True Man with Nilar Oo and 6 others
မျိုးဆက်သစ် မျိုးမပျက်ရစ်ဖို့...၂
***********************
လှိုင်(PEER) ရေးတဲ့အာပတ်ဖြေ စာတမ်းအကြောင်းကို ဆက်ရပါဦးမယ်။ ဒီဆောင်းပါးကို ရေးနေရင်း သွားလေသူ ဦးသိန်းဖေမြင့်ကို သတိ ရမိပြန်ပါတယ်။ တက်ခေတ်၊ တက်လူဆိုတဲ့ စကားတွေ ခေတ်စားနေတုန်းမှာ တက်ခေတ်နတ်ဆိုးဆိုတဲ့ အမည်နဲ့ ကာလသား ရောဂါအကြောင်း ပွင့်ပွင့်လင်းလင်း ခံဝန်ချက် ဝတ္ထုအဖြစ် ရေးသားပြီး မျိုးဆက်သစ်ကို သတိပေး ခဲ့ဖူးတယ်။ အဲဒီခေတ်က ကာလသား ရောဂါအန္တရာယ်ဆိုတာ ဒီနေ့ခေတ် HIV တို့၊ AIDS ဆိုတာနဲ့ယှဉ်လိုက်တော့ ဘာမှမပြောပလောက်တဲ့ နှာစေးချောင်းဆိုး ရောဂါလေးတွေလို ဖြစ်သွားပြီ။ ကာလသား ရောဂါကို နိုင်နင်းကြပြီးလို့ ဆိုရမှာပေါ့။ သို့သော်လဲ Nature Strikes Back ဆိုတဲ့ စကားလို သဘာဝကြိးကလဲ လူတွေကိုပြန်ပြီး တီးနေတာပဲ။ ရောဂါအမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ လူတွေရဲ့ သက်တမ်းကို ကန့်သတ်နေတာပဲ။ ရောဂါမရှိရင်လဲ ကိုယ့်အချင်းချင်း (လူအချင်းချင်း)နည်းမျိုးစုံ သတ်တတ် ဖြတ်တတ်အောင် တွန်းပို့နေတာပဲ မဟုတ်လား။ အဲဒီထဲမှာ HIV နဲ့ AIDS က နောက်ဆုံးပေါ် ရောဂါလို့ ပြောရမယ် ထင်မိတယ်။ လူတွေလဲ ဒီရောဂါ ပေါ်လာလိုက်တော့ ပျာကုန်တာပေါ့။ ဆေးပညာရှင် တွေကတော့ ပိုလို့ပျာ သွားတာပေါ့။ ၉-၁၂-၂ဝ၁ဝ ထုတ် ဈေးကွက်ဂျာနယ်မှာပဲ အောင်(ဆေး-၁)ရဲ့ HIV ရောဂါ ကုထုံးသစ်အတွက် သဲလွန်စဆိုတာပါလာတယ်။ အလွန်ကို အလားအလာ ကောင်းတဲ့ သဲလွန်စလို့ ထင်မိတယ်။ သို့သော် သဘာဝကလဲ ငုံ့ခံပြီး အရှုံးပေးမယ်တော့ မထင်ဘူးကွယ့်။ အေးလေ ထားလိုက်ပါတော့။ မဆီမဆိုင် လျှာရှည်တာ တွေများကုန်ပြီ။ လှိုင်(PEER) စာအုပ် ဆီကိုပြန်လှည့်ကြစို့။
ဦးသိန်းဖေမြင့်က သူကိုယ်တိုင် ကာလသားရောဂါစွဲကပ်လို့ ဆေးရုံတက်ခဲ့ရပုံကို တက်ခေတ်နတ်ဆိုး ဝတ္ထုမှာ သရုပ်ဖော်ဝန်ခံပြီး မျိုးဆက် သစ်ကို တပ်လှန့်သတိပေးခဲ့တယ်။ ပြောလိုက်ရဦးမယ်(ရယ်စရာလဲ ခပ်ကောင်းကောင်ျး) အဲဒီစာအုပ် ထွက်လာတော့ သူကိုယ်တိုင် ကာလသားရော ဂါဆေးရုံ(အကျိုးဆောင်)မှာ ဒုတိယအကြိမ် ပြန်ရောက်နေကြောင်း ရေးခဲ့ဖူးတယ်။ ဦးသိန်းဖေမြင့်ကို နိုင်ငံရေး လောကသားတွေ ဘယ်လိုပဲ ပြောကြသည်ဖြစ်စေ ငါကတော့ စာပေလောကသား တစ်ဦးအနေနဲ့ အလွန်ဝံ့စားသော၊ ထွင်ဦးဥာဏ်ကြီးသော ပုဂ္ဂိုလ်ကျော်အဖြစ် လွမ်းနေဆဲပါပဲ။
