သိခြင်း တတ်ခြင်း
လေ့လာခြင်းက သိခြင်းကို ဖြစ်စေပါတယ်..။ စာဖတ်မယ်.. သူများပြောတာ နားထောင်မယ်.. သင်တန်းတက်မယ်… စူးစမ်းမယ်.. ဒါဆိုရင် သိခြင်း စတင်ပါပြီ..။ တစ်ခုတော့ သတိထားဖို့ လိုပါမယ်..။ “သိခြင်း” ဟာ “တတ်ခြင်း” မဟုတ်သေးဘူး ဆိုတာပါပဲ..။
တတ်ချင်ရင်တော့ သင်ယူရပါမယ်..။ သေသေချာချာ ကျကျနန သင်ယူရပါမယ်..။ သိရုံလောက်ကို တတ်ပြီထင်ရင် တကယ်တန်း ဖြေရှင်းရတဲ့ အခါ ကိုယ့်ရဲ့ မတတ်ကျွမ်းမှု က ကိုယ့်ကို ဒုက္ခပေးတတ်ပါတယ်..။ အင်္ဂလိပ်စာလုံး ABCD ကို ဟိုး ………….. သူငယ်တန်း မရောက်ခင် မူကြို ကတဲက သိခဲ့ကြတာပါပဲ..။ ဒါပေမယ့် တက္ကသိုလ်က ဘွဲ့ရတဲ့ အထိလဲ ထစ် နေတုန်းပဲ ရှိသေးတယ် ဆိုရင် အဲဒါ သိတာပါ..။ တတ်တယ် လို့ မခေါ်နိုင်ပါဘူး..။ ဒါတောင် နှစ်ပေါင်း များစွာ သင်ယူခဲ့ပြီး ပြီနော် အနည်းဆုံး ဆယ့်လေးငါးနှစ် သင်ခဲ့ပြီးသား ..။ ဒါပေမယ့် အင်္ဂလိပ်စာ အင်္ဂလိပ် စကား အသုံးချတဲ့ နယ်ပယ်မှာ မကျင်လည်ခဲ့ဖူးလေတော့ မကျွမ်းကျင်ဘူး..။
အဲဒီ ဥပမာလိုပါပဲ..။ သင်ယူမှုမရှိရင် တတ်ပွန်မှု မရှိနိုင်ပါ.. ။ သင်ယူလို့ တတ်လာသည့်တိုင်အောင် အသုံးချမှု မရှိရင် မကျွမ်းကျင်နိုင်ပါ..။ အသုံးချမှု ရှိသည့်တိုင်အောင် အတွေ့အကြုံ မရှိရင် မဖြေရှင်းနိုင်ပါ..။ လက်တွေ့ဘဝရဲ့ အတွေ့အကြုံဟာ ဘဝတက္ကသိုလ် မှာပဲ သင်ယူလေ့ကျင့်ရတာပါ..။ အင်ဂျင်နီယာတွေ မွေးထုတ်တဲ့ နည်းပညာတက္ကသိုလ်က ဘွဲ့ရလာရုံနဲ့ အင်ဂျင်နီယာ အလုပ်တွေအားလုံး သိပြီးတတ်ပြီး လို့ မယူဆနိုင်ပါဘူး..။ တကယ် အလုပ်လုပ်နေတဲ့ အလုပ်ခွင်ထဲမှာ နောက်လိုက်အဖြစ်နဲ့ ကျွမ်းကျင်ဝါရင့်တွေ ရဲ့ နောက်က တကောက်ကောက် လိုက်နိုင်ပါမှ မှတ်သား နာယူနိုင်ပါမှ တချိန်ချိန်မှာ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာ တစ်ယောက်လို ခံယူနိုင်မှာပါ..။ နယ်ပယ် အားလုံးမှာ ဒီ အတိုင်းပါပဲ..။ ကျောင်းဆင်းသွားရုံ.. ဘယ်ဆရာကြီး ဆရာမကြီး တပည့် ဖြစ်ဖူးရုံနဲ့ အားလုံး ကျွမ်းကျင်သွားပြီ.. တတ်ပြီ.. ရပြီ ဆိုတာ မဟုတ်နိုင်ပါဘူး..။
ကြက်တူရွေးနဲ့ လင်းယုန် လိုပါပဲ… နှုတ်သီးကောက်တာချင်းတော့ တူတူပါပဲ..။ ဒါပေမယ့် အဆင်းလှတဲ့ ကြက်တူရွေးတွေဟာ အသံသာ ကျယ်ပြီး အမြင့်မပျံနိုင်တဲ့ ငှက်တွေပါ..။ ဂျုံခင်း စပါးခင်း တွေများ ကြက်တူရွေး ကျပြီ ဆိုရင် ကုန်မယ်သာမှတ်..။ အုပ်လိုက်နေပြီး ဆူညံစွာနဲ့ လုယက်စားသောက် တတ်တဲ့ ငှက်မျိုးတွေပါ..။ လင်းယုန်ကတော့ တစ်ကောင်ထဲပဲနေပါတယ်..။ အမြင့်ဆုံးကို ရောက်အောင် ပျံနိုင်ပါတယ်..။ အသံသိပ်မထွက်ပဲ အစာရှာလေ့ရှိပါတယ်..။ သူ့ရဲ့ ပစ်မှတ်ဟာ တစ်ကြိမ်မှာ တစ်ခုထဲပါပဲ..။ အဲဒီ တစ်ခုကို မရမက ထိုးသုတ်ကိုက်ချီ စားသောက်လေ့ရှိပါတယ်..။
ဒါကြောင့် အမှန်တကယ် အောင်မြင်ချင်ရင် ကြက်တူရွေးတွေလို မကျင့်ကြံပဲ..လင်းယုန်လို ကျင့်ကြံပါ..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၂၈.၂.၂၀၁၇)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။