အရွေ့
====
အဖေက ပြောဖူးတယ်။ လူတွေဟာ အသက် ၄၀ ကျော်လာရင် အတွေးအခေါ်တွေ၊ အမြင်တွေက ပုံသေဖြစ်သွားပြီး ဦးဏှောက်က ဒီထက် ဆက်မတက်တော့ဘူးတဲ့။ upper ceiling တစ်ခု ရှိနေတဲ့ သဘော။
ကိုယ်တိုင်လေးဆယ်ကျော်လာတဲ့အခါ မေးခွန်းထုတ်ဖို့လိုလာတယ်။ အဖေပြောတာ မှန်သလား။
အဖေက ပြောဖူးတယ်။ လူတွေဟာ အသက် ၄၀ ကျော်လာရင် အတွေးအခေါ်တွေ၊ အမြင်တွေက ပုံသေဖြစ်သွားပြီး ဦးဏှောက်က ဒီထက် ဆက်မတက်တော့ဘူးတဲ့။ upper ceiling တစ်ခု ရှိနေတဲ့ သဘော။
ကိုယ်တိုင်လေးဆယ်ကျော်လာတဲ့အခါ မေးခွန်းထုတ်ဖို့လိုလာတယ်။ အဖေပြောတာ မှန်သလား။
အရင်က ဆေးသုတေသနတွေမှာတော့ လူ့ဦးဏှောက်ဟာ ၁၈ နှစ်လောက်ကတည်းက ဆက်မဖွံ့ဖြိုးတော့တဲ့အပြင် ပြန်တောင်ကျုံ့တယ်ဆိုပဲ။ အတွေးထဲမှာတင် ကြောက်စရာကြီး။
ဒါကတော့ မှတ်သားရ၊ သိုမှီးသိမ်းဆည်းရတဲ့ အချက်အလက်ပိုင်းတွေနဲ့ တိုက်ရိုက်ဆိုင်မယ်လိုပဲ။ သတိထားမိတာကတော့ ၃၀ ပိုင်းလောက်မှာ ငယ်ငယ်တုန်းကလို အလွတ်ကျက်ဖို့ အတော်ခက်လာတယ်ဆိုတာပဲ။ memory chips တွေ ပြည့်ကုန်လို့ ထပ်ထည့်မရတော့တာလား မသိ။
အခုနောက်ပိုင်း တွေ့ရှိချက်တွေမှာတော့ ဦးဏှောက်ရှေ့ဆုံးပိုင်းနေရာဟာ အသက် ၃၀-၄၀ အထိ ဆက်လက်ဖွံ့ဖြိုးနေတုန်းပဲတဲ့။ ဒီအပိုင်းက လူတွေကို လူသားဆန်စေတဲ့အပိုင်းဆိုပဲ။ ကိုယ်တွေ့အရတော့ အသက်ကြီးလာတဲ့အပိုင်းမှာ သိသိသာသာ ထွန်းကားလာတာက ကျိုးကြောင်းဆင်ခြင်ပြီး ခြုံငုံသုံးသပ်နိုင်တဲ့စွမ်းရည်ပဲ။ ငယ်ငယ်တုန်းက မရှိသလောက်နည်းခဲ့တာ။
လူတစ်ယောက်ကို တွေ့ဖူးတယ်။ သူငယ်ငယ်ကတည်းက အဖေမရှိဘူး။ သူ့စိတ်ထဲမှာ အဖေရှိနေရင် သူ့ဘ၀ဒီထက်မက တိုးတက်ထွန်းကားမှာလို့ စွဲနေတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ သူအပေါင်းအသင်းလုပ်သမျှ သူ့အဖေအရွယ်ကြီးတွေ။ အဲဒီထဲက တစ်ယောက်က သူ့ကို ညီတစ်ယောက်လိုချစ်ပြီး ကြင်နာစောင့်ရှောက်တဲ့အခါ သူ့ရဲ့ မှီခိုမှုက အဲဒီလူပေါ်ရောက်လာတယ်။ အဲဒီလူရဲ့ ဆုံးဖြတ်ချက်တွေကို သူ့ဘ၀အတွက် လက်ခံလာတာမျိုးတွေဖြစ်လာတယ်။
