ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်အမှာစကား...
မနေ့က ဂျာမဏီမထွက်ခွါမှီ သတင်းထောက်တွေက လေဆိပ်ကဆီးပြီး ပြည်သူတွေအတွက် နှစ်သစ်ကူးအမှာစကားကို လှမ်းမေးတော့ ဒေါ်အောင်ဆန်းစုကြည်က
ပြည်သူတွေ ကိုယ်တိုင်ရုန်းနိုင်မှ ရမယ်..လို့ ဖြေပါတယ်။
ဆိုလိုတာက အစိုးရဟာအရင်အတိုင်းပဲ ပြည်သူတွေအပေါ် ဘာမှ ကြည့်ရှုဆောင်ရွက်ပေးမှာမဟုတ်၊
ဒီမိုကရေစီတို့၊တိုင်းပြည်ဖွံ့ဖြိုးဖို့တို့၊ ငြိမ်းချမ်းရေးရဖို့တို့၊ ဆင်းရဲမွဲတေမှုကင်းဝေးဖို့ဆိုတာ အစိုးရက ပြည်သူ့မျက်နှာကြည့်ပြီး လုပ်မှာမဟုတ်၊ ကိုယ့်အကျိုးစီးပွားမျက်နှာ တခုထဲသက်သက်ကိုကြည့်ပြီးလုပ်မှာဖြစ်တယ်၊ ဒါကြောင့် ကိုယ့်အခွင့်အရေးနဲ့ ကိုယ်လိုချင်တာ ကိုယ့်ဖာသာ ရုန်းကန် တိုက်ပွဲဝင်ပါလို့ ဖွင့်ပြလိုက်တာဖြစ်တယ်။ ဒီလိုစကားမျိုး ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

စဉ်းစားကြည့် ဒီအာဏာရှင်အသွင်ပြောင်းအစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးတာ၊ နိုင်ငံရေးဆွေးနွေးတာတွေကို အမြဲတမ်းကိုယ့်ဖက်ကိုယ်ယက်ပြီးပဲ လုပ်တတ်တယ်။ ဝေါဟာရတွေနဲ့ အလုပ်ရှုတ်နေတတ်တယ်။ ကိုယ်ကပဲ အသာစီး အမြဲယူဖို့ကျိုးစားတယ်။ ဝေါဟာရတလုံးတောင် အပြင်မခံသလို သူများရေးထားတဲ့ဝေါဟာရဆိုရင်လည်း မကြိုက်ရင် ဖေးမ လိုက်လျှော မပေးဘူး။ ဥပမာ
တိုင်းရင်းသား အဖွဲ့အစည်းတွေက တနိုင်ငံလုံး အပစ်အခတ်ရပ်ဖို့သဘောတူစာချုပ်မှာ တော်လှန်ရေးဆိုတဲ့ စကားလုံးကို လက်မခံဘူး။ စစ်မှန်သော..ဆိုတဲ့စကားလုံးကို လက်မခံဘူး။ ဆိုလိုတာက တော်လှန်တယ်ဆိုတာ မကြားချင်ဘူး။ အစစ်အမှန်ဆိုတာ မမြင်ချင်ဘူး..ပေါ့။ ငါတို့အလုပ်ကို တော်လှန်စရာမလိုဘူး။ ငါတို့လုပ်တာ အတုအယောင်မဟုတ်ဘူးလို့ သူတို့ကိုယ်သူတို့ မြင်နေတာပါ။ အမှန်တော့ တော်လှန်ရေး..ဆိုတာကို တုန်လှုတ်တဲ့သဘော..။ အစစ်အမှန်ကို ရင်မဆိုင်ရဲတဲ့သဘောဖြစ်တယ်။

