အလင်းသစ် မီဒီယာ
အမေရိကန်ရောက် မြန်မာဒုက္ခသည်များ၏ မပြီးဆုံးသေးသောခရီးကြမ်း
-------------------------------------------------------------
(ခင်မေဇော် - 7Day News Journal ပါဆောင်းပါး)
"တံတားအောက်မှာနေတာကို ရဲက မနေရဘူးလို့ လာပြောတော့ ချိတ်ပိတ်ထားတဲ့ အိမ်တန်းလျားထဲမှာဝင်ခိုနေတယ်။ အဲဒီမှာ တခြားလူတွေလည်း ခိုနေကြတယ်။ အဲဒီထဲကတယောက်က ကျနော့်ဖုန်းချာဂျာခိုးတယ်။ ဒါနဲ့ အဲဒီလူနဲ့ရန်ဖြစ် ရိုက်ကြတော့ ရဲကရောက်လာတယ်လေ။ ကျနော်ကလည်း အတော်မူးနေတော့ အဲဒါနဲ့ အမှုဖြစ်ပြီး အခုအဖမ်းခံထားရတာ။ အမှုကအမိန့်မချရသေးဘူး ၇ လရှိပြီအချုပ်ထဲမှာ။"
အမေရိကန်ရောက် အသက် ၂၈ နှစ်အရွယ် အိုးအိမ်မဲ့မြန်မာ ကိုမောင်စိုး (အမည်ရင်းမဟုတ်ပါ) က ဘာသာပြန်မှတဆင့် ရှေ့နေကိုပြောပြနေသည်။ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှတဆင့် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချရန်ရောက်လာပြီး ၃ နှစ်အတွင်း အလုပ် ၃ ခုပြောင်းပြီး နောက်ဆုံး စားသောက်ဆိုင်တခုမှ အလုပ်ပြုတ်ခဲ့သည်။ လူမှုဖူလုံရေးကပေးသည့်
ထောက်ပန့်ငွေအနည်းငယ်နှင့် အသက်ဆက်နေခဲ့ပြီး အရက်သေစာ
သောက်စားမှုကြောင့် နေထိုင်စရာမရှိတော့ဘဲ မြန်မာမိတ်ဆွေများအိမ်တွင် တလှည့် လမ်းဘေးတွင်တလှည့်နေရင်း ရန်ဖြစ်မှု၊ ခိုးမှုများနှင့် အချုပ်တွင်းသို့ သူရောက်လာ၏။
အမေရိကန်နိုင်ငံတွင် လူမှုရေးကွန်ယက်က မကယ်တင်နိုင်၍ အိုးအိမ်မဲ့
ဖြစ်ပြီး လမ်းပေါ်နေရသူ အများအပြားရှိသည်။ အိုးအိမ်မဲ့များပြားသည့် အတွက် အရက်ပြဿနာ၊ မှုခင်းပြဿနာ၊ မူးယစ်ဆေးပြဿနာများ ကြီးထွားလာသည်။ အမေရိကန်နိုင်ငံ ယူတာပြည်နယ်တွင် ၂၀၀၅ ခုနှစ် စစ်တမ်းအရ အိုးအိမ်မဲ့တဦးအတွက် အရေးပေါ်ဆေးရုံတွင် ကုသရမှုနှင့် အချုပ်ခန်းနှင့် ထောင်တို့တွင် ထိန်းသိမ်းရမှုတို့အတွက် ကုန်ကျငွေသည် တနှစ်ကို ဒေါ်လာ ၁၆၀၀၀ (တသောင်း ၆ ထောင်) ကျော် ကုန်ကျခဲ့သည်။
