FOOD Magazine
...................
ငါးကြင်းရေချို
...................
ကျွန်မက ငါးဟင်းချက်ရင် အမေနဲ့ မမကြီးကို အရမ်းသတိရပါတယ်။
အိမ်မှာက အမေနဲ့ မကြီးပဲ ငါးဟင်းကို ခုံခုံမင်မင် စားကြတာပါ။ ...
ကျွန်မကအခု ငါးရှားတဲ့နေရာရောက်ခါမှ ပိုကြိုက်လာခဲ့တာပါ။
ကျွန်မအမေဘက်က အဘိုးအဘွားများက ဓနုဖြူဇာတိမို့ တစ်မိသားစုလုံး
ငါးတို့၊ ပုစွန်တို့ဆို အလွန်ခုံမင်နှစ်သက်စွာ အမျိုးမျိုးချက်စားကြပါတယ်။
ငါးကြင်းကို ကြော်နှပ်စားသလို ငါးသလောက်ပေါင်းလိုလည်း စားလို့ရပါတယ်။
အခုလို ရေချိုချက်စားရင်လည်း အရသာရှိပါတယ်နော်။

ပါဝင်ပစ္စည်းများ (၇-၈ ယောက်စာ)
.............................................
• ငါးကြင်း - ၂ ကီလို
• စပါးလင် - ၁ ချောင်း
• ကြက်သွန်နီ - ၁၅၀ ဂရမ်
• ကြက်သွန်ဖြူ - ၅၀ ဂရမ်
• ဆား - စားပွဲဇွန်း ၂ ဇွန်း
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• ဟင်းခတ်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ချင်း - စားပွဲဇွန်း ၂ ဇွန်း
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အရောင်တင်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးခွဲခြမ်း - စားပွဲဇွန်း ၁ ဇွန်း
• မဆလာ - စားပွဲဇွန်း ၁ ဇွန်း
• နံနံပင် - အနည်းငယ်
ချက်ပြုတ်နည်း
.....................
၁။ ငါးကြင်းကို အကြေးခွံများခြစ်ကာ အကွင်းလိုက် အနေတော်လှီးပါတယ်။
ပြီးမှ အလယ်က ထက်ခြမ်းခြမ်းကာ ဆား ၁ ဇွန်း၊ ဟင်းခတ်မှုန့် ၁ ဇွန်း၊
ချင်း ၁ ဇွန်း၊ နနွင်းတို့ဖြင့် ဆုပ်နယ်ထားပါ။
၂။ ကြက်သွန်နီကို ပါးပါးလှီးပြီး အဖြူကို ဓားပြားရိုက်ထားပါ။
ဒယ်အိုးတွင် ဆီကို အနည်းငယ်ထည့်ကာ ကြက်သွန်များကို စပါးလင်၊
ငရုတ်သီးတို့ဖြင့်ဆီသတ်ပါ။ ကျန်တဲ့ ဆား၊ ချင်း၊ ဟင်းခတ်မှုန့်တို့ရောပါ။
အတန်ကြာ ကြက်သွန်ကျက်ပြီး အနံ့မွှေးပြီဆိုရင်
ငါးကြင်းတုံးလေးများထည့်ပြီး ဖြည်းဖြည်းလုံးပေးပါ။ ၂ မိနစ်အကြာမှာ
ရေကို လီတာဝက်ခန့်ထည့်ပါ။ အဖုံးအုပ်ထားပါ။ ရေပွက်လာရင်
ငံပြာရည်ထည့်ပါ။ ငါးမကပ်အောင် အိုးကိုမမွှေဘဲ လှုပ်ပေးပါ။
ငါးကျက်ပြီ ဆီပြန်ရေကျန်အနေရပြီဆိုရင် မီးပိတ် မဆလာဖြူး၊
နံနံပင်ဖြူးကာ စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။
..................................
Htet Family's Creation
..................................
www.htetfamily.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။