စာမတတ်သူသည် တံခါးပေါက်မပါသော အိမ်နဲ့ တူ၏ ။အပြင်သို့ ဘာမှ မမြင်ရ ။
စာတတ်ပြီး စာမဖတ်သူသည် တံခါပေါက်ရှိပါလျှက် မဖွင့်သောအိမ်နဲ့ တူ၏ ။ အသိပညာတံခါးပိတ်လျှက် ရှိ၏ ။
စာဖတ်ခြင်းသည် လူတို့ အတွက် ကျယ်ပြန့် သော ဗဟုသုတ ၊ အကြားအမြင်ရစေ၏ ။
စဉ်းစားဆင်ခြင်နိုင်သော ဥာဏ်ပညာကိုလည်း ဖြစ်စေ၏ ။ ( လယ်တွင်းသား စောချစ် )
ရှေးလူကြီးများ၏ ဆိုရိုးစကား အရ “စာမတတ်သူ ၊ စာမဖတ်သူသည် မျက်စိကန်း နေသူဖြစ်သည် ” ဟု
ပြောဆိုခဲ့သည်ကို မှတ်သားခဲ့ရ ဖူးပါသည် ။ထိုအပြင့် ”စာအုပ် ၊ စာပေ လူမိတ်ဆွေ ” ဆိုတဲ့ မြန်မာစကားပုံ
နှင့်အညီ မိမိတို့အား အရာရာကို သွန်သင်ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင် ဖြစ်ပါသည် ။
” ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေတိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာ တည့် ” ဆိုသည့် ရှင်မဟာရဌသာရ၏ ဆုံးမစာပါ အတိုင်း ပညာမရှိသော ဇနီးသည် ၊
မလိမ္မာသော သားသမီးများပင် စာပေစကားကို နေ့တိုင်းကြားဖန်များလာပါက ဗဟုသုတများ ပြည့်စုံလာကာ
လိမ္မာရေးခြား ရှိလာမည်ဖြစ်သည် ။ ကျွန်တော်တို့လူငယ်တွေ တစ်နေ့တစ်နေ့အားလပ်ချိန်တွေကို
စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ အသုံးပြုစေချင်ပါတယ် ။မည်သူမဆိုယနေ့ ညအိပ်ယာဝင်ချိန်သည်
ယနေ့မနက် အိပ်ယာထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ်ပညာ ပိုရှိနေရမည်။
သို့မဟုတ်ပါက လူသားတစ်ဦးအနေနှင့် အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည် ဟု
လီယိုဗတ်စကာဂလီယာ က ပြောခဲ့ဖူးသည်။ မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
ဒီအတွက် မည်သို့လုပ်မည်နည်း …………….. ?????တစ်နည်းသာရှိသည် ” စာဖတ်ပါ ” ။နေ့စဉ်ဖတ်ပါ ။
စာဖတ်သည် ဆိုရာ၌ ငြင်းခုံဝေဖန်ရန်၊ တစ်ဖက်လူ မှားကြောင်း သက်သေသက္ကာယ ပြရန် သက်သက် အတွက်
မဖတ်နှင့်။ ပြောသမျှယုံကြည်ရန်၊ သူဆိုတိုင်း လက်ခံရန်ဖတ်ခြင်းမျိုးလည်း မဖြစ်စေနှင့်။ အလားတူ ပြောစရာဆိုစရာ
ရရုံအတွက်မျှလည်း မဖတ်နှင့်။ အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။
စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။
စာအုပ်အမျိုးမျိုးတို့အနက် သမိုင်းကျမ်းတို့သည် ဖတ်သူအား အမြင်ကျယ်စေသည်။ ကဗျာစာဆိုတို့ကမူ