မြန်မာအိုးအိမ်မဲ့ ဒုက္ခသည် ကိုမောင်စိုးကို သူကျူးလွန်ခဲ့သော ပြစ်မှု အတွက် နေရပ်ပြန်မပို့ရေးအတွက် ရှေ့နေများက လျှောက်လှဲပေးနေကြ သည်။ ပြန်ပို့မည်ဆိုလျှင်လည်း မြန်မာနိုင်ငံကို ပြန်ပို့မလား၊ တဆင့်ခံ ထိုင်းနိုင်ငံကို ပြန်ပို့မလား။ သူ့ကို ယင်းနိုင်ငံများက လက်ခံမလား စသည့်မေးခွန်းများကလည်း မ၇ှင်းလင်းသေးပါ။ သို့သော် ကိုမောင်စိုးက သူ့ကို ကုလသမဂ္ဂက ဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားသဖြင့် မည်သည့်နိုင်ငံကိုမဆို သွားရောက်နိုင်သည်ဟု ယုံကြည်ထားပြန်သည်။
အမေရိကန်နိုင်ငံရောက်လျှင် မပူမပင်နေရတော့မည်ဟူသော မှားယွင်းသောမျှော်လင့်ချက်များဖြင့် ရောက်လာကြသည့် မြန်မာနိုင်ငံသားများတွင် အောင်မြင်သွားကြသည့် အားကျစရာ လူပုဂ္ဂိုလ်များ ရှိနေချိန်တွင် ယခုလို အိုးအိမ်မဲ့ဖြစ်သွားသူများ၊ လူနေမှုအဆင့်၏ အောက်ဆုံးတွင် တ၀မ်းတခါးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေကြသူက ပိုများနေမည် ထင်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်ပြီး တိုးတက်ကြီးပွားနိုင်သော အခွင့်အရေးရှိသည့်နိုင်ငံအဖြစ် သိထားကြသည့်နို်င်ငံဖြစ်သည်။ သို့သော် တချိန်တည်းမှာပင် ယင်းသို့ အောင်မြင်ကြီးပွားရန်အတွက်လည်း မိမိ ကိုယ်တိုင်က ကြိုးစားရသလို မိမိကိုယ်ကိုသာလျှင် အားကိုးရသည် ဆိုသည့်အချက်က ဒွန်တွဲပါလာသည်။ အခက်အခဲ၇ှိသူများကို အမေရိကန် လူမှုရေးကွန်ယက်က ရေရှည်မကူညီနိုင်ပါ။ ဒုက္ခသည်များက မိမိဘ၀ကို
ပြန်ထူနိုင်ရန် အစပိုင်းတွင်သာ အကူအညီပေးပြီး ယင်းအချိန်အတော အတွင်း ပြန်လည်ထူထောင်ရမည် ဖြစ်သည်။
"ကျမတို့ကို ရောက်စက ပေးတယ်။ အိမ်လခရော နေစရိတ်စားစရိတ် ကျန်းမာရေးကုသတာရော။ အခုကျတော့ မရတော့ဘူး။ ကျမက ကလေး ၄ ယောက်နဲ့ အလုပ်မလုပ်နိုင်ဘူး။ စကားလည်း မတတ်ဘူး။ အရမ်း ဒုက္ခရောက်တယ်။" ထိုင်းဒုက္ခသည်စခန်းမှ လွန်ခဲ့သော ၄ နှစ် ကတည်း က ရောက်လာသူ မြန်မာအမျိုးသမီးတဦး လူမှုဖူလုံရေးရုံးတွင် ပြောပြ
နေခြင်းဖြစ်သည်။ သူလိုမြန်မာများ အများအပြား ဤရုံးကို လာရောက်ပြီး
