By လွတ်လပ်ခြင်းအသစ်မွေးဖွားခြင်း on Wednesday, January 2, 2013 at 2:02am ·
Category: ဆောင်းပါးPublished on Tuesday, 01 January
2013 04:20Written by
ပညာရေးဝန်ကြီးဌာန
သူငယ်ဘဝတွင်
အခြေခံ ခံစားမှုပိုင်းဆိုင်ရာ ကျေနပ်မှုတွေလိုအပ်ပါသည်။ ဒါတွေမရှိလျှင် ကြီးပျင်းလာ
သောအခါ သူ့အတွက်အဆင်မပြေမှုတွေ ဖြစ်ပွားနိုင်ပါသည်။လုံခြုံမှုပထမဆုံးလိုအပ်ချက်မှာ "လုံခြုံမှု" ဖြစ်၏။
သာယာပျော်ရွှင်ပြီး လုံခြုံစိတ်ချရသော အိမ်ပတ်ဝန်းကျင် မရှိဘဲနှင့် ကလေးငယ်သည်
လောကကြီးကို ရင်မဆိုင်နိုင်ပါ။ လူဆင်းရဲပါစေ။ အိမ်စုတ်ပြတ်ပါစေ။ အခက်အခဲ
အနှောက်အယှက်တွေ ရှိပါစေ။ သူသည်ညီညွတ်စည်းလုံးသော မိသားစုဝင်တစ်ဦးဖြစ် လျှင်
သူ့အတွက် ဘာမှပူစရာမလိုပါ။
စည်းစည်းလုံးလုံးမရှိ၊
ရန်တကျက်ကျက်ဖြစ်နေသော အိမ်ထောင် စုတွင်ကြီးပြင်းရသော ကလေးမှာကား မလိုအပ်သော
စိုးရိမ်ကြောင့်ကျမှုတွေနှင့်သာ မလုံမခြုံကြီးပျင်း လာရပါသည်။
အိမ်ထောင်ရေးပြိုကွဲတာတွေ၊
ကွာကြရှင်းကြတာတွေဖြစ်လျှင်အထိ အနာဆုံးမှာ ရင်သွေးငယ်လေး တွေသာ ဖြစ်ပါမည်။ မိဘတွေ
အဆင်မပြေဖြစ်ကြလျှင် အပြစ်မဲ့သားကောင်ဖြစ်သော ကလေးများ၏ ဘဝမှာ အစိတ်စိတ်အမွှာမွှာ
ဖြစ်ကြရစမြဲ။
ကျွန်တော်တစ်ခါက (၉) နှစ်အရွယ်
ဖတဆိုးမိတဆိုးလေးတစ်ဦးနှင့် တွေ့၏။ သူတစ်လသားအရွယ် တွင် သူ့မိခင်က စွန့်ပစ်သွားသည်။
သူ့ဘဝတစ်လျှောက်လုံး မိဘမဲ့ဂေဟာတွင် ကြီးပျင်းလာခဲ့ရ၏။ သူ့ကို ကျွန်တော်က
မေးကြည့်သည်။ "သားလေး၊ အိမ်ဆိုတာဘာလဲကွဲ့"။ "အိမ်ဆိုတာ လုံခြုံစိတ်ချ
ရပြီးနေလို့ကောင်းတဲ့ နေရာလို့ထင်ပါတယ်" ဟု ဖြေသည်။ သူ၏
အဓိပ္ပာယ်ဖွင့်ဆိုချက်ထက်ပို၍ ကျွန်တော်လည်း မပြောနိုင်ပါ။
လောကကြီးကား တရစပ်ပြောင်းလဲနေ၏။ ရှုပ်ထွေးပွေလီလှ၏။
ကလေးငယ်တစ်ဦးအတွက် သေချာ သောရပ်တည်စရာနေရာသည် တစ်ခုတည်းသာရှိသည်။ အဲဒါကတော့အိမ်။
အိမ်ဆိုရာတွင်လည်း စောစောက ကလေးပြောပြသလိုပင် လုံလဲလုံခြုံ၊ နေလို့ကောင်းတဲ့
