TechSpace Journal
Facebook ကသင့်ကို ကာလဟာလ ဖြစ်စေသလား...!!!
===============================
ခွန်နေ(AMMG)
ဖေ့စ်ဘွတ်ခ်ကစတဲ့ သတင်းလေးတစ်ခုကနေ အတွေးလေးရပြီး ဒီစာလေး
ရေးဖြစ်လိုက်တာပါ။ အချိန်နည်းနည်းပေးပြီးဖတ်ဖို့တော့လိုပါလိမ့်မယ်။
လက်ရှိမြန်မာနိုင်ငံ လူမူကွန်ယက်ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အရေအတွက်ဟာ
နေ့စဉ်နဲ့အမျှတိုးလာပါတယ်။ ဒါကလည်း လူတိုင်းပါးစပ်ဖျားမှာ ဖေ့စ်ဘွတ်ခ် ဆိုတာကြီးက နေရာတိုင်းမပြောမဖြစ် ပြောစရာလို ဖြစ်လာတဲ့အတွက် လူတွေအတွက် နေ့စဉ်မပြတ်စောင့်ကြည့်သင့်တဲ့ လူမူကွန်ယက် ကြီးတစ်ခု လိုဖြစ်နေလို့ပါပဲ။
ဒါနဲ့ပဲ တစ်နေ့က မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ စာရေးသူ ကျွန်တော်အပါအဝင် ဆိုင်တစ်ဆိုင်မှာ စုံဖြစ်ကြတယ်။ အားလုံးကတော့ အလုပ်ကိုယ်စီနဲ့မို့ မတွေ့တာကြာတာက တစ်ကြောင်း၊ စကားမပြောဖြစ်တာ ကြာတာနဲ့ ပြောကြဆိုကြရင်း အစောက ကျွန်တော်ပြောသလိုပဲ
ဖေ့စ်ဘွတ်ခ်ဆိုတာကြီးက စကားဝိုင်းမှာ မပါမဖြစ် ပါလာပြန်လေရော။
အဲဒီမှာ ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်ရတဲ့ ကိစ္စတစ်ခု စလာပါတယ်။ ဘယ် Page ကဖော်ပြတယ်ဆိုတဲ့ သတင်းကိုတော့ ပုဂ္ဂိုလ်ရေးအရ page ရဲ့  နာမည်ကိုတော့ မပြောတော့ပါဘူး။ သတင်းက လူတွေအတွက် ယုံထင်ကြောင်ထင် ဖြစ်ရတဲ့ ကိစ္စမျိုးပါ။ ကောလဟာလ သတင်းမျိုးကို အတည်ပေါက်နဲ့လုပ်ရေးထားတဲ့ သတင်းမျိုးကိုဆိုလိုတာပါ။ ခက်တာက ကောလဟာလ သတင်းဆိုရင် အကြိုက်တွေ့နေတာက
မြန်မာပြည်မှာနေတဲ့ လူတွေရဲ့  အားနည်းချက်လို့ ပြောရမလိုပါပဲ။စဉ်းစားရ အခက်ဗျ။ နိုင်ငံတကာ ဘာသာပြန်သတင်းကို မှားယွင်းဖော်ပြတာ အရေးတော့မကြီးပေမယ့် ပြည်တွင်းလိုသတင်းမျိုးကို ကောလဟာလလုပ်တာက အတော်လေးကို အန္တရာယ်ကြီးတဲ့လုပ်ရပ်ပါ။
ဒီတော့ပြောချင်တာ ကျွန်တော့်သူငယ်ချင်းတွေအပါအဝင် အဲလို သတင်းမျိုးဆိုရင် လူတွေက အတော်လေးကို ဖတ်ကြတယ်။ပြီးရင် Like ထောင်နဲ့ချီပြီးရလေ့ရှိသလို၊ Share တွေလည်း ထောင်နဲ့ ချီပြီးရလေ့ ရှိတယ်။ရေးတဲ့သူ ဖော်ပြတဲ့သူကတော့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ လုပ်ကြံဖန်တီးပြီး ရေးတယ်ဆိုတာမသိပေမယ့်ဒီလိုကိစ္စ လေးတွေက