ထောက်ပံ့မှုတောင်းခံနေကြသည်။ သို့သော် စနစ်က တာဝန်ခံထားသော အကန့်အသတ်နှင့် အခြေအနေကို သူတို့နားမလည်ကြပါ။ သူတို့၏ဒုက္ခများကို ပြောပြနေသော်လည်း စနစ်အတွင်းဘောင်မ၀င်လျှင် မည်သည့် အကူအညီကိုမှ ရမည်မဟုတ်ပါ။
"ဒီနိုင်ငံကို ရောက်လာသူတွေကို ဘာသာလူမျိုး မခွဲဘဲ အစိုးရက ချမှတ် ထားတဲ့စနစ်အတိုင်း အကူအညီပေးပါတယ်။ ဒုက္ခသည်တယောက်ရောက် လာရင် မိသားစု အရေအတွက်အလိုက် အစားအသောက်ဝယ်ဖို့ သူတို့ အတွက် ထုတ်ထားပေးတဲ့ အစားအသောက်ကဒ်ပြားမှာ လစဉ်ငွေ ထည့်ပေးတယ်။ မိသားစု ၄ ယောက်ဆိုရင် အစားအသောက်ဝယ်ဖို့က ၆၃၂ ဒေါ်လာ၊ အိမ်လခက ပထမ ၅လအတွက်ပေးတယ်။ မီးမီတာခ
ပေးတယ်။ နောက် ကျန်းမာရေးစောင့်ရှောက်မှုက ၈ လအတွက်။ ဒီ ၈ လအတွင်း လိုတာတွေ အကုန်ကုလို့ရတယ်။ နောက်ငွေသား အကူအညီ
ပေးတယ်။ ဒီအတောအတွင်းမှာ သူတို့ကို ဘာသာစကားသင်တန်းတက်ဖို့ စီစဉ်ပေးတယ်။ အလုပ်ရှာပေးတယ်။ သွားလာနိုင်ဖို့ ဘတ်စကားခတွေ
ပေးတယ်။ သူတို့ကိစ္စတွေကို ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ်ဝန်ထမ်း တဦးနဲ့ ချိတ်ဆက်ပေးထားတယ်။ အလုပ်ရလာပြီးတော့ ၀င်ငွေနည်း
နေသေးရင် ၁၆ နှစ်အောက် ကလေးတွေအတွက် ဆေးကုသခွင့် ဆက်ပေးထားပြီး အစားအသောက်ဖိုးအတွက် ဆက်ပြီး ကူညီတယ်။ အလုပ်လုပ်လာနိုင်ပြီဆိုရင်တော့ ဒီအကူအညီတွေကို လျှော့ပါတယ်။"
တက္ကဆက်ပြည်နယ် လူမှုဖူလုံရေးရုံးမှ မစ္စနူက ရှင်းပြသည်။
အမေရိကန်နိုင်ငံသို့ရောက်ခါစ မိသားစုများသည် ကနဦးအကူအညီများ အပြည့်အ၀ရထားသဖြင့် အစပိုင်းတွင် အဆင်ပြေနေသော်လည်း ရသည့် အခွင့်အရေးကို သုံးပြီး သင်ယူလေ့လာမှုပြုသူ နည်းပါးသည်။
ထောက်ပံ့မှုများပေးထားချိန်တွင် အင်္ဂလိပ်ဘာသာစကားသင်ယူရန် ပျက်ကွက်ကြသူက များသည်။ ဘာသာစကားမတတ်ကျွမ်းသဖြင့် အလုပ် ရှာဖွေရာတွင်လည်း အဆင်မပြေဖြစ်လာ၏။
အမေရိကန်စနစ်ကို လေ့လာမှု အားနည်းသဖြင့် အလုပ်အချိန် မမှန်မှု များကြောင့် အလုပ်မမြဲကြပေ။ စာရွက်စာတန်းများကို သတ်မှတ် ထားသော အချိန်အတွင်း ပြန်လည်ပေးပို့ရန် ပျက်ကွက်သောကြောင့် မိမိ၏ ရပိုင်ခွင့်များဆုံးရှုံးလာသည်။ အကြွေးဖြင့်ဝယ်ယူနိုင်သော