ဦးသိန်းဖေမြင့် ပြီးတဲ့နောက် ပေါ်လာတဲ့ သူရဲကောင်းကတော့ လှိုင်(PEER) ပါပဲ။ ငါကသိပ်ပြီး အမွှမ်းတင် မနေချင်ဘူး။ ကြားခံလူ မလုပ်ချင်တော့ဘူး။ မင်းတို့နဲ့ လှိုင် ကြီးနဲ့ တိုက်ရိုက်တွေ့ပေး လိုက်တော့မယ်။ သူ့လေသံကို နားထောင်ကြည့်စမ်း။ သူ့အမှာစကားပေါ့။
စာရေးသူ၏အမှာစကား
စာရေးသူသည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် HIV ပိုးကူးစက်ခံရသည်ကို သိရှိရပြီးနောက် လူ့လောကကြီးကို မကြာမီ ကျောခိုင်းရတော့ မယ်ဆိုသည့် အသိဖြင့် စိတ်ဓာတ်ကြီး တစ်ခုလုံး ယိမ်းယိုင်ပြိုလဲ ပျက်စီးခဲ့ရတော့သည်။ ဤသို့ ဖြစ်ခဲ့ရခြင်းမှာလည်း HIV ပိုးစစ်ဆေးခြင်းကို V.C.C.T နည်းလမ်းဖြင့် စစ်ဆေးသင့်သည် ဆိုသော ဗဟုသုတများ မရှိခဲ့၍ တိုးတိုးတိတ်တိတ် စစ်ဆေးခဲ့မိသဖြင့် HIV နှင့် ပတ်သက်သော သတင်း အချက်အလက်တို့ကို သိရှိခွင့် မရခဲ့သည့်အတွက် ဤသို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးခြင်းပင် ဖြစ်ပါသည်။ ထိုဗဟုသုတများကို စာဖတ်သူတို့ထံ မျှဝေလို၍ မိမိတွေ့ကြုံဖြတ်သန်း ခဲ့ရသည့် ဘဝကြမ်းများကို ရေးသား တင်ပြရခြင်းဖြစ်ပါသည်။ HIV ပိုးကို စောစီးစွာ စစ်ဆေးသင့်ကြောင်းနှင့် ကူးစက်မှု ခံထားရ ပါကလည်း မှန်ကန်သော ဆေးဝါးကုသမှုများကို အမြန်ဆုံး ခံယူပါက ယနေ့အချိန်တွင် ပေါ်ပေါက်နေပြီဖြစ်သော ဆေးဝါးကောင်းများနှင့် ကုထုံးကောင်းများ၏ အစွမ်းကြောင့် လူ့သက်တမ်းစေ့ နေနိုင်ခွင့်များ ပြန်လည်ရရှိပြီး လူသားတာဝန်များကို ဆက်လက်ထမ်းရွက် နိုင်ကြောင်းကိုလည်း စာဖတ်သူတို့အား သိစေလိုပါသည်။