ကွန့်မြူးသော ဥာဏ်ဖြင့် ထူးကဲရှုမြင်တတ်စေသည်။ သင်္ချာကား လျင်မြန်သောဥာဏ်ကို ပေးသည်။
သဘာဝသိပ္ပံသည် ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေပြီး ဒဿနက တည်ကြည် လေးနက်စေသည်။
ယုတ္တိဗေဒနှင့် ၀စနာလင်္ကာရ(အာဝဇ္ဇန်း) ပညာများကမူ သူတပါးနှင့် ရင်ဆိုင်ယှဉ်ပြိုင် ပြောဆိုနိုင်ပေသည်။
ဖတ်သောစာတို့သည် ဖတ်သူ၏ စရိုက် လက္ခဏာများ အဖြစ်သို့ ကူးပြောင်းကြမြဲဖြစ်၏။
ထိုကြောင့် မည်သည့်စာပေအမျိုးအစားကိုမဆို ဖတ်သင့်ပါတယ် ။အကောင်းနဲ့အဆိုးဆိုတာ အမြဲတွဲလျက်ရှိတာကြောင့်
စာဖတ်တဲ့အခါမှာလည်း စာအုပ်ထဲက အကြောင်းအရာများဟာ မိမိရဲ့ အတွေးအခေါ်ကို အဆိပ်အတောက်
မဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။ စာဖတ်တဲ့ သက်တမ်း ကြာလာတဲ့အခါမှာ ဘယ်လိုစာအုပ်မျိုးက
ဖတ်ရှုသင့်သလဲ ၊ ဘယ်လို စာအုပ်မျိုးက မဖတ်ရှုသင့်ဘူးလဲ ဆိုတာကို စာဖတ်သူဟာ သူ့ အလိုလို သိမြင်လာပါတယ်။
စာဖတ်ခြင်းဖြင့် ဝေါဟာရများ ကြွယ်ဝလာသလို ဘာသာစကားကိုလည်း ကျွမ်းကျင်လာပါတယ်။ စာဖတ်တယ်။ ပြီးလျှင်
တွေးတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။ နောက်ဆုံးမှာတော့ ပေးထားတဲ့အချက်အလက်များကို အသုံးပြုပြီးတော့
ဆက်လက်လုပ်ဆောင်သွားတယ်။ ဒီအခြေခံ အသိပညာကတော့ ဘာသာရပ်တိုင်းမှာ အတူတူပင်ဖြစ်ပါတယ်။
ဒါကြောင့် စာဖတ်ခြင်းဟာ ဘယ်ဘာသာရပ်ကိုမဆို လေ့လာသင်ယူနေတဲ့သူများအတွက်အကျိုးကျေးဇူးများပါတယ်။
ထို့အပြင် စာဖတ်ခြင်းဖြင့် စာရေးခြင်းစွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။
စာဖတ်နေစဉ်မှာ မိမိနဲ့ မကျွမ်းဝင်တဲ့ စာအုပ်ပါအကြောင်းအရာများကို တွေးတော မိတတ်ပါတယ်။
ထိုသို့ တွေးတောခြင်းဟာ ဦးနှောက်ရဲ့ မီးခိုရောင်ဆဲလ်များကိုပါ ပိုမို အသုံးပြုစေတဲ့အတွက် စာဖတ်သူဟာ
ပိုမို ထက်မြက်တဲ့သူ ဖြစ်လာပါတယ်။ စာဖတ်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့ အရည်အသွေး တိုးတက်ကောင်းမွန်စေ
တာတင်သာမကပဲ လုပ်ငန်းခွင်မှာလည်း တိုးတက်ကောင်းမွန်စေပါတယ်။ စာအုပ်များထဲမှ ယဉ်ကျေးမှု၊ ဘာသာ၊
စီးပွားရေးများအပြင် အခြားအကြောင်းအရာများစွာကိုလေ့လာ သိရှိနိုင်ပါတယ်။ မိမိနဲ့ အတွေးအမြင် ရှုထောင့်မတူညီတဲ့
အာဘော်ကို စာအုပ်ထဲမှာ ဖတ်ရှုရတဲ့အခါမှာ စာရေးဆရာနဲ့ မိမိနဲ့အကြားမှာ ဒီမတူညီတဲ့ အမြင်ရှုထောင့်
ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို စဉ်းစား ဆင်ခြင်မိစေပါတယ်။ အဲဒီလို မိမိနဲ့ မတူညီတဲ့ဖက် တစ်ခုကနေ