ကားများနှင့် အခြားပစ္စည်းများကို ၀ယ်ယူပြီး ပုံမှန်အရစ်ကျ ပေးဆောင် ရမည့် ဆပ်ငွေကို သတ်မှတ်ရက်တွင် မဆပ်မိသည့်အတွက် နာမယ် ပျက်ပြီး နောက်ပိုင်း လုပ်ငန်းများအတွက် ဘဏ်မှချေးငွေ မရရှိတော့ပါ။ အမေရိကန်ဥပဒေကို မျက်ကွယ်ပြုပြီး မိသားစုတွင်း အကြမ်းဖက်မှုများ၊ အရက်သေစာသောက်စား မူးယစ်မှုများ ရမ်းကားမှုများ စသည့်
ပြဿနာများကြောင့် အဖမ်းအဆီးခံရမှုများ မြန်မာမိသားစုများကြားတွင်
တွေ့လာရသည်။
မြန်မာများတွင် စည်းစနစ်နှင့် ပြုမူနေထိုင်တတ်မှုနည်းပါးခြင်းနှင့် မိမိကိုယ် ကို အားကိုးလိုစိတ်နည်းပါးခြင်းက အဓိကပြဿနာဖြစ်နိုင် သလား
စောကြောစရာ ဖြစ်လာသည်။ မြန်မာနိုင်ငံက တိုက်ရိုက်လာရောက် သူများ၊ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှလာရောက်ကြသူများတွင် ပညာရေးက အားနည်းချက်တခု ဖြစ်နေချိန်တွင် အများအပြားမှာ မိမိကိုယ်ကို ယုံကြည်မှု နည်းပြီး ကျားကုန်ကျားခဲလုပ်ဆောင်လိုစိတ် အားနည်းခြင်း ကလည်း ပြဿနာကြီးတရပ်ဖြစ်နေသည်။ အသိုင်းအ၀ိုင်း မိဘမောင်နှမ များ၏ စောင့်ရှောက်မှုနှင့် မှီခိုနေထိုင်ခဲ့ကြသော ဓလေ့နှင့် အသားကျနေ ပုံရသည်။
ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှလာရောက်သူများအတွက်မူ ပို၍ပင် ခက်ခဲပေ သည်။ အဆင့်မြင့်ပညာသင်ယူခွင့် ပိတ်ပင်ထားသော စခန်းတွင်းတွင်
နှစ်ပေါင်း များစွာနေထိုင်ခဲ့ရပြီး နိုင်ငံတကာထောက်ပံ့သည့် အခြေခံ စားကုန်များဖြင့်သာ အသက်ဆက်ခဲ့ရသူများဖြစ်သည်။ မိမိကိုယ်ကိုသာ အားကိုးအားထားပြုရသည့် အမေရိကန် လူနေမှုစနစ်အတွင်း ရုတ်တရက် သွတ်သွင်းလိုက်ချိန်တွင် သူတို့ အဆင်သင့် ဖြစ်မနေကြပါ။
ထောက်ပံ့ပေးကမ်းလာမည့်သူများကိုသာ စောင့်မျှော်နေတော့သည်။
အကျိုးဆက်အားဖြင့် အမေရိကန်နိုင်ငံရောက်မြန်မာဒုက္ခသည်များ၏ ၃၀% သည် ဆင်းရဲမွဲတေမှုမှတ်ကျောက်အောက်တွင် ရောက်ရှိနေတော့၏။
ဝင်ငွေမရှိ၊ ထောက်ပံ့ကြေးဖြင့် နေထိုင်နေရချိန်တွင် သန္ဓေတားဆီးခြင်း မပြုလုပ်လိုကြသူများပြီး ကလေးမွေးဖွားနှုန်းမြင့်သည့်အတွက်လည်း မိသားစုဘ၀ရပ်တည်ရေး ခက်ခဲလာရသည်။
