အေးသူစံ
နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် အဆိုတော်ထွန်းအိနြာဗို၏ Charity Live ဖျော်ဖြေပွဲမှ ရရှိခဲ့သည့် အကျိုးအမြတ်ပေါင်း ကျပ်သိန်းကိုးရာကျော်ကို မူလရည်ရွယ်ထားသည့် ပရဟိတလုပ်ငန်းများအပြင် အခြားအကူအညီလိုအပ်နေသော နေရာများသို့ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း ထွန်းအိနြာဗိုက 7 Day News သို့ ပြောသည်။
ကချင်ပြည်နယ်ရှိ ဒုက္ခသည်များ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ၊ ရန်ကုန်ကလေး ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးကွန်ရက်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဒေါ်ဖြူဖြူသင်း၏ HIV စင်တာတို့ကို
ဖျော်ဖြေပွဲမှရရှိထားသည့် ကျပ်သိန်းကိုးရာကျော်ထဲမှ သိန်းတစ်ရာစီ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
“စာရင်းအရ သိန်းကိုးရာကျော်ရရှိထားတော့ ခုနစ်နေရာအတွက်ကတော့ ခုနစ်ရာက သေချာသွားပြီ။ စာနယ်ဇင်း နာမကျန်း ရန်ပုံငွေအတွက် ပွဲနေ့က ဆယ်သိန်းလှူမယ်လို့ ကြေညာလိုက်ပေမယ့် ဒီ့ထက်ပိုလှူဖြစ်ဖို့များပါတယ်။ ကျန်တဲ့ အလှူငွေတွေကိုလည်း ဒီရက်ပိုင်းမှာပဲ အရေးတကြီးလိုနေတဲ့နေရာတွေကို တစ်ပြားမကျန်လှူသွားမှာပါ။ တချို့လှူတဲ့သူတွေကနယ်က ငွေပို့မှာမို့ လက်ထဲမှာသာ အလှူငွေ ကိုးရာကျော် ဆိုပေမယ့် မရသေးတာကြောင့် ပါ” ဟု ထွန်းအိနြာဗိုက ပြောသည်။
တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည့်နေ့မတိုင်မီ ရာသီဥတု အခြေအနေ မကောင်းခဲ့သည့်အတွက် ပွဲမဖြစ်မြောက်မည်ကို စိတ်ပူခဲ့သော်လည်း လာရောက် ကြည့်ရှုမည့်ပရိသတ်များ အဆင်မပြေဖြစ်ခဲ့ခြင်းကို စိုးရိမ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဒီဇင်ဘာ ၁ ရက်က မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ထွန်းအိနြာဗိုက “ဒီအလုပ်ရုံဆွေးနွေးပွဲတွေက ကြိုဆိုရမယ့် ကိစ္စပါပဲ။ ကိုယ်ကလောကသား တစ်ယောက်အနေနဲ့ လေ့လာသူအနေနဲ့ တက်ဖြစ်တာပါ။ ကျွန်မတို့ ရုပ်ရှင်လောကကို အပြင်လူက သုံးသပ်နိုင်ဖို့ အတွင်းလူက ပွင့်ပွင့်လင်းလင်း မခြွင်းမချန် ဆွေးနွေးသင့်ပါတယ်” ဟု ပြောသည်။ ထွန်းအိနြာဗိုသည် တစ်ကိုယ်တော်ဖျော်ဖြေပွဲအပြီးတွင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများကို ပြန်လည်စတင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် ရုပ်ရှင်ကားကြီးကို စတင်လက်ခံရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။