တွေးတော စဉ်းစားမိတဲ့အခါမှာ မိမိရဲ့ စိတ်ဟာလည်း အခြားသူများကို နားလည်လာပြီး ပိုမို ပွင့်လင်းလာပါတယ်။
အခြားသူတစ်ဦးရဲ့ ဖြစ်တည်နေမှုကိုလည်း လေးစား လာတတ်ပါတယ်။
မဂ္ဂဇင်းများ၊ ခေတ်လွန်များ၊ ဘဝသရုပ်ဖော် ဝထ္ထုများ ဘယ်စာကို မဆို ဖတ်ဖို့ပဲ အရေးကြီးပါတယ်။ စာအုပ်တစ်အုပ်ကို
ဖတ်ခြင်းဖြင့် စာရေးဆရာက ရှုထောင့်တစ်မျိုးမှ တင်ပြထားသော်လည်း စာဖတ်သူက လွတ်လွတ်လပ်လပ်
တွေးခေါ်နိုင်ပြီး လွတ်လွတ်လပ်လပ် စိတ်ကူး မျှော်မြင်နိုင်ပါတယ်။ စာဖတ်ခြင်းဖြင့် ဝေဖန်ပိုင်းခြားနိုင်တဲ့
အတွေးအခေါ် မြင့်မားလာပါတယ်။ စာများများ ဖတ်လေလေ၊ လူအများက မေးတဲ့ မေးခွန်းတွေကို မိမိက
ပိုမို ဖြေလာနိုင်လေလေ ဖြစ်လာပြီးနောက် လူအများ မဖြေရှင်းနိုင်သော ပြဿနာများ၊ အမေးပုစ္ဆာများကို
မိမိက ဖြေရှင်းလာနိုင်ပါတယ်။ အဲဒီအတွက် မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါတယ်။
စာအုပ်တစ်အုပ်ကို ဖတ်ရှုတယ်ဆိုရင် စာအုပ်ထဲက ဇာတ်ကောင်များ၊ ဇာတ်လမ်း ဇာတ်ကွက်များကို
မှတ်မိတဲ့အလေ့ ဖြစ်လာပြီးနောက် မှတ်နိုင်စွမ်း မှတ်ဥာဏ်ကလည်း ပိုမို ကောင်းမွန်လာပါတယ်။
စာဖတ်တဲ့သူမှာ အများတကာကို ဝေမျှစရာ အကြောင်းအရာများစွာ ရှိနေတတ်ပါတယ်။ စာများများ
ဖတ်လေလေ ဝေမျှစရာတွေက မကုန်နိုင်လေပါပဲ။ နောက်ဆုံး ဘာမှ အကျိုးကျေးဇူး မရှိဘူးပဲ ထားပါဦးတော့။
ဘဝရဲ့ နေ့ရက်တွေမှာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အချိန်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ အကျိုးကျေးဇူးများ
လွန်းတဲ့အတွက် အားလပ်ချိန်မှာ စာဖတ်ခြင်း အလေ့အထဟာ မွေးမြူသင့်တဲ့ အကျင့်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။
”ဗာဟုဿဉ္စ၊ သိပ္ပဉ္စ” ဗဟုသုတအကြားအမြင်များခြင်း၊အတတ်ပညာရှိခြင်း၊ တတ်မြောက်ခြင်းသည် ‘မင်္ဂလာ’မည်ကြောင်း
မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သကဲ့သို့ပင် စာအုပ်စာပေများစွာ ဖတ်ခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတတ်ကောင်းမွန်သော
ဘ၀ကို တည်ဆောက်နိုင်ကြလိမ့်မည်ဟု ကျွန်တော်ထင်မြင်ယူဆပါသောကြောင့် ကျွန်တော်တို့လူငယ်တိုင်း စာဖတ်ကြပါ…၊။
credit:ဟနစံ
http://kanaung.net/post-no-2248
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။