နေရာလည်း ဖြစ်ရပါမည်။ ချစ်တတ်သော၊ ရိုးဖြောင့်သော၊ တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိသော
လူတွေကြားထဲတွင် နေရသော ကလေးအဖို့ ထိုသီရိဂေဟာမျိုးလောက်နေလို့ ကောင်းသောနေရာ
အခြားဘယ်မှာမှ မရှိနိုင်ပြီ။
ချစ်ခြင်းမေတ္တာ
ကလေးအတွက် ဒုတိယအရေးအကြီးဆုံးမှာ
"ချစ်ခြင်းမေတ္တာ"။ ကလေးသည် အချစ်ခံရရန်အလွန် အရေးကြီး၏ ကလေးအားလုံးဤအချက်တွင်
ကံမကောင်းနိုင်ကြပါ။
အဖေမပေါ်သောကလေးငယ်အဖို့ မွေးကထဲက
အမနာပပြောစကားသံများနှင့်မျက်ရည်ကြားတွင် ကြီးပျင်းလာရမှာ သေချာသည်။ သူ့အတွက်
မိခင်ကတော့ရှိမည်။ သို့သော် ဖခင်မရှိသည့်အတွက် တစ်ခြမ်းပဲ့ မေတ္တာသာရမည်။
သားယောက်ျားလေးလိုချင်နေသော မိဘများမှာ သမီးလေး
မွေးလာလျှင်လည်း ပြဿနာပေးတတ်၏။ သမီးကြီးလာလျှင် သူတို့ကပြောမည်။ ငါတို့လိုချင်တာက
ယောက်ျားလေး၊ ဘယ်နှယ့်မိန်းကလေးမွေး လာရတာလဲ။ တစ်ခါတစ်ခါ
အစွန်းရောက်ပြီးမိန်းကလေးကို ယောက်ျားလေးနာမည်ပေး၊ ယောက်ျား လေးလို
ဝတ်စားဆင်ယင်ပေး။ "ကျမတို့ တကယ်လိုချင်တာက ယောက်ျားလေးရှင့်" ဟု သမီးရှေ့တွင်
အခြားသူတွေကိုပြော။ ဒါတွေက ပြဿနာ။ ဤကလေးမျိုးမှာ ကျောင်းရောက်လျှင်
ဝိုင်းအလှောင်ခံရ မည်။ ကလေးကိုယ်တိုင်မှာ သိမ်ငယ်စိတ်တွေဝင်လာမည်။
ကလေးအတွက် ဤလောကကြီးသည် အသစ်စက်စက်။
လူကြီးတွေအတွက်တော့ ရိုးနေပြီ။ ကလေး အတွက်အရာရာသည် စိတ်ဝင်စားစရာ။
လူကြီးတွေအတွက်တော့ ဘာမှမဆန်း။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျပြီး
ကလေးရသောမိဘများအဖို့ သူတို့ကိုယ်တိုင်ပင် နို့နံ့မစင်သေး၍ ကလေးအတွေးနှင့်
သူတို့အတွေးသည် သိပ်မကွာလှပေ။ ထို့အတွက် ပြဿနာမပေါ်။ အလယ်အလတ်အရွယ် မိဘများ အဖို့မူ
ကလေးအတွေးအမြင်ကို သဘောပေါက်နားလည်ရန် အထူးကြိုးစားရမည်။ လေးဆယ်ကျော်
လာပြီဆိုလျှင်ကား ကျွန်တော်တို့အဖို့ လောကကြီးသည် အတော်တည်ငြိမ်နေပြီ။ သိပ်စိတ်ကူး
