိုပါ အတည်ပေါက်ကတိပေးပြီး နှစ်ပေါက်တစ်ပေါက်ရိုက် လိမ်ညာပြန်ပြီကိုးလို့ နှုတ်ကပါ ရေရွတ်မိတယ်။
မိုက်ရိုင်းလိုက်ကြတာ.။ စော်ကားရက်တယ်။ ပြည်သူကို အရိုင်းအစိုင်းတွေလို သတ်မှတ်တဲ့ မိစ္ဆာကောင်တွေ..။
တကယ်တမ်းတော့ ဒီယုံလိုချင်လို့ ဒီခြုံကို ဖန်တီးလိုက်တာပါ..။
အခုဆို မန္တလေးဟာ စစ်အုပ်ချုပ်ရေးတပိုင်းဖြစ်သွားပြီ..။
အထက်ဗမာပြည်ရဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်ပေးရာဆုံချက်၊
စီးပွားအချက်အချာကျတဲ့ စီးပွားရေးမြို့ကြီး။ မြန်မာ့ယဉ်ကျေးမှု ရဲ့ ခံတပ်ကြီး။
တမြို့လုံးစီးပွားပျက်ပြီ။
မန္တလေးတင်မကဘူး၊ တနိုင်ငံလုံးကိုပါ ဒီအတိုင်းလုပ်ချင်တာပါ..။
အာဏာရှင်ဇာတိရုပ်ကို တဖြေးဖြေး ပေါ်အောင်ပြနေပြီ။
သမတကိုယ်တိုင်က အဖွဲ့အစည်းတခုက နောက်ကွယ်ကလုပ်ဆောင်တယ်ပြောပြီး
ရှင်းရှင်းလင်းလင်း မိန့်ခွန်းလည်းမပြောဘဲ နှပ်ကြောင်းပေးခဲ့တယ်။ အစိုးရမှာလည်း အခက်အခဲကြုံနေရပြီ၊
သောင်းကျန်းသူတွေရှိနေပြီ ဆိုတဲ့သဘော..။ အမှန်တော့ စစ်တပ်ကို မျက်စပစ်ပြနေတာ..။
နေ့ခင်းကြောင်တောင် ဒုတ်ဓားလက်နက်တွေနဲ့ လူအုပ်စုတွေ သောင်းကျန်းနေတာကို မဖမ်းဘဲ အသာလွှတ်ထားတယ်။
လူသတ်၊ မီးရှို့ဖြစ်အောင်လုပ်တယ်။
အင်တာနက်ဖေ့စ်ဘွတ်ကနေ အကောင့်အတုတွေနဲ့ သွေးထိုးလှို့ဆော်တယ်။
တနိုင်ငံလုံးကို တရက်လောက် ဖေ့စ်ဘွတ်တွေ ဖွင့်မရအောင်လုပ်ထားတယ်။
အင်တာနက်အဆက်အသွယ်ဖြတ်ထားတယ်။
ဒါဟာ လိုအပ်ရင် တချိန်မှာ မြန်မာနဲ့ ကမ္ဘာကိုအင်တာနက်ကွန်ယက်တွေအားလုံး နဲ့
အချိန်မရွေး အဆက်ဖြတ်လို့ ရနိုင်ကြောင်း သတိပေးထားတာပါ။
အရေးကြုံရင် လွှတ်တော်ရော၊ ပါတီရော၊ အစိုးရရော၊ စစ်တပ်ရော အကြမ်းဖက်အုပ်စုတွေနဲ့၊
မဘသတွေ အားလုံး ကျောခြင်းကပ်ထားလိုက်တယ်။
တချိန်လုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆွေစစ်သလိုလို ခတ်တည်တည်နဲ့ သာပေါင်းညာစား ဟန်ဆောင်သရုပ်ဆောင်နေတဲ့
လွှတ်တော်ဥက္ကဌကြီးကတောင် အချိန်လည်းကျ အချက်ပြမီးစိမ်းမြင်တာနဲ့ဖွဲ့စည်းပုံလည်းမပြင်ဘူး၊ ပီအာကို ထောက်ခံတယ်လို့
ကမန်းကတန်းကြွေးကြော်ပြီး ကိုယ့်ဇာတ်ကို အပြီးသပ်ကပြတော့တာပဲမို့လား။
အားလုံးဟာ အချိန်တန်ရင် အစောက ဆင်ထားတဲ့ အကွက်တွေအတိုင်း ထကန်ကြတော့တာပဲလေ။
မန္တလေးလို စည်းစနစ်ကျနပြီး လူထုနဲ့၊ နိုင်ငံရေးသမား၊ သံဃာ ညီညွတ်တဲ့နေရာမှာ ပြဿနာမီးမွှေးလိုက်တယ်။