သေးသေးလေးကနေ အကြီးကြီး ဖြစ်သွားနိုင်တဲ့ အထိရှိလာနိုင်ပါတယ်။
နိုင်ငံတကာမှာလည်း အလားတူ အဖြစ်မျိုးတွေ သာဓက ရှိထားတော့
ကောလဟာလတွေနဲ့ ဝါဒဖြန့်မူတွေရှိလာရင် မြန်မာနိုင်ငံရဲ့  အနာဂတ်
ဖေ့စ်ဘွတ်ခ် လွတ်လပ်ခွင့်ကိုပါ ထိခိုက်လာနိုင်တယ်ဆိုတာကိုတော့ သတိထားဖို့တော့လိုပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကလည်း အသုံးပြုသူတိုင်းရဲ့ အပြစ်လို့တော့ မဆိုသာပါဘူး။
လက်ရှိမြန်မာပြည်ရဲ့ အနေ အထားက အရင်ကထက်စာရင် ပွင့်လင်းမြင်သာမူ၊ သတင်းလွတ်လပ်ခွင့်တွေက များစွာဖြေလျှော့လာတာက တစ်ကြောင်း၊ ဗဟုသုတအားနည်းတဲ့ ပြည်သူတွေအတွက် ယခုမှ စတင်ရင်းနှီးတဲ့ ဖေ့စ်ဘွတ်ခ်ကို သုံးစွဲသူ အရူးအမူး ဖြစ်လာတာက တစ်ကြောင်း၊ သတင်းတစ်ပုဒ်က မှန်တယ်မမှန်ဘူးဆိုတာကို နားလည်အောင် ဘယ်လိုလုပ်မယ်ဆိုတာ မသိတာကတစ်ကြောင်း စတဲ့စတဲ့ အကြောင်းတရားတွေနဲ့ တစ်ခုခြင်းစီ ထောက်ပြဖို့ကဖြစ်လာတယ်။
ဒီတော့ အစောကကျွန်တော်ပြောသလိုပဲ၊သတင်းလွတ်လပ်ခွင့် များစွာဖြေလျှော့လာတာက ကောင်းကျိုးအတွက် အသုံးချမယ် ဆိုရင်တော့ ဆေးပေါ့။ ဘယ်နေရာမဆို တန်ဆေး၊လွန်ဘေး ဆိုတဲ့ ဆိုရိုးစကားကလည်းရှိတာကိုးဗျ။ဒီလိုလွတ်လပ်ခွင့်ကို အချို့က အကျိုးရှိရှိ အသုံးချလာတာရှိပေမယ့်၊အချို့က တန်ဆေး၊လွန်ကောင်း၊များ Verygood ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တစ်စိတ်ကိုတစ်အိတ် လုပ်ကြံဖန်တီးလာတာ ကိုလည်း ဖေ့စ်ဘွတ်ခ်ရဲ့ စာမျက်နှာတွေမှာ နေ့စဉ်လိုလိုမြင်တွေ့နေရပါတယ်။
ဒီတော့ လုပ်ကြံဖန်တီးသူတွေ အနေနဲ့ သတိထားသင့်တာက မိမိဖန်တီးရေးသားလိုက်တဲ့ အရာက၊ သင့်အတွက်ကော၊ ဖတ်ရှုသူအတွက်ကော ဘာမျိုးအကျိုးပြုလဲ၊သင့်ပတ်ဝန်းကျင်အတွက် ဘာတွေများအကျိုးပြုသလဲ၊ ကြီးကြီးကျယ်ကျယ်ပြောရင် နိုင်ငံအတွက် ၊ပြည်သူအတွက်ဘာတွေများအကျိုးပြုလဲ၊ကုန်ကုန်ပြောမယ် နောက်ဆုံးသင့်အတွက်ဘာများ အမြတ်ရရှိလိုက်လဲ။ မေးစရာတွေကအများကြီး။ကိုယ့်ရဲ့  စာမျက်နှာမှာ Like ပေါင်းများစွာရရှိစေဖို့အတွက်နဲ့ မဟုတ်မှန်တဲ့ သတင်းတွေ နဲ့တော့ မလှည့်စားစေချင်ပါဘူး။ စာရေးနိုင်တဲ့ သင့်ရဲ့  အရည်အချင်းကို အကျိုးပြုစာပေတွေမှာ ရေးသားဖို့အတွက် အကြံပြု တိုက်တွန်းပါတယ်။
ဒုတိယတစ်ချက်ဖြစ်တဲ့ သုံးစွဲသူတွေအရူးအမူးဖြစ်လာတဲ့ အကြောင်းကတော့ ကြိုဆိုရမှာပါ။ နိုင်ငံတကာမှာ ကော ဖေ့စ်ဘွတ်ခ်ကို လွတ်လပ်စွာသုံးစွဲနေကြတဲ့အချိန်ပြည်တွင်းသုံးစွဲသူတွေလည်း အပြိုင်ဖြစ်လာပါပြီ။
အဲ့မှာသုံးစွဲ သူတွေဖက်က သတိထားရမှာက ဘယ်နေရာကိုမဆို စဉ်းစားချိင့်ချိန်ပြီးတော့ အသုံးပြုသင့်ပါတယ်။ သုံးစွဲသူတွေကတော့ ပုံစံအမျိုးမျိုးရှိမှာပါ။ မြန်မာပြည်မှာကျွန်တော်သိသလောက် သုံးစွဲသူတွေကို ပြောပါဆိုရင်၊ အချို့က နိုင်ငံရပ်ခြားမှာဝေးကွာနေတဲ့ အပေါင်းအသင်းတွေ၊ဆွေမျိုးတွေနဲ့ နေ့စဉ်နီးစပ်စေဖို့အတွက် အသုံးပြုကြတယ်။ အချို့က ဖေ့စ်ဘွတ်ခ်လို အွန်လိုင်းဂိမ်းမျိုး
တွေ နှစ်သက်တဲ့အတွက် အသုံးပြုကြတယ်၊အချို့က မိမိရဲ့  ခံစားချက်တွေကို ရင်ဖွင့်ဖို့အတွက် ဖေ့စ်ဘွတ်ခ်တွေကို အသုံးပြုကြတယ်၊ အချို့က မိမိရဲ့အလှအပကိုဂုဏ်ယူ ဝင့်ကြွားစွာ အများသိစေဖို့ အသုံးပြုတယ်၊ အချို့ကဗဟုသုတအတွက်အသုံးပြုသလို၊ အချို့က စာဖတ်တာဝါသနာပါတဲ့ အတွက် တွေ့ကရာ ပေ့စ်တွေကို Like လုပ်ပြီးစာဖတ်ဖို့အသုံးပြုတယ်၊အချို့ကတော့ အကြောင်းအရာတွေ အကုန်လုံးအတွက် အသုံးပြုတယ်၊ အများကြီးရှိပါသေးတယ် မကုန်ပါဘူး၊ထားပါ။
ဘယ်လိုပဲသုံးသုံး အသုံးပြုတဲ့ သူတွေကတော့ မိမိကိုယ်တိုင် လွတ်လပ်စွာ အသုံးပြုကြတာချည်းပါပဲ။ အဲဒီမှာအဓိကပြောချင်တာက ဗဟုသုတရှာဖို့နဲ့၊ စာဖတ် တာဝါသနာပါလို့အသုံးပြုသူတွေအတွက်ပါ။ လူတိုင်းနီးပါးဆိုရင်လည်း မှန်ရင်မှန်ပါလိမ့်မယ်။ တွေ့ကရာ page တွေကို Like လုပ်တာပါ။ဒါကိုလည်း အပြစ်လို့တော့မဆိုသာပါဘူး။
အဲဒီ Page တွေကပဲ သတင်းအချက်အလက် တွေကတက်တော့ လူတွေက Like လုပ်ထားတတ်ကြတယ်။မြန်မာပြည်မှာကလည်း facebook page တွေက ပုံစံအမျိုးအမျိုး၊ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖန်တီးလာတာကိုးဗျ။ ဒါကလည်း ကောင်းတာရှိသလို ဆိုးတာကလည်း ပါလာပြန်ရော ၊ကောင်းတာက ဘာလည်းဆိုတော့အချို့ page တွေက မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး စာစောင်ထုတ်ဝေခွင့်၊magazine ထုတ်ဝေခွင့်တွေ ရရှိပြီး ဖေ့စ်ဘွတ်ခ်မှာတရားဝင် Page ထောင်ပြီး သတင်းတွေ ဗဟုသုတွေကို နေ့စဉ်မျှဝေတဲ့ Page ရှိသလို၊ အချို့ကျတော့ လည်း နိုင်ငံတကာသတင်းတွေကိုပဲမျှဝေဖို့အတွက် မိမိကိုယ်တိုင် တစ်ကိုယ်တော်တင်ဆက်တဲ့ နိုင်ငံတကာသတင်းသီးသန့် page တွေလည်းရှိသလို၊ ကဗျာ၊ဟာသ၊ကာတွန်းတွေကို သီးသန့်မျှဝေတဲ့ page တွေလည်းအများအပြားပါပဲ။ အဲဒီမှာမှ မိမိဘာသာ page လုပ်ပြီးသတင်းမရေးပဲ သူများဆီကသတင်းတွေကို Credit ဖော်ပြပြီး တင်ဆက်ပေးတဲ့ Page တွေရှိသလို၊ တွေ့ကရာသတင်း ပြည်တွင်းပြည်ပ သတင်းများကိုတင်ဆက်ပေးတဲ့ page တွေလည်းအများအပြားပါပဲ။
ဒီလို page များတာက ကောင်းကျိုးအတွက်သက်ရောက်မူရှိသလို၊ ဆိုးကျိုးအတွက်သက်ရောက်မူတွေပါရှိလာပါတယ်။ ကောင်းကျိုးအတွက်
သက်ရောက်မူက page များလာတဲ့အတွက် အသုံးပြုသူလူတိုင်းဆီကို သတင်းအချက်အလက် ဗဟုသုတတွေ အားလုံးဆီကို ဝေငှတာဖြစ်သလို၊ ဆိုးကျိုးအတွက်က အစောက ကျွန်တော်ပြောသလို အင်တာနက် အသုံးပြုသူတွေ Facebook မှ Facebook ဖြစ်နေတဲ့ အချိန် မဟုတ်၊ မမှန်သတင်းတွေကို ဝါဒဖြန့်လာတာကသုံးစွဲသူတွေဖြစ်တဲ့ ပြည်သူတွေ အတွက်တော့ သတိထားစရာပါပဲ။
အဲဒီရဲ့ အကျိုးဆက်တွေက အသုံးပြုသူ ပြည်သူတွေအတွက် လမ်းမှားကို
ရွေးချယ်စေဖို့ဖြစ်လာသလို၊ ဖေ့စ်ဘွတ်ခ်ကြောင့်စိတ်ပိုင်းဆိုင်ရာခံစားမူ၊ လူမူရေး၊စီးပွားရေး၊နိုင်ငံရေး၊လူမျိုးရေး အကြမ်းဖက်မူတွေအထိ များစွာ ကြီးကျယ်သွားနိုင်ပါတယ်။ ဒီတော့ကျွန်တော်ပြောချင်တာက သုံးစွဲသူတွေ အနေနဲ့ သတင်းတစ်ခု အလွယ်တကူမယုံကြည်မိစေဖို့ သတိပေးစေလို ပါတယ်။
နောက်ဆုံးအချက်တစ်ချက်ဖြစ်တဲ့ သတင်းတစ်ပုဒ်မှန်တယ် မမှန်ဘူး ဆိုတာကိုဘယ်လိုအတည်ပြမလည်းဆိုတာပါပဲ။ နိုင်ငံတကာလိုသတင်းမျိုးကိုဖတ်ရှုရာမှာ ဟုတ်တယ်မဟုတ်ဘူးဆိုတာ အင်တာနက်ကို ကျွမ်းကျွမ်း ကျင်ကျင် အသုံးချတတ်သူတွေအတွက်တော့ အလွယ်တကူ ရှာဖွေလို့ ရမှာပါ။
ဘာသာပြန်သတင်းတစ်ခုဟုတ်တယ်မဟုတ် ဘူးကို Google Search Engine ကနေအချိန်မရွေး ဘာသာပြန်သတင်းကို ဖော်ပြထားတဲ့ reference ကနေ ချက်ချင်း Checking လိုက်လို့ရပါတယ်။အင်္ဂလိပ်စာ အခြေခံ နားလည်ယုံနဲ့ ဘာသာပြန်ထားတဲ့ သတင်းမှန်တယ်၊မမှန်ဘူးဆိုတာ အလွယ်တကူသိနိုင်ပါတယ်။
အဲဒီမှာခက်တာက ပြည်တွင်းသတင်းမျိုးကျရင် မှန်တယ်၊မမှန်ဘူးဆိုတာကို Google လို Search Engine အသုံးပြုပြီးရှာလို့ကအဆင်မပြေပြန်ဘူး။ ဒီတော့စာဖတ်သူတွေက မေးပါလိမ့်မယ်။ ဘယ်လိုအတည်ပြုမလဲ။ အတိအကျမဟုတ်ရင်တောင်အကြမ်းဖျင်းလောက်တော့ ဝေဖန်ဆန်းစစ်လို့
တော့ရမှာပါ။
၁။သတင်းတစ်ခု၊စာတစ်ပုဒ်ပြီးအောင်ဖတ်ပြီးသွားရင် ရေးသားသူနာမည်(သို့)ဖော်ပြတဲ့ သတင်းဌာနတွေ Credit တွေကိုသေချာစစ်တဲ့ အကျင့်လုပ်ပါ။
၂။ဖော်ပြတဲ့ သတင်းဌာနဆိုတာက လက်ရှိမြန်မာပြည်မှာ တရားဝင်ထုတ်ဝေနေတဲ့ စာစောင်တွေ၊Magazine တို့လိုမျိုးကိုဆိုလိုတာပါ။
ဒီတော့ကျွန်တော်ပြောချင်တာက စာတစ်ခု၊သတင်းတစ်ခုရေးတယ်ဆိုတာ နာမည်တွေ၊Credit တွေ အလကား ထိုးပေးထားတာမဟုတ်ပါဘူး။ ဒီသတင်းကို ရေးသားသူ၊အတည်ပြုသူ တစ်ယောက်အနေနဲ့မှန်ကန်ကြောင်း အာမခံခိုင်းတာနဲ့အတူတူပါပဲ။
ဒီသတင်းကို ကိုယ်ကိုတိုင် မှန်ကန်ကြောင်းကို နာမည်ထိုးတယ်၊ဖော်ပြပါ သတင်း ဌာနကနေတင်ပြထားတယ်။နံပတ် နှစ်အချက်ဖြစ်တဲ့ ဖော်ပြတဲ့ သတင်းဌာနက မြန်မာပြည်မှာတရားဝင် ထုတ်ဝေနေတဲ့ စာစောင်တွေ၊ Magazine တွေလိုမျိုးကိုဆိုလိုတာပါ။ ဒီတော့ဖတ်ရှုသူအနေနဲ့ သတင်းတစ်ခု ကိုဖတ်ပြီဆိုရင် ဒီသတင်းက ကိုယ့်အတွက် သို့လော၊ သို့လော
ဖြစ်နေရင် ဖော်ပြတဲ့သတင်းဌာန Credit ကိုကြည့်ပါ၊ရေးသားသူ အမည် ၊ပြီးရင် အဆိုပါသတင်းဌာနကို ဖုန်းဆက်ပြီး ကိုယ်နားမလည်တဲ့ အဲဒီ သတင်းတွေကို မေးမြန်းအတည်ပြ လို့ရနိုင်ပါတယ်။
ဆိုလိုချင်တာက ပြည်တွင်းသတင်းနဲ့ပတ်သက်ပြီး နာမည်၊ Credit တွေကိုအတိအကျ ဖော်ပြထားခြင်းမရှိဘူးဆိုရင် အဲံသတင်းဟာ မှန်ကန်တယ်လို့အတည်ပြုလို့မရနိုင်ပါဘူး။ ဒီတော့စာဖတ်သူတွေအနေနဲ့ သတင်းတစ်ခု၊စာတစ်ခုဖတ်ရင် ရေးသားသူနဲ့ သတင်းဌာနရဲ့  Credit တွေကို တိတိကျကျ လိုက်ကြည့်ဖို့တော့လိုအပ်ပါလိမ့်မယ်။ စာရေးတာနည်းနည်းတော့ရှည်သွားပြီလို့ထင်ပါတယ်။
ဒီတော့နိဂုံးချုပ်အနေနဲ့ပြောချင်တာက လက်ရှိမြန်မာနိုင်ငံဟာ facebook ကိုပုံစံမျိုးစုံသုံးစွဲသူတွေနေ့စဉ်နဲ့ အမျှတိုးလာပါတယ်။
ကောင်းတဲ့သူရှိမယ်၊ဆိုးတဲ့သူရှိမယ်၊သတင်းမှန်တွေရှိမယ်၊သတင်းမှားတွေရှိမယ်၊အဲတော့ Facebook အသုံးပြုတဲ့လူတိုင်းကို ပြောချင်တာက သတင်း တစ်ခုကိုဖတ်တိုင်း အယုံမလွယ်ဖို့နဲ့ ဖတ်ရှုတဲ့သတင်းဟာ ခိုင်လုံတဲ့ သတင်း ဌာနက အကြောင်းအရာတွေလားဆိုတာကို စားရေးသူကျွန်တော်တင်ပြ ထားတဲ့ အကြောင်းအရာလေးတွေကို အမှတ်ရပြီးစဉ်းစားချင့်ချိန်
နိုင်ကြဖို့ နှင့် ကောလဟာလတို့ရဲ့  သားကောင်အဖြစ်မှ ကင်းလွတ် နိုင်ကြ
ပါစေလို့အကြံပြု ရေးသားလိုက်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။