မယဉ်၊ သိပ်စိတ်မလှုပ်ရှား။ ထိုအခါ မိမိကလေး၏ ဘဝအမြင်ကို နားလည်ရန်
အတော်အားထုတ်မှရမည်။
မိဘငယ်ငယ်ရွယ်ရွယ်က ကလေးတွေနှင့်ပြိုင်ဆော့နိုင်၏။
သဲတွေရွှံ့တွေနှင့် လိုက်ကစား၍ရ၏။ ပြေးဟယ်လွှားဟယ်လုပ်၍ရ၏။ ကလေးနှစ်ယောက်ကို
ကျောပေါ်တင်ပြီး ဖအေကြီး လေးဘက် ထောက်သွားကာ ဆင်စီးတမ်းကစား၍လည်းရ၏။
မိဘတွေက စည်းကမ်းတွေ တင်းကြပ်စွာထုတ်၊
အပြစ်ပေးဒဏ်ပေးတာတွေ သိပ်လုပ်လျှင် ကလေးက သူ့ကိုမချစ်လို့ ဒီလိုလုပ်သည်ဟုပင်
ထင်မည်။ ထို့ကြောင့်စည်းစနစ်လည်း ပေးတန်ပေး၊ ယုယချစ်ခင် မှုလည်း ပြတန်ပြမှ
တော်ကာကျမည်။
မိမိကိုယ်ကိုယုံကြည်စိတ်
တတိယအရေးကြီးသည်ကား ကလေး၏
မိမိကိုယ်ကိုမိမိယုံကြည်စိတ်၊ မကြောက်မရွံ့စိတ်ပင် ဖြစ် သည်။ တစ်ခါကကြုံဖူးသော
ဖခင်တစ်ဦးအကြောင်း ပြောပါဦးမည်။ မိုးကြိုးတွေပစ်၊ မိုးတွေချိန်းသော ညက ဖခင်သည်
သူကိုယ်တိုင်ကြောက်လာပြီး သူ့သားလေးလည်း သူ့လိုပဲကြောက်မည်ဟုထင်ကာ
သားအိပ်နေသောအခန်းသို့သွားသည်။ သားလေးအခန်းဝသို့ရောက်ချိန်တွင် စောစောကထက် ကျယ်
သောမိုးချိမ်းသံကြီး ကြားလိုက်ရသည်။ ဖခင်ဖြစ်သူက သားတော့သိပ်ကြောက်နေမှာပဲထင်၏။
သို့သော် သား၏အသံကိုကြားလိုက်ရတော့ သူအံ့သြသွားသည်။
"ဒီထက်ကျယ်ကျယ်ချုန်းလိုက်စမ်းပါ မိုးမင်းကြီးရယ်" တဲ့။
အဖေက သာအခန်းထဲဝင်ပြေးကာ "သားရေ မကြောက်နဲ့နော်"
ဟု ပြောကာပွေ့ဖက်၏။ ဖခင်ဖြစ်သူ ရင်တွေခုန်ပြီး ကြောက်နေတာကို သားကသိသွားသည်။
ခုနကကြောက်ရကောင်းမှန်း မသိသောသား က ယခုကြောက်လာ၏။
မိဘတို့၏ ကြောက်စိတ်သည် ကလေးများထံကူးစက်တတ်၏။
အချို့မိခင်တွေက ပူပန်တတ်သည်။ "သားရေ၊ မတက်နဲ့၊ ကျသွားမယ်နော်"၊
"ဒါးကိုမကိုင်နဲ့ရှလိမ့်မယ်" ဟု စိုးရိမ်စိတ်ဖြင့် သတိပေးတာ တွေက ကြောက်စိတ်ကို
ပိုပွားစေသည်။ မိမိကိုယ်မိမိ ယုံကြည်စိတ်မရှိဘဲ တုန်တုန်ယင်ယင်ဖြစ်၍ မတော်တဆ
ထိခိုက်မှုပိုဖြစ်နိုင်သည်။ ဒါးမရှအောင်ကိုင်နည်း၊ လှေကားပေါ်မှမကျအောင် ဆင်းနည်း၊