ဝေသာလီဖျက်သလို ညီညွတ်မှုကို အကြောက်တရားတွေ၊ မယုံကြည်မှုတွေနဲ့ သွေးခွဲဖို့လုပ်ခဲ့တယ်။
ရန်သူ့ယန္တရားတွေ အကွက်ကျကျလှုပ်ရှားတယ်။
အခုတော့ လူထုက ကိုယ့်တာဝန်ကိုယ်ယူဖို့ ကျိုးစားကုန်ပြီ။ အစိုးရကိုရော၊
သူနဲ့ဆက်နွယ်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို အယုံအကြည်မရှိတော့ဘူး။ စိတ်မချတော့ဘူး။
ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူဖို့ အရပ်ဘက် လုံခြုံ၊ ငြိမ်းချမ်းအဖွဲ့တွေ ဖွဲ့ကုန်ပြီ။ ၈၈တုန်းကလို ပဲ။
အစိုးရတာဝန်မယူနိုင်လို့ လူထုက ကိုယ့်လုံခြုံရေးကိုယ် တာဝန်ယူလိုက်တဲ့သဘောပါ။
အမှန်တော့ အစိုးရက စစ်တပ်ကို ဖြဲပေးလိုက်တာ..။ မင်းတို့ ၀င်ထိမ်းပေတော့လို့ မသိမသာ အာဏာ နေ့တ၀က်သိမ်းခိုင်းတာ။
စစ်တပ်ကို ရှေ့တမ်းတင်လာတာ။ အမှန်တော့ ရဲအင်အားနဲ့ ထိမ်းလို့ ရရက်နဲ့ မလုပ်ခိုင်းတာ၊
နေ့ခင်းကြောင်တောင် အသုဘကိုဒုတ်တပျက် ဓါးတပျက် ဆူပူ အော်ဟစ်ကြွေးကြော် နိုးဆွနေတာ
မြင်နေ၊ ကြားနေတာပဲလေ။ ဘာကြောင့် အရေးမယူပဲ လွှတ်ထားတာလဲ။ ဒီယုံမြင်လို့ ဒီခြုံထွင်တာပေါ့..။
၂၀၁၅က နီးလာပြီ။ ရွေးကောက်ပွဲအတွက် မဲဆွယ်ရမယ့်ကာလတွေ ရောက်လာတော့မယ်။
ကြံ့ဖွတ်ပါတီက အခြေအနေမကောင်းဘူး။ အဓိကကျတဲ့ ပြည်သူတွေက အယုံအကြည်မရှိဘူး။
ဒီတော့ ခေတ်အဆက်ဆက် လုပ်နေကျ ထုံးစံအတိုင်း အချောင်အာဏာယူဖို့ ကြံတော့တာပဲ..။
ဘယ်အချိန်မှာ ဘယ်လို ဇာတ်ရုပ်နဲ့ထွက်ပြီး ဘယ်ကကြိုးနဲ့ က မယ်ဆိုတာ နိုင်ငံရေးသမားတချို့နဲ့ ပြည်သူတွေကသာ မသိတာ၊
သူတို့အချင်းချင်းဓာတ်ပေါက်တယ်။
ခန့်မှန်းကြည့်ရသလောက် ပြောပြမယ်..။ သတင်းအချက်အလက် သိပ်များများစားစားမရှိတော့ ဒီအတိုင်းကြီးပဲ ဖြစ်မယ်လို့ မဆိုလိုဘူး၊ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ဖြစ်လည်းဖြစ်နိုင်တယ်။
ဒါပေမယ့် ကျနော် တွေးတာက အဆိုးဘက်က အမြင်။
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တိုးလို့တန်းလန်းဖြစ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကျင်းပခိုင်းမှာမဟုတ်ဖူး။
ကြံ့ဖွတ် နိုင်မှ ဖြစ်မယ့် မဟာဗျူဟာကျ နယ်မြေတွေမှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးပြီး မဲဆွယ်ပွဲတွေကို ခွင့်မပြုဘူး။
