The River Club shared Ko Nay Myo's photo.
(ဒီဆောင်းပါးလေးကောင်းတယ်ဗျာ...။ တာဝန်ရှိသူတွေ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖတ်မိစေချင်တယ်ဗျာ...)
"အံ့သြလွန်းလို့ သေတော့မယ်" (ကောင်းဆက်နိုင်)
အားလုံးသော ဆရာ၊ ဆရာမများသို့ အနူးအညွတ်
... ဟုတ်ပါတယ်၊ ပထမတော့ ပြစ်မှားမိတာ အမှန်ပါ။ သူများ တိုင်းပြည်တွေရဲ့ မျိုးဆက်တစ်ခုပြီး တစ်ခုဟာ ခေတ်မီတဲ့ ပညာရေးစနစ်နဲ့ သူ့ထက်ငါ ကမ္ဘာ့ရှေ့တန်း မျက်နှာစာရဖို့သာ ဘတစ်ပြန် ကျားတစ်ပြန် ကြိုးပမ်း ပြိုင်ဆိုင် အနိုင်ယူနေကြချိန်မှာ ကျုပ်တို့ဆီက ပညာရေး စနစ်ကတော့ ဗုန်းဗုန်းလဲရာကတောင် မထနိုင်သေးပါဘူး။ ဒီလိုဆိုတော့ ငါတို့ဆီက ဆရာ ဆရာမတွေ ဘာလုပ်နေကြလဲ။ အိပ်ပျော် နေကြလား၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ စေတနာ မရှိကြဘူးလား။ ခေတ်နောက် ပြန်ဆွဲနေကြတာလား စသဖြင့် ကျုပ်တွေးခဲ့မိပါတယ်။ ၀န်ခံရရင် ဆရာ ဆရာမတွေ အားလုံးကို စိတ်ပျက်ခဲ့မိပါတယ်။ ဒါနဲ့ပဲ မြို့နယ်တစ်ခုမှာ ကျောင်းဆရာ ဆရာမတွေနဲ့ ဆွေးနွေးရင်း ထဲထဲဝင်ဝင် လေ့လာကြည့်လိုက်တော့မှ စိတ်ပျက်စရာ ကောင်းတာက ဆရာ ဆရာမတွေ မဟုတ်ဘဲ ၀ တစ်လုံးမှတောင် မရှိဘဲ ၀ိ လုပ်မယ်ဆိုပြီး လူကြားကောင်း ရုံအော်နေသူတွေ၊ အပေါ်ယံ ရွှေမှုန့်ကြဲချင်သူတွေ၊ သကာရည် လောင်းသူတွေ ဖြစ်နေပါတယ်။
မနုဿ ဥယျာဉ်မှူးတို့ရဲ့ ရင်ဖွင့်သံ
မနုဿဥယျာဉ်မှူးတဲ့လားဗျာ၊ ဟားဟား၊ ကျုပ်တို့ မြန်မာလူမျိုးက စကားလုံး လှလှလေးတွေ ထုတ်လုပ်တဲ့ နေရာမှာတော့ ဘယ်လူမျိုးမှ လိုက်မီမယ် မထင်ဘူးဗျာ။ ဆိုက်ကားနင်းသူကို ဆိုက်ကားဆရာ၊ မြင်းလှည်းမောင်းသူကို မြင်းလှည်းဆရာ၊ စာသင်ပေးသူကို ကျောင်းဆရာ၊ ဥယျာဉ်မှူး၊ မနုဿဥယျာဉ်မှူး ပိုက်ဆံမပေးရတိုင်း မြှောက်ပင့်ပြီး ပြောနေကြတာဗျ။ ဘာတဲ့ဗျ၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်မယ်၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ကောင်းလိုက်တဲ့ ဆောင်ပုဒ်တွေ၊ ချလိုက်တဲ့ မူဝါဒတွေ၊ လုပ်လိုက်တဲ့ သုတေသနတွေ၊ ထွက်လိုက်တဲ့ နိုင်ငံခြားတွေ နှစ်ပေါင်း ငါးဆယ်ကျော် ဒီလိုပဲ မစားရ ၀ခမန်း၊ အရူးဘုံမြှောက် လေထဲ တိုက်အိမ်ဆောက်၊ စကားလုံး လှလှတွေပိပြီး အသက်ရှူတွေကျပ်။ အလုပ်ရုံ ဆွေးနွေးပွဲကနေ အလုပ်တွေ ထွက်မလာဘဲ လေတွေပဲ ထွက်လာ။ “မြန်မာ့ အားကစား က်္ဘာကို လွှမ်းရမည်”ဆောင်ပုဒ် အကြီးကြီး ရေးချိတ်ထားပြီး အခန်းတံခါးပိတ် အိပ်နေ ကြသလိုပေါ့။ မနုဿ ဥယျာဉ်မှူးတွေ ဘာတွေ မြှောက်လုံးတွေ လုပ်မနေပါနဲ့ဗျာ၊ ကျောင်းဆရာ ဟာ ကျောင်းဆရာပေါ့။ အမှန်တကယ်တော့ ခေတ်အဆက်ဆက် အာဏာရှိ သူတွေရဲ့ အသုံးချခံ အဆူခံ အငေါက်ခံ အနှိမ်ခံ အထင်သေးခံ ရတာပါပဲ။ “မနုဿ ခိုင်းဖတ်” ကြီးပါ။
ကျွန်မတို့ ဆရာ ဆရာမတွေ ဆိုတာကတော့ ဒီအလုပ်ကို ရွေးကတည်းက လောဘ သက္ကာယနည်းပြီး စေတနာ မေတ္တာလည်း သူများထက် မနိမ့်တဲ့ သူတွေချည်းပါ။ ကျောင်းသား ဗဟိုပြု သင်ကြားနည်းက ပိုကောင်းတယ်ဆိုတာ လက်ခံပါတယ်။ တိုင်းပြည် တစ်ခု တိုးတက်ဖို့ အမှန်တကယ် လိုအပ်ပြီးခေတ်က တောင်းဆိုတာလည်း အမှန်ပါပဲ။ အထက်က ညွှန်ကြား ပေမယ့် လက်တွေ့လုပ်ဖို့ မဖြစ်နိုင်တာလည်း အမှန်ပါပဲ။ အထက်က ညွှန်န်ကြားဖို့ပဲ တတ်တာရှင့်။ လက်တွေ့ကျတော့ ကျွန်မတို့ ဆရာ ဆရာမတွေ လောက်တောင် နားမလည် ကြဘူး။ ဒီလို လေလုံးထွားရုံနဲ့တော့ လူအထင်ကြီးရုံပဲရှိမယ်၊ လက်တွေ့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး ဆိုတာ သေချာပါတယ်။ ကျွန်မတင် မဟုတ်ဘူး၊ ကျွန်မ သိသမျှ ဆရာ ဆရာမတွေ အားလုံးက မဖြစ်နိုင်ဘူးလို့ပဲ သုံးသပ်ကြပါတယ်။ ကျွန်မတို့ ဆရာ ဆရာမတွေ ဆိုတာက လက်သမားတွေ ပန်းရန်တွေနဲ့ တူပါတယ်။ ဘိလပ်မြေနဲ့ အုတ်ကျတော့ မပေးနိုင်ဘဲ တိုက်ဆောက် စမ်း ဆိုရင်တော့ ထိုင်နေရုံပဲရှင့်၊ ဇွတ်ခိုင်း နေရင်တော့ ခိုင်းသူရဲ့ ဦးနှောက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းနေလို့ပါပဲ။
ကျောင်းသား ဗဟိုပြု သင်ကြားစနစ်ဆိုတာက ကျောင်းသားရဲ့ ပင်ကို အရည်အသွေး တွေ မြန်မြန်နဲ့ အားကောင်း ထွက်ပေါ်လာအောင် ဆရာက လမ်းပြမယ်၊ ဆရာတပည့် ဆွေးနွေးရင်းနဲ့အကဲခတ်ရင်းနဲ့ ကျောင်းသားရဲ့ ရှေ့ဆက်ရမယ့် ပညာရေးခရီးကို ကျောင်းသား ကိုယ်တိုင် မြင်လာတဲ့အထိ အကြံပေးမယ်၊ ကျောင်းသား တစ်ဦးစီရဲ့ အခြေအနေကို စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာက အစအလစ်မပေးဘဲ စောင့်ကြည့်နေရမယ်။ လုပ်နိုင်ရင်တော့ အလွန်ကောင်းတဲ့ စနစ်ပါ ခင်ဗျာ။ ကောင်းပြီ၊ အလွန်ကောင်းတဲ့ idea လည်း ရှိနေပြီ။ ပန်းချီဆွဲမယ့် ပိတ်ကားလည်း ရှိတယ်၊ ဆွဲမယ့် ပန်းချီ ဆရာလည်း အဆင်သင့်၊ ပန်းချီကား ကောင်း တစ်ချပ် ဖြစ်လာဖို့က အဆင့် မမီတဲ့ဆေးနဲ့ မဖြစ်နိုင်ဘူး။ ရုပ်ပိုင်းဆိုင်ရာ တောင် ဘယ်လောက်ပဲ လေ့ကျင့် လေ့ကျင့်၊ အာဟာရ မပြည့်ဝရင် ကြွက်သားတွေ တိုးတက် မလာနိုင်ဘူး။ ဒီစီမံချက် အောင်မြင်နိုင်မလား၊ မအောင်မြင်ဘူး လားဆိုတာကို လက်တွေ့ ပြမယ်။ (လေးတန်း ကျောင်းသားလေးများ၏ ထမင်းချိုင့်များ ထမင်းဘူးများကို တစ်ခုပြီး တစ်ခု ဖွင့်ပြရင်း ဆက်ပြောသည်) ကဲ၊ ကြည့်ဒီဗူးက ထမင်းဆီဆမ်းနဲ့ ပဲပြုတ်က တစ်နှစ် သုံးလေး ... ဆယ့်ငါးစေ့၊ ဒါပဲ၊ ဟောဒီချိုင့် ချဉ်ပေါင်ကြော် တစ်ဇွန်းနဲ့ ငါးပိထောင်း၊ ဒီဘူးက သက်သတ် လွတ် မျှစ်ကြော်၊ ကဲ ဒီဘူး တို့ဟူးသုပ်၊ ဒီချိုင့်က ကြက်ဥပြုတ် တစ်ခြမ်းနဲ့ ထမင်းဆီဆမ်း၊ ဒီမှာလည်း ပဲပြုတ် ဒါက ကြက်ဥကြော်၊ ဒီမှာပဲပြုတ်၊ ဒါမျိုးစားနေရတဲ့ ကလေးတွေရဲ့ ဉာဏ်ရည်ကို ဆရာ ဘယ်လို ထင်သလဲ။ နောက်ပြီး ကျောင်းသား ဗဟိုပြုသင်ဖို့က ကျောင်း သားဦးရေ တစ်ခန်းမှာ နှစ်ဆယ်ထက် ပိုလို့ မရဘူး။
ကျွန်တော်တို့ဆီမှာ တစ်ခန်းတစ်ခန်း ကျောင်းသားများလွန်းလို့ ကျန်တာမပြော နဲ့ အောက်စီဂျင်တောင် မလုံလောက်ဘူး။ သင်ကြားချိန် ၃၅ မိနစ်မှာ နာမည်စာရင်း ခေါ်တာနဲ့တင် အချိန်ကုန် သွားလောက်တယ်။ တာဝန်ရှိ ပုဂိ္ဂုလ်ကြီး တွေကို ပြောလိုက်ပါ ဆရာ၊ ဒီစနစ် မသုံးမီ ကျောင်းသားလေးတွေရဲ့ ထမင်းဘူးတွေ ဖွင့်ကြည့်ပြီး တစ်ခုခု လုပ်ပေးကြပါဦး။ ဆရာ ဆရာမတွေပေါ်ချည်း တာဝန်တွေ ပုံမချဘဲ ကိုယ့်ချွတ်ယွင်းချက် တွေလည်း မြင်ကြ ပါဦး၊ ကျောင်းသားဗဟို မပြုမီ ဆရာတွေကို ဗဟိုပြုပြီး ဆွေးနွေးကြပါဦး၊ ဆရာတွေက လိုအပ်ချက်တွေ အားလုံးသိပါတယ်။ မသိတာက အပေါ်က ညွှန်ကြားတဲ့သူတွေ ဖြစ်နေ ပါတယ်။ ကျောင်းသားဦးရေနဲ့ ဆရာမျှဖို့ ကျောင်းသားတွေရဲ့ အာဟာရ အနည်းဆုံး နိုင်ငံတကာ သတ်မှတ်တဲ့ အနိမ့်ဆုံး စံချိန်တောင်ပြည့်ဖို့ လူကြီးမင်းများ အရင်ဆုံး ကြိုးစားကြစေချင်တယ်ဗျာ။
ကျွန်မကတော့ အကြံပေးရရင် အခုအချိန်မှာ ပြည်သူတွေလည်း စိတ်ပြေပြီး သဘော ကျသွားအောင် မူလတန်း ကျောင်းသားလေးတွေရဲ့ ထမင်းချိုင့်တွေထဲကို ကျိကျိတက် ချမ်းသာနေပြီဖြစ်တဲ့ သန်းကြွယ် သူဌေးညီနောင်တို့က တာဝန်ယူပြီး အလှူဒါန လုပ်ကိုင် စေချင်တယ်။ ဒါမှ မဟုတ်လို့ကတော့ အသက်ရှင်ရုံ စားနေကြရတဲ့ ကလေးတွေရယ်၊ ဆရာ မလုံလောက်တာရယ်၊ အခန်း မလုံ လောက်တာရယ် ဆိုရင် ကျောင်းသား ဗဟိုပြုထက် ဘုန်းကြီး ဗဟိုပြု ကျောင်းတွေ များလာအောင် အားပေးတာကမှ သဘာဝကျဦးမယ်။ ၀ မရှိဘဲ ၀ိ လုပ်လို့မှ မရတာရှင့်။
ကျွန်တော်တို့ ပညာရေးစနစ် ဗုန်းဗုန်းလဲသွားရတာကတော့ မဆန်းပါဘူး။ ပညာရေး စနစ်ကို ပညာရေးအကြောင်း နားမလည်တဲ့သူတွေ ဦးဆောင်ခဲ့လို့ပါပဲ။ ပိုပြီး ဆိုးဝါးသွားတာက ပညာရေးကို စစ်ရေးရှုထောင့်က ကြည့်ပြီး လုပ်သွားလို့ပါပဲ။ ကြောက်ရွံ့နေရတဲ့ ကလေးတွေ၊ ခေါင်းငုံ့ခံပြီး ပြန်မပြောဝံ့တဲ့ ကလေးတွေ မွေးထုတ်ခဲ့ပါတယ်။
ကျောင်းသားတွေ စုစည်းမှုနည်းနိုင်သမျှ နည်းအောင် အဆောင် မပေးတဲ့အပြင် မြို့ထဲမှာဝင်ပြီး ဆန္ဒပြတာ လှုံ့ဆော်တာ မလုပ်နိုင်အောင် ကျောင်းတွေကို မြို့ပြနဲ့ ဝေးကွာတဲ့ လယ်ကွင်းတွေထဲ ပို့ခဲ့ပါတယ်။ ဘွဲ့တွေကိုလည်း ချေးပေါ၊ သေးပေါဖြစ်အောင် လုပ်ခဲ့တယ်။
လူတွေဆင်းရဲ ရုန်းကန်နေရမှ နိုင်ငံရေး တွေးချိန်မရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူတွေရဲ့ ဆင်းရဲ နွမ်းပါးမှုကို မသိကျိုးကျွန် ပြုခဲ့ပါတယ်။ ကျောင်းသား မိဘတွေ နွမ်းပါး တဲ့အတွက် ကျောင်း သားတွေ အာဟာရ မပြည့်မီပါဘူး။ စေတနာပါရင် လိုအပ်တာတွေ အရင် ဖြည့်ဆည်း ရမှာပါ။
ကျွန်မ ပြောချင်တာက ဆရာ ဆရာမတွေကို မဖိနှိပ်ပါနဲ့။ အဖိနှိပ်ခံ ဆရာ ဆရာမ တွေကနေ မွေးထုတ်လိုက်တဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဟာ တောက်ပြောင် တဲ့ ခေါင်းဆောင်တွေ ဖြစ်မလာဘဲ လူစဉ်မမီတဲ့ ခေါင်းဆောင် အညံ့စားတွေပဲ ထွက်လာမှာရှင့်။ တစ်လောက ကြားလိုက်ရသလို “တပည့်တော်တို့က တရုတ်ကိုလည်း ကြောက်ရပါတယ် ဘုရား” ဆိုတာမျိုး၊ ဟိုကြောက် သည်ကြောက်၊ ဟိုလက်ဖြန့် သည်လက် ဖြန့် ပြည်သူတွေရဲ့ ဆန္ဒကို သတိ္တရှိရှိ မလုပ်ရဲတဲ့ ခေါင်းဆောင်မျိုးတွေပဲ ထွက်လာမှာပဲ။
ကျွန်မကတော့ ကလေးတွေ အာဟာရ မပြည့်ပေမယ့် သတိ္တရှိရှိ တွေးခေါ်တတ် အောင် တော့ ကြိုးစားပြီး သင်ပေးတယ် ရှင့်၊ ဒီကဗျာလေးလည်း ကျွန်မစပ်ပြီး သင်ပေးတယ်ရှင့်။
ကျောမွဲမှ ကျောမွဲသို့
ငါတို့ရဲ့ အာဏာရှင်တွေကတစ်ဆင့်၊ မင်းတို့ရဲ့ အာဏာရှင်တွေ ယူသွားခဲ့တဲ့တောင်တွေ ပြန်ပေးပါ။ မင်းတို့သဘော ငါတို့ဆန္ဒမပါဘဲ မြစ်ဧရာကို ဖောက်ခွဲ မယ့်အကြံ ချက်ချင်း ရပ်တန့်ပါ။ မင်းတို့ ဒီမိုကရေစီ၊ ငါတို့လည်း ဒီမိုကရေစီ စစ်စစ် မှန်မှန်ရတဲ့နေ့ တို့ကျောမွဲချင်း တွေ့ကြ မယ်။ ဧရာ ယန်စီ အရှည်တည်မယ့်၊ တကယ့် ချစ်ကြည်ရေးဆိုတာ၊ ဒီတော့မှ ရကြမှာ ကိုယ့်လူရေ့။
မှတ်ချက် ။ ။ ဆရာ ဆရာမများ၏ သဘောထားများကို ကြားသိရချိန်မှာ တော့ ကျောင်းသား ဗဟိုပြုစနစ် အကြောင်း ဆွေးနွေးခဲ့စဉ်က ဆရာများက လက်သီးနဲ့ ဆွဲမထိုးခဲ့တာ ကျေးဇူး တင်မိပါတယ်။ အထင်မှား အမြင်မှားခဲ့မိသမျှလည်း အနူးအညွတ် တောင်းပန်အပ်ပါကြောင်း။
kaung125@gmail
ပြည်သူ့ခေတ်ဂျာနယ်မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။