တက်နည်း တွေကို သင်ပေးသင့်သည်။ "ဒါးမကိုင်နဲ့ရှလိမ့်မယ်" ဆိုသည့်
စိုးရိမ်သံပါသောစကား အစား "ဒါးမရှအောင်ဒီလိုကိုင်ရတယ်" ဟု ပြသသင့်သည်။ ကလေးများမှာ
လျင်မြန်စွာ အတုခိုးတတ်ရာ တစ်ခါနှစ်ခါ ပြရုံနှင့် စနစ်တကျ
လုပ်တတ်ကိုင်တတ်လာသည်။
လုံခြုံစိတ်ချမှုဟူသည် ကလေးစိတ်တွင်းမှာရှိသကဲ့သို့
လုံခြုံစိတ်ချသော ပတ်ဝန်းကျင်မှလည်း ဆင်းသက်လာနိုင်ပါသည်။ အကြောင်းကြောင်းကြောင့်
ကလေးသည် အပြစ်သိပ်ရှိသလို ခံစားတတ်၊ ကြောက်ရွံ့သလိုဖြစ်တတ်၏။
မိမိကိုယ်မိမိယုံကြည်စိတ်သည် အစပထမတော့မရှိလှ။ သူ့ဖာသာသူ မလုံမခြုံဖြစ်နေသည်။
သူ့အတွေးသူ့ခံစားမှုများကို သူပြန်ကြောက်ရသည်။ သို့ဖြင့် အလွန်အမင်း ရှက်တာ၊
အထီးကျန်တာ၊ မပျော်ရွှင်တာတွေ ဖြစ်လာမည်။ ကိုယ့်ဖာသာကိုယ်ကြောက်တတ်လာလျှင်
ဘဝကြီးကိုယုံကြည်မှုရှိစွာ ရည်ရွယ်ချက်ရှိစွာ လျှောက်လှမ်းနိုင်ဖို့ အရည်အသွေးတွေ
ကင်းမဲ့လာပေ မည်။
မိဘများအပေါ်ယုံကြည်မှု
မိဘအပေါ်ကလေး၏ ယုံကြည်မှုသည်လည်း တကယ်ပင်အရေးပါသည်။
ကလေးပေါက်စများသည် မိဘတွေဘာလုပ်လုပ်မှန်မည်ထင်တတ်ကြ၏။ မိဘတွေကို
အနန္တတန်ခိုးရှင်တွေဟု မှတ်ကြ၏။ မိဘတွေကို သိပ်အထင်ကြီးသည်။ မိဘတွေပြောတာမှန်သမျှ
သံသယကင်းစွာ ယုံကြည်ကြ၏။ မိဘအပေါ် လုံးဝဥဿုံ ယုံကြည်မှုရှိသည်။ ကြာလာတော့လည်း မိဘတွေ၏
ချို့ယွင်းချက်များကို သူတို့သိလာ၏။ မိဘတွေကပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး
ကျင့်ကြံတတ်ပုံတွေ သိလာသည်။ မိဘတွေ၏ မရိုးသားမှုတွေမြင်လာသည်။ လူ့သဘာဝအတိုင်းပင်
ထိုအခါ၌ မိဘအပေါ်ယုံကြည်မှုတွေ လျော့လာ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပိုင်းဆိုင်ရာအရ
ကျန်းမာစွာနှင့်ရိုးသားဖို့၊ မှန်ကန်ဖို့လိုသည်။ ကလေး တစ်ယောက်အဖို့ မိဘက
လိမ်တာညာတာကို မှတ်ထားတတ်၏။ အမှန်တရားအားဖုံးကွယ်မှုကို သူတို့မကြိုက်။ ဤနေရာတွင်
လိင်ပညာပေးကလည်း အရေးပါ၏။
ကလေးတွေက သူတို့ကိုဘယ်လိုမွေးလာသလဲဟု မေးတတ်ကြ၏။