တချို့မဲဆန္ဒနယ်မြေတွေက အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မယ်၊ ခြောင်းမြောင်းလုပ်ကြံနိုင်တယ်။
တချို့ မဲဆန္ဒနယ်မြေတွေမှာ လက်သပ်မွေးထားတဲ့ မဘသ တွေ၊ အကြမ်းဖက် အဖွဲ့တွေကို အသုံးချပြီး
မဲဆန္ဒရှင်တွေကိုခြိမ်းခြောက်မယ်။ မဲခိုးမယ်၊ မဲ ဗြောင်လိမ်မယ်၊ ဒါမျိုးက စားနေကြ ကြောင်ပါး ကြီးမို့ ကိုယ့်အထာနဲ့ကိုယ်သိကြတယ်။
တချို့နေရာတွေမှာ ပဋိပက္ခတွေဖန်တီးပြီး ရွေးကောက်ပွဲတောင် လုပ်မယ်မထင်၊
စစ်တပ်က ထိန်းထားပြီး အချိန်အခါ သင့်တင့်လျှောက်ပတ်မှ ရွေးပွဲလုပ်ပေးမယ် ဘာညာနဲ့ အချိန်ယူပြင်ဆင်အုံးမှာပေါ့.။
အချုပ်ပြောရရင် တိုင်းပြည်အာဏာ လက်မလွှတ်ရေးပဲ..။
နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်ဆိုတဲ့သဘော..။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်သူမိတ်ဆွေ မခွဲခြားပဲ အားလုံးနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဘို့
ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာ လိုက်လျှောဆက်ဆံခဲ့တဲ့ မျက်နှာကိုတောင် ဒီအစိုးရဟာ မထောက်မညှာခဲ့ဘူး။
သမတကြီးကို ကျမယုံတယ်လို့ ပြောပြီးတဲ့နောက် သမတက ကိုယ့်ထင်ရာမြင်ရာ ကို ကတိဖျက် လုပ်ဆောင်သွားတယ်။
အခုတခါ သူရရွှေမန်းကပါ နောက်ကျောဓားနဲ့ထိုးပြန်ပြီ။
သမတကပြောတဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ လျှောက်လှမ်းနေပြီဆိုတာကို ယုံကြည်ပြီး
ဆန်ရှင်တွေဖြုတ်၊ဗိုလ်ချုပ် နာမည်ပျက်တွေနဲ့ ခရိုနီတွေကို ပြည်ဝင်ခွင့်တွေပေး၊
ဆက်ဆံလာတဲ့ အနောက်နဲ့ ဥရောပ၊ အီးယူ နိုင်ငံတွေလည်း ဖင်ကြား မီးခဲညှပ်ဖြစ်နေတယ်။
အတိုက်အခံတွေ ခြေလှုတ်၊ လက်လှုတ် လုပ်မရအောင် ပြည်တွင်းထဲခေါ် အစိုးရမှားမှား မှန်မှန် မဝေဖန်၊
ပြဿနာမရှာရင်ပြီးရော၊ကားလိုင်စင်ပေး၊ လုပ်ချင်တဲ့ အခွင့်အရေးပေး၊ပါးစပ်ပိတ်ခံလိုက်ရတဲ့ အနှစ်၂၀ပြည်တော်ပြန်တွေနဲ့ ပြည်တွင်း ဒီမိုကရေစီဘက်သားတွေ။
နောက်ထပ်.နောက်ထပ်..နောက်ထပ်..ပြောရရင် တထောကြီး..။
မိတ်ဆွေတယောက်ပြောဖူးတဲ့စကားချက်ချင်း နားထဲရောက်လာတယ်။
ဒီအစိုးရဟာ ချီးပေနေတဲ့ အစိုးရပါ တဲ့..။
သူနဲ့ လက်ဆွဲနှုတ်ဆက်မိရင် ဘယ်သူပဲဖြစ်ဖြစ် ချီးစော်နံမှာပဲတဲ့..။
ကဲ..။ အခုတော့ ဘာပြောနိုင်မလဲ..။
တပြည်လုံး နံစော်ကုန်ပြီ..။
ကိုညို( အော်စလို)
၀၉ဇူလိုင် ၂၀၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။