သူတို့နှစ်ယောက်မှာ မတူတာက သူက အမြဲတမ်းရှေ့သို့ ဆိုတဲ့သူမျိုး။ လေ့လာတယ်၊ သင်ယူတယ်၊ ကြိုးစားတယ်၊ အပေါ်ရောက်အောင် ဘယ်လိုသွားမလဲလို့ အမြဲစဉ်းစားတယ်။ သူမှီခိုတဲ့ သူငယ်ချင်းကြီးကတော့ ဒီလောက်ဆို တော်ရောပေါ့ဆိုတဲ့သူ။ ဆယ်စုနှစ် တစ်ခုကြာသွားပြီးတဲ့အခါ သူဟာ သူ့သူငယ်ချင်းကို ကျော်တက်လာပါရော။ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချတဲ့အပြင် သူ့သူငယ်ချင်းကြီးအတွက်ပါ ၀င်ဆုံးဖြတ်ပေးတဲ့အနေအထားကို ရောက်နေပြီ။ သိပ်ထူးဆန်းလှတယ်တော့ မဟုတ်ပါဘူး။ ယုန်နဲ့လိပ်ပုံပြင်လိုပဲ။ နှေးနှေးရွေ့ပေမယ့် ရပ်နေတဲ့လူထက်တော့ ရှေ့ရောက်သွားမှာပဲလေ။
အဖေပြောသွားတာ အများစု အတွက်မှန်တယ်ဆိုတာတွေ့တယ်။ ဘယ်လိုအများစုလဲ။ ငါ့ဘ၀ ငါ့အသက်အရွယ်နဲ့ အခြေတကျရှိပြီ၊ ဘ၀ဟာ နေပျော်ကျေနပ်စရာကောင်းပြီလို့ ကိုယ့်ကိုယ်ကို ပုံစံခွက်တစ်ခုထဲ ထိုင်ချလိုက်တဲ့ အများစုအတွက် အတွေးအမြင်တွေ တစ်သမတ်တည်းဖြစ်သွားတတ်တယ်ဆိုတာ ဟုတ်တယ်။ ဒါမှမဟုတ် လေးဆယ်တောင် မရောက်သေးပေမဲ့ စောစောစီးစီး ဘောင်အသေတစ်ခုထဲ ပစ်ချလိုက်ရင်လည်း မှန်မှာပဲ။
ဒါပေမဲ့ အနည်းစုအတွက်တော့ မမှန်ဘူး။ ဥပမာ - မိုးဇက်က အသက် ၈၀ ကျော်အထိ ပန်းချီကားတွေ ရေးဆွဲနေခဲ့တယ် ဆိုတာမျိုး။ ရွှေဥမင်ဆရာတော်ကြီးဟာ သက်တော် ၁၀၁ နှစ်မှာ သူ့ဒကာရဲ့ စိတ်ကိုမပြောပဲ သိနိုင်တယ်ဆိုတာမျိုး။ ရိုးရိုးတော့ ရိုးရိုးပါပဲ။ ရွေ့နေတဲ့သူအတွက် ceiling ဆိုတာမရှိဘူး။ ထိုင်နေသူတွေအတွက်သာ ceiling ဆိုတာပေါ်လာတာ။
ဒါကြောင့်ပဲလားတော့မသိ။ အခုခေတ် Professional careers တွေမှာ lifelong learning ဆိုတာ ခေတ်စားလာတယ်။ ဒါကို အစီအစဉ်တစ်ရပ်အနေနဲ့ မဖြစ်မနေထည့်သွင်းလာတာကိုတွေ့ရတယ်။ မြန်မာတွေလို ထိုင့် ထိုင် ထိုင်း သွားမှာကို ကြိုတင်ကာကွယ်တဲ့သဘော။
တကယ်ကတော့လေ၊ ရှေ့မျိုးဆက်တွေအပြင် နောက်မျိုးဆက်ကိုပါ ဘ၀တစ်သက်တာ မဆုံးတမ်းသင်ယူလိုစိတ်၊ စူးစမ်းလေ့လာလိုစိတ် ဆိုတာမျိုးကို ငယ်ငယ်ကတည်းက သင်ပေးသင့်တာလိုပဲ။ ကြီးမှလက်ပေးသင်ရတာထက်စာရင် လွယ်မှာပဲ။ ရှေ့မျိုးဆက်ရဲ့ ပုခုန်းပေါ်ကို တက်ရပ်နိုင်မယ့် နောက်မျိုးဆက်ရှိမှ လူကြီးတွေလည်း စိတ်ချရ၊ လူငယ်တွေလည်း ၀င့်ကြွားရ ဖြစ်ကြမယ်မို့လား။
သန္တာဝင်း
(၁၅.၀၄.၁၄ )
(၁၅.၀၄.၁၄ )
photo copied from Google image.
.jpg)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။