လူကြီးတွေကလှည့်ပတ်ဖြေသည်။ ကလေးတစ်ယောက်ကျောင်းမှပြန်လာပြီး အင်ဂျင်စက်အကြောင်း
သူ့အဖေကိုမေးသည်။ အဖေက စာရွက်ယူ၊ ခဲတံယူကာ သေသေချာချာ စိတ်ပါလက်ပါ ရှင်းပြတတ်မည်။
သို့သော်ထိုကလေးပင် အိမ်ဘေးကမိန်းမကြီးဘာဖြစ်လို့ ကလေးမွေးတာလဲဟု မေးလျှင်ကား
တောင်ပြော၊ မြောက်ပြော လျှောက်ဖြီးဖြန်းဖြေကြမည်။ ကလေးက အမှန်တရားကို မသိ။ သို့သော်
ယုတ္တိယုတ္တာမရှိတာတော့ သူသိသည်။ အဖေပြောတာအမှန်မဟုတ်တာ သူသိသည်။ ဤတွင်
အဖေ့အပေါ်သူမယုံချင်တော့။
ကလေးမေးတာတိတိကျကျ ဖြေနိုင်ရန်
လိင်ပညာရေးကိုသိထားရန်လို၏။ လိင်မှုကိစ္စသည် ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း
ကလေးနားလည်အောင် ပြောပြရမည်။ ထိုသို့မှ မဟုတ်လျှင် ကလေး သည်လိင်ကိစ္စကို ကြောက်စရာ၊
ရွံစရာ၊ ရှက်စရာဟု မြင်လာမည်။ ယောက်ျားကလေးက မိန်းကလေး ကိုကြောက်၊ မိန်းကလေးက
ယောက်ျားလေးကိုကြောက်တာတွေ မလိုအပ်ဘဲ ဖြစ်လာမည်။ သို့တည်း
မဟုတ်မှားယွင်းသောအသိဖြင့် လိင်ကိစ္စတွင် အလွန်အကျွံနစ်သွားချင် နစ်သွားမည်။
မိသားစုယူနစ်
မိသားစုတွင်း ညီညွတ်ပျော်ရွှင်ရန် အရေးကြီးကြောင်း
ထပ်တလဲလဲ ပြောပြီးပါပြီ။ မိသားစုသည် အခြေခံလူမှုအရေး အဖွဲ့အစည်းလေးဖြစ်၏။
ကလေးငယ်သည်လည်း သူသည် ဤအဖွဲ့အစည်းဝင် ပေါက်စလေးဖြစ်ကြောင်း သိထားရမည်။
အိမ်သည်ဘော်ဒါဆောင်မဟုတ်။ ဘုန်းကြီးကျောင်းမဟုတ်။ ပညာရေးဖြစ်စဉ်သည်
အိမ်တွင်သာအမှန်အကန် ဖြစ်ရမည်။ မိသားစုတွေပျော်ပျော်ပါးပါးနှင့် စည်းစည်း လုံးလုံး၊
ရိုင်းရိုင်းပင်းပင်းရှိကြရာ နေထိုင်ကောင်းသော နေရာသည် အိမ်ဖြစ်၏။
လူတိုင်းသူ့တန်ဖိုးနှင့် သူရှိနေသောနေရာသည် အိမ်ဖြစ်၏။ အိမ်သည်နံရံလေးဘက်ကာထားပြီး
ရွှေဘောင်ကွပ်ထားသော၊ ပန်းချီကားတွေ ချိတ်ဆွဲထားသောနေရာမည် ကာမတ္တမဟုတ်။
မေတ္တာတွေလွှမ်းခြုံ မွှန်းထုံရာ နေရာသည်သာ အိမ်။
ကလေး၏ ပထမငါးနှစ်
ပညာရေးဝန်ကြီးဌာန
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။