သေချာတာကတော့ ဒီအစိုးရက ဘာမှ မပြောင်းဘူး။ သူတို့ဒီအချိန်မှာ အနိုင်ပိုင်းလိုက်ပြီ။ မကြေနပ်ရင် ကြိုက်သလိုလုပ်။ နိုင်ငံတကာကလည်း မင်းတို့ပြဿနာ မင်းတို့ပဲ ရှင်းကြလို့ ပြောနေပြီ။ ဆန်ရှင်ပိတ်ဖို့ဆိုတာ မလွယ်တော့ဘူး။ သူတို့ စိတ်ဝင်စားတဲ့ တရုတ်ကို နောက်ကျောဓားနဲ့ထောက်ဖို့၊ မြန်မာ့သယံဇာတတွေထုတ်ပြီး အရည်ခွံခွါဖို့၊ အာဏာလည်းရှိ ပိုက်ဆံလည်းရှိတဲ့ ယူနီဖောင်းချွတ်သူဌေးသူကြွယ်တွေနဲပေါင်းပြီး စီးပွားရေးလုပ်ဖို့သာ စိတ်ဝင်တစား စိုင်းပြင်းနေပြီ။ ဒီခေတ်မှာ ဒီမိုကရေစီစံနှုံးတို့၊ ကျင့်ဝတ်တို့ဆိုတာ..လူကြားကောင်းအောင် တဖက်နဲ့တဖက် တင်းမာတဲ့အခါမှ ပြောလေ့ရှိတာပါ။ စကားသက်သက်ပါ၊ လက်တွေ့မှာ ဘယ်အစိုးရကမှ မကျင့်တတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကိုလည့်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ချည်တုပ်ထားပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် တောင်၂၀၀၈ဖွဲ့စည်းပုံအပေါ် ကာကွယ်စောင့်ရှောက်ပါမည်လို့ ကျမ်းကျိန်ပြီး လွှတ်တော်ထဲရောက်သွားတာနော်..။
အခုတော့ ဒေါ်စုလည်း အကောင်းမြင်တွေ သိပ်မပြောရဲတော့ပါဘူး။ သမတကြီးဦးသိန်းစိန်ကို ယုံကြည်ပါတယ်လို့ ပြောခဲ့တဲ့စကားအပေါ် အတော်လေး နောင်တရနေမှာပါ....။ လူကျွံဘောမိသွားပြီလေ..။ ဒီမိုကရေစီဘက် ပင်နတီအပေးခံလိုက်ရပြီ။ နိုင်ငံရေးမှာ လူထုသဘောထားဆန္ဒမပါရင် ကိုယ်ကဘယ်လောက်စွမ်းစွမ်း၊ ဘာလုပ်လုပ် မအောင်မြင်နိုင်ဘူး။
ဒီပုံနဲ့ဆို တိုင်းပြည်က အရင်အတိုင်း စစ်အုပ်စုနဲ့ ခရိုနီတွေ၊ သူတို့နဲ့ ပေါင်းစားနေတဲ့အသိုင်းအ၀ိုင်းတွေပဲ ချမ်းသာကြွယ်ဝပြီး ကျန်ရစ်ခဲ့မှာပါ။ မိမိဆန္ဒအစွဲကို ဖယ်ရှားပြီး တွေးကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း နောက်ထပ်ဘယ်လောက်ကြာအောင် သြဇာရှိနေအုံးမှာလဲ..။ သူလည်း သင်္ခါရခရီးသွားပါ။ သူလုပ်နိုင်သမျှသာ လုပ်မှာပါ။သူ့ကို အကူအညီတောင်းနေတဲ့ လယ်မြေသိမ်းခံရသူတွေကိုတောင် ထွက်မတွေ့နိုင်တော့တဲ့ ဘ၀မှာ သူ့ချည်း အားကိုးနေလို့မရတော့ပါ။ သူပြောသလို ကိုယ့်ဖာသာကိုယ်လုပ်ရတော့မှာပါ။

သူရဲကောင်းအားကိုးစိတ်၊ ခေါင်းဆောင်မျှော်စိတ်ဟာ ဒီမိုကရေစီစိတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ခေါင်းဆောင်တယောက်ထဲအပေါ်ယုံကြည်စိတ်၊ မိမိကိုယ်မိမိခေါင်းဆောင်နိုင်တဲ့စိတ်ဓာတ်၊ အရည်အသွေးမျိုးမထားနိုင်ရင် ဒီခရီး ဖြတ်သန်းဘို့မလွယ်ပါ။ ပဒေသရာဇ်စိတ်ဓာတ်နဲ့ ဒီမိုကရေစီစနစ်ကိုချီတက်လို့မရပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သီလ၊ သမာဓိနဲ့ ပညာ ကိုယုံကြည်တဲ့ ပြည်သူတွေ သူ့အပေါ်အားကိုးတာ သဘာဝကျပါတယ်။ ခေါင်းဆောင် ကောင်းလည်း လိုအပ်ပါတယ်။ ခေါင်းဆောင်ကောင်းကိုလည်း အားပေးဝန်းယံထားရမှာဖြစ်ပါတယ်။ပြီးတော့ တကယ့်အင်အားဟာ ကိုယ်ကိုတိုင်မှာရှိတယ်ဆိုတာကို သတိမမေ့ဘို့လိုပါတယ်။ ။ ဒေါ်စုပြောသလို ကိုယ့်အားကိုယ်ကိုးဖို့မှတပါး အခြားမရှိပါ..။
ကိုညို (အော်စလို)
၁၀ဧပြီ၂၀၁၄
ဓာတ်ပုံ( ကိုမင်းသိုက်)
၁၀ဧပြီ၂၀၁၄
ဓာတ်ပုံ( ကိုမင်းသိုက်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။