အမေရိကန်လူနေမှုစနစ်တွင် လူတိုင်းက အလုပ်လုပ် ၀င်ငွေရှာလေ့ရှိပြီး မိသားစုပင်ဖြစ်လင့်ကစား လင်မယား သားသမီးတို့ အချင်းချင်း မှီခိုမှု ကင်းကြသည်။
မြန်မာ့လူနေမှုဘ၀များတွင် တဦးတယောက်၏ ၀င်ငွေကို တမိသားစုလုံး မှီခိုနေခဲ့ကြသည့် အလေ့များကို တွေ့ရတတ်သည်။ အိမ်၇ှင်မများ များပြားနေသည်။ အမေရိကန်နိုင်ငံသို့ရောက်လာသော မြန်မာဒုက္ခသည်များတွင်လည်း ယောကျားတဦးတည်း၏ အလုပ်အပေါ်မှီခိုနေမှုများ၊ လူမှုဖူလုံရေးထောက်ပံ့မှု အပေါ်တွင် နှစ်ပေါင်းများစွာ ဆက်လက်မှီခိုနေခြင်းများကို တွေ့ရသည်။
"ဘယ်လိုလုပ်ပြီး အလုပ်လုပ်မလဲ။ ကျမက စကားလည်းမတတ်၊ ကလေးက ၇ ယောက်။ သူ့အဖေလုပ်စာပဲရှိတာပေါ့။ အဲဒါကလည်းမလောက် ဘူးလေ။" ကလေးများပြားပြီး သားသမီးစီမံကိန်းမရှိသဖြင့် ကလေးနီးပြီး မိခင်၏ ကျန်းမာရေးလည်းထိခိုက်လာရသည်။
"ကျမတို့ကအခု အုန်းဖြန့်ကလာတာ။ ဘာကဒ်မှမရှိဘူး။ ငွေလည်းမရှိဘူး။ ဟိုဘက်က မိသားစုနဲ့စကားလည်းမပေါက်ဘူး။ အခုလေယာဉ်ကွင်းမှာ။ ဘယ်ရောက်နေမှန်းလည်းမသိဘူး။"
ထိုင်းနိုင်ငံအုန်းဖြန့်ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံကို ရွေ့ပြောင်း အခြေချရေး အစီအစဉ်ဖြင့် ရောက်ရှိလာသူ ဒုက္ခသည်အမျိုးသမီးတဦး စိတ်ပူပန်စွာပြောပြနေခြင်းဖြစ်သည်။ ဒုက္ခသည် ၁၁ ဦးကို တင်ဆောင် လာသော ခရီးသည်တင်လေယာဉ်က သူတို့ကို ခရီးမဆုံးမှီ လမ်းခုလပ်တွင် ဆင်းစေခဲ့သည်။
"သူတို့က ခရီးသွားတွေကို အနှောက်အယှက်ပေးပါတယ်။ ခါးပတ်ပတ်ခိုင်း တာလည်း မပတ်ဘူး။ ကလေးတွေက ကိုယ့်ထိုင်ခုံမှာထိုင်ပြီး ခါးပတ် ပတ်ရမှာ မလုပ်ဘဲ မိဘတွေပေါ်မှာတက်ထိုင်တယ်။ လေယာဉ်ပေါ်မှာ လည်း လျှောက်ပြေးနေတော့ လေယာဉ်က ၂ နာ၇ီလောက်နောက်ကျ သွားတယ်။ ဒါကြောင့် သူတို့အားလုံးကို ဒီလေဆိပ်မှာ ချထားခဲ့ရတယ်။ ဒါက မီရှီဂန်ပါ။ သူတို့သွားရမဲ့မြို့ကို နောက်လေယာဉ်နဲ့ မနက်ဖြန်မှ တင်ပေးနိုင်မယ်။"
မီရှီဂန်လေဆိပ်မှ လေကြောင်းလိုင်း တာဝန်ခံက ရှင်းပြနေခြင်းဖြစ်သည်။
