ဖေ၀န်ခြင်း တွန်းအားများ
============
တစ်ခါက.. ပန်းချီဆရာသားအဖ နှစ်ဦးရှိပါသတဲ့..။ ဖခင်ဟာ အင်မတန်နာမည်ကျော်ကြားတဲ့ နန်းသုံးပန်းချီကျော်လည်းဖြစ်တယ်..။ သူတို့ဟာ နန်းတွင်းက ပန်းချီကျော်အဆက်ဆက်နေထိုင်ရတဲ့ နေအိမ်ကြီးမှာ နေထိုင်တယ်..။
ပန်းချီကျော်ကြီးဟာ လက်ရာမြောက်တဲ့ ပန်းချီကားပေါင်းမြောက်များစွာကိုရေးဆွဲခဲ့ပြီး ပန်းချီပညာကို တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အပြင် ပါရမီရှင် တစ်ဦးလည်းဖြစ်တယ်။
သူ့ရဲ့သားကတော့ ဖခင်ခြေရာကို နင်းနိုင်ဖို့အတွက် သင်ယူနေဆဲ ပန်းချီလက်သင်လေးပဲဖြစ်တယ်..။
ဒါပေမယ့်လည်း သားဖြစ်သူဟာ သူ့လိုမျိုးပန်းချီကျော်တစ်ဥိးဖြစ်လာနိုင်တဲ့ ဗီဇရှိတယ်ဆိုတာကို ဖခင်ပန်းချီဆရာကြီးက သိရှိခဲ့တယ်..။
သားဖြစ်သူဟာ ပန်းချီပညာကို အပတ်တကုတ်ကြိုးစားသင်ယူလေ့ရှိတယ်..။ ပန်းချီကားတစ်ခုဆွဲပြီးတိုင်းလည်း ဖခင်ကိုပြပြီး ဝေဖန်စေလေ့ရှိပြန်တယ်..။ တစ်နေ့တော့ သူဟာ အစွမ်းရှိသမျှကြိုးစားပြီး ပန်းချီကားတစ်ချပ်ကို ရေးဆွဲတယ်..။ ပြီးတော့ ဖခင်ကိုပြသပြီး မှတ်ချက်ပြုစေပြန်တယ်..
"သိပ်မကောင်းသေးဘူး..မင်းတိုးတက်လာဖို့လိုသေးတယ်"
လို့ ပန်းချီဆရာကြီးက မှတ်ချက်ပေးခဲ့တယ်။
အဲဒီလို မှတ်ချက်ပေးခဲ့ပေမယ့် သားဖြစ်သူဟာ စိတ်ဓါတ်မကျဘဲ နောက်ထပ် ပန်းချီကားတစ်ချပ်ကို အချိန်ယူပြီး ကြိုးစားရေးဆွဲပြန်တယ်.. ပြီးတော့ ဖခင်ကို ပြပြန်တယ်..
"မျက်လုံးတွေက အသက်မပါသေးဘူး.. အယူအဆလည်းနည်းနည်းလိုတယ်"
လို့ ဝေဖန်ပြန်တယ်..။