HIV ပိုး ကူးစက်ခံခဲ့ ရသူများသည် စာရိတ္တ ချို့ယွင်းခဲ့သူများ မဟုတ်ကြောင်းနှင့် ထိုသူတို့ကို ခွဲခြားပစ်ပယ်မှုများ မပြုလုပ်သင့်ဘဲ လူသားတစ်ဦး အမြင်ဖြင့် စာနာထောက်ထားမှုများနှင့် လက်တွဲကူညီသင့်ကြောင်းလည်း မျှဝေလိုခြင်း ဖြစ်ပါသည်။ အထူးသဖြင့် လူ့လောကကြီးထဲကို မြေစာပင်ဘဝဖြင့် ရောက်ခဲ့ရပြီး HIV ပိုးနှင့် ရှင်သန်နေရရှာသော ကလေးများ၏ ဘဝကို လူသားဆန်သော စိတ်ဓာတ်များဖြင့် ကရုဏာထားပြီး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါ။ နောင်တစ်ခေတ်အတွက် ဘဝပန်းများ လန်းဆန်းနေမည်သာ ဖြစ်ပါသည်။ မိမိတို့ ပတ်ဝန်းကျင်၌လည်း HIV ပိုးကူး စက်ခံထားရသူများကို တွေ့ရပါက မှန်ကန်သော သတင်းအချက်အလက် များကိုပေး၍ ဆေးကုသမှု ခံယူနိုင်ရန် ဖေးမကူညီပေးခြင်းဖြင့် လူ့အသက် ကယ်ရာရောက်ပြီး တူညီသော အကျိုး တစ်ခုကို ပြန်လည်ခံစားရမည်သာ ဖြစ်ပါသည်။ HIV ပိုး ကူးစက်ခံထားရသူ များသည်လည်း HIV ပိုး၏ ရိုက်ဖျက်ချိုးဖဲ့မှု ဒဏ်ကို မခံစားရလေအောင် မှန်ကန်သော ဆေးကုသမှုကို ခံယူကြ လျက် HIV ပိုးကို အံတုနိုင်သူများ ဖြစ်လာကြစေရန် ရည်ရွယ် ၍ရေးသားရခြင်း ဖြစ်ပါသည်။
ဤကဲ့သို့သော စာပေများကို ရေးနိုင်လာအောင် စိတ်ဓာတ်များမြှင့် တင်ပေးခဲ့သည့် M.A.N(Myanmar Aid Net) မှ Dr. မောင်မောင်စိန်နှင့် သင်တန်းဆရာ၊ ဆရာမတို့အား လည်းကောင်း၊ တက်ရောက်ခဲ့ဖူးသော သင်တန်းအသီးသီးမှ ဆရာ၊ ဆရာမ တို့အားလည်းကောင်း၊ စာရေးသူ ဘဝသို့ ရောက်ရန် ပထမဆုံး ပံ့ပိုးကူညီ ပေးခဲ့သော စွယ်စုံမီဒီယာ ဂရုနှင့် Dr. စုမြတ်သိင်္ဂီဦး(စုမြတ်-ဆေး၁)အား လည်းကောင်း၊ ဤစာအုပ် ဖြစ်မြောက်ရန်အတွက် အဓိက ပံ့ပိုးကူညီပေးခဲ့သော Shine Hope နှင့်အဖွဲ့ဝင်များ အားလည်းကောင်း၊ စာရေးသူနှင့် ဘဝတူ Good Hope အဖွဲ့ဝင်များအား လည်းကောင်း၊ R/O ဥ ဦးစိုးမြင့် (အဏ္ဏဝါစိုးမိုး) အားလည်းကောင်း၊ အဖက်ဖက်မှ ကူညီပေးကြသူများ အားလုံးအား ကျေးဇူးတင်ရှိပါကြောင်း နှလုံးသားဖြင့် မှတ်တမ်းတင်အပ်ပါ သည်။ ဆက်လက်၍ HIV ကာကွယ် ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ တွင် ကလောင်စွမ်းအားဖြင့် တာဝန် ကျေပါမည်ဟု ကတိပြုလိုက်ရပါ တော့သည်။
လူသားများ HIV အန္တရာယ်မှ ကင်းဝေးနိုင်ကြပြီး ကူးစက်ခံထားရ သူများသည်လည်း HIV ပိုးကို အံတု အနိုင်ယူ၍ အကျိုးပြု လုပ်ငန်းများ သက်ဆုံးတိုင် ဆက်လက်ထမ်းဆောင် နိုင်ကြပါစေ။ ။