မိသားစုနှစ်စုတွင်တစုက မြန်မာစကားပြောတတ်သော်လည်း နောက်တစုက မြန်မာဘာသာစကားမပြောတတ်သော တိုင်းရင်းသားများဟု ဆိုသည်။ လေယာဉ်ပေါ်တွင် ရှင်းပြရန် မြန်မာဘာသာစကားပြောသူ ဘာသာပြန်နှင့် ရှင်းပြသော်လည်း နားမထောင်ဟု လေယာဉ်အမှုထမ်း များက ဆိုသည်။ သို့သော် သူတို့ မြန်မာစကားမတတ်ကြောင်းတော့ မသိကြပါ။
သူတို့ကို ဟိုတယ်တွင် တညတည်းခိုရန်လေကြောင်းလိုင်းက စီစဉ်
ပေးသော်လည်း အာမခံနိုင်ရန် သူတို့တွင် ခရက်တစ် အကြွေးဝယ်ကဒ် ရှိရန်လိုအပ်နေ၏။ အမေရိကန်မြေပေါ် ခြေချချိန်တွင် ခေတ်မှီလူနေမှု စနစ်၏ ကဒ်ပြားများ မရှိသူ ဒုက္ခသည် ၁၁ ယောက်တို့ နောက်ဆုံးတော့
လေဆိပ်တွင် ၁၀ နာရီခန့် ထိုင်စောင့်ရတော့သည်။ ဘာသာစကားက မတတ်၊ နိုင်ငံတကာခရီးအတွက် စည်းမျဉ်းစည်းကမ်းကို နားမလည်၊
နှစ်ပေါင်းများစွာ ဒုက္ခသည်စခန်းတွင် လှောင်ပိတ်နေခဲ့ကြရသူများ ကမ္ဘာနှင့် အဆက်ပြတ်ခဲ့ကြသည်။
သူတို့လိုပင် အမေရိကန်နိုင်ငံကို ပြောင်းလဲအခြေချရန်ရောက်လာကြသူ
မြန်မာဒုက္ခသည်များ၏ ဒုက္ခခရီးက မဆုံးသေးပါ။
၂၀၀၂ မှ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသို့ အခြေချလာသည့်
နောက်ဆုံးဒုက္ခသည်များထဲတွင် မြန်မာနိုင်ငံက အများဆုံးဖြစ်သည်။ ၈၈,၃၄၈ ဦးရှိပြီး ယင်းအရေအတွက်သည် ဒုက္ခသည်များအားလုံး၏ ၁၇ % ရှိသည်။ ၂၀၁၁ ခုနှစ်တွင်မူ ပြောင်းရွှေ့အခြေချလာသူထဲတွင် မြန်မာက ၃၀%နှင့် အများဆုံးအုပ်စု ဖြစ်သည်။ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ် တို့ကဲ့သို့ အခြေချမှုကြာမြင့်ခြင်းမရှိသေးသဖြင့် အသစ်ရောက် လာသော မြန်မာတို့အတွက် လူမှုကွန်ယက်က အားနည်းနေသည်။ ဒုက္ခသည်မိသားစုမှ အသက် ၁၂ နှစ်နှင့် အထက်ရှိ ကလေးများတွင် ၃၉% က အထက်တန်းကျောင်းတက်နေစဉ်အတွင်း ကျောင်းထွက်သွား ကြသလို ကောလိပ်အဆင့်တွင်လည်း ကျောင်းထွက်နှုန်းက ၃၁ % ရှိနေကြောင်း အာရှပစိဖိတ် အမေရိကန်နိုင်ငံသားများရံပုံငွေအဖွဲ့ က ယခုလအတွင်း ထုတ်ပြန်ခဲ့သည်။
ဘာသာစကားအခက်အခဲနှင့် နဂိုကသင်ယူလာသော ပညာရေးအဆင့် နိမ့်ကျနေမှုများကြောင့် စိတ်ဓာတ်ကျပြီး ကျောင်းထွက်ကြခြင်း ဖြစ်သည်။ သို့သော် ပြဿနာက ကျောင်းထွက်ပြီးနောက်ပိုင်း အုပ်စုဖွဲ့ဆိုးသွမ်းသူ များနှင့် ပေါင်းမိခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့က လိုက်ပါလာခြင်း
ဖြစ်သည်။
အားလုံးအဆိုးကြီးတော့ မဟုတ်ပါ။ အသက် ၁၂ အောက်အရွယ် မိဘများနှင့်အတူရောက်လာသည့် မြန်မာကလေးများကတော့ အမေရိကန်ပညာရေးစနစ် ရေစီးကြောင်းတွင် လိုက်ပါနိုင်ဟန်တူသည်။
" ဒါက သမီးတို့ လိပ်စာနဲ့ ဖုန်းနံပတ်။ အမေက နောက်ရက်ချိန်းအတွက် ဗုဒ္ဓဟူးနေ့ဆိုရင် အဆင်ပြေပါတယ်။ အဲဒီနေ့မှာ အဖေက အလုပ် ပိတ်တော့ ဆေးရုံလိုက်ပို့ပေးမှာပါ။" မိခင်နှင့် အတူလိုက်ပါလာသူ ၅ တန်းတက်နေပြီဖြစ်သော သမီးငယ်က သွက်လက်ချက်ခြာစွာပင် သူနာပြုဆရာမ၏ မေးခွန်းများကို အင်္ဂလိပ်လို ၀င်ရောက်ဘာသာပြန်
ဖြေဆိုပေးနေသည်။ သူနာပြုဆရာမက သမီးသိပ်တော်တာပဲဟု ချီးကျူးလိုက်သည်ကိုလည်း ကျေးဇူးတင်ပါတယ်ဟု ယဉ်ကျေးစွာ တုန့်ပြန်တတ်သည်။ မိခင်ဖြစ်သူကလည်း သမီးကို ဂုဏ်ယူစွာဖြင့် အားကိုးနေသည်။
အမေရိကန်နိုင်ငံက အခြေခံပညာရေး ၁၂ တန်းအထိ ကလေးတိုင်းအခမဲ့ တက်ရောက်နိုင်သဖြင့် ငယ်ရွယ်သော မြန်မာကလေးများအတွက် ဘာသာစကားနှင့် စနစ်ကို စနစ်တကျ သင်ယူနိုင်ကြသည်။ ဆယ်ကျော်သက် ကလေးများနှင့် ကောလိပ်ကျောင်းတက်ရမည့်အရွယ်
မြန်မာကလေးလူငယ်များကို ကူညီပေးနိုင်မည့် လူမှုကွန်ယက်တခု
ဖြစ်လာရေး၊ မြန်မာလူမှုအဖွဲ့ကို ကူညီနိုင်ရေးဆွေးနွေးမှုများကို အာရှ အမေရိကန်လူမှုအဖွဲ့များအတွင်း စတင်တွေ့လာရသည်။
ခေတ်စနစ် ယဉ်ကျေးမှုနှင့် ခါးပြတ်ခဲ့သောဒုက္ခသည်များ ဤအမေရိကန် လူနေမှုစနစ်တွင်းသို့ အောင်မြင်စွာ ၀င်ရောက်နိုင်ရေးအတွက် အကူအညီများစွာလိုနေသေးသည်ကတော့ အမှန်ပင်။ လူတဦးချင်းက အခွင့်အရေးများရရှိချိန်တွင် မိမိကိုယ်စွမ်းကိုယ်စ မြှင့်တင်ရေးအတွက် အစွမ်းကုန်ကြိုးပန်းခြင်းကသာ မြန်မာဒုက္ခသည်များ၏ ဒုက္ခခရီးကို အဆုံးသတ်စေနိုင်မည် ဖြစ်တော့သည်။
ခင်မေဇော် (၀ါ၇ှင်တန်ဒီစီ)
ဓာတ်ပုံ- UNHCR

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။