လှိုင်(PEER)
ွဥဦံဥဏန
စာရေးသူ
လှိုင်ကြီးရဲ့ အမှာစာကို အားလုံး ကူးပေးလိုက်ပါတယ်။ ပင်ပန်းလိုက်တာကွာ။ ကိုယ့်စိတ်ကူး၊ ကိုယ့်အတွေးကို ချရေးလိုက်ရတာ အလွန် လက်သွက်သလောက် သူများစာကို ကူးရေးရတာက အချိန်ကုန် လူပန်းဖြစ်လှတယ်။ သူ့စာကို ကြည့်လိုက် ချရေးလိုက်၊ ပြန်ကြည့်လိုက်လုပ်ရတာ အလွန်ကိုစိတ်ရှည်ရတယ်။ သို့သော် မင်းတို့ လူငယ်တွေ သေသေချာချာ ခြေခြေမြစ်မြစ် သိရအောင် ရေးပေး လိုက်ရတာပါ။
မင်းတို့လဲ သူရဲ့အမှာစာမှာ ကျေးဇူးတင်ကြောင်း ဖော်ပြထားတဲ့ သက်ဆိုင်ရာ ဆေးပညာရှင်တွေရဲ့ အမည်တွေကို သတိထားမိမှာပေါ့။ လှိုင်ကြီး ဘယ်လောက်ဆည်းပူး ခဲ့တယ်ဆိုတာ မှန်းဆလို့ ရလောက်ပါတယ်။ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကြိုးပမ်းပြုစုထားတယ် ဆိုတာကို သိလိုက်ရလို့ ငါကတော့ဖြင့် ကျေးဇူး တင်မိတယ်။
စာအုပ်က အလွန်ကို သားနား ကောင်းမွန်လှကြောင်း ပထမဆောင်း ပါးထဲမှာ ထည့်ပြီးရေးခဲ့ပါတယ်။ နောက်မှ ကူညီပံ့ပိုးသူများ စာရင်းကို ကြည့်လိုက်တော့ Shine Hope ဆိုတာကို တွေ့လိုက်ရလို့ မအံ့သြတော့ ပါဘူး။ Shine Hope အဖွဲ့ဟာ လူမှု ရေးလုပ်ငန်း၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းတွေကို အလွန်ရက် ရက်ရောရော လှူပါတယ်။ ငါသွား လေရာရာမှာ Shine Hope လှူတာ တွေကို တွေ့နေရတယ်။
သြော်- ပြောလိုက်ရဦးမယ်။
စာအုပ်အတွက် စာစီ၊ စာဖောင် ဖွဲ့သူဆိုတာတွေဟာ စာအုပ်နဲ့ဘာဆိုင် တာမှတ်လို့။ ဒါပေမယ့် စာစီစာဖောင်ဖွဲ့ တာဝန်ယူရသူ ဦးစိုးဝင်း ဆိုသူကလဲ သမီးကို ဘယ်လိုပြောရမယ် ဆိုတဲ့ ကိုယ်တွေ့ဝတ္ထုကို ဖတ်ကြည့်တော့ ဟတ်ထိသွားပြီး နှပ်တရှုပ်ရှုပ်ဖြစ် နေရင်းက ကိုလှိုင်ရေ ကျွန်တော်အမှာ စာရေးပါရစေလို့ ခွင့်တောင်းပြီး မရေးတတ် ရေးတတ်နဲ့ အမှာစာလေး တစ်ထွာလောက် ရေးလိုက်သေးဗျား။
ခု- ငါရေးခဲ့သလောက်မှာ စာအုပ်အကြောင်းပဲ ရှိသေးတယ်။ သတိပြုပြီး ဖတ်သင့်တဲ့အကြောင်း အရာတွေကို ပြောချင်သေးတယ်။
အောင်သင်း
Credit To>>စာပေဟောပြောပွဲ စုစည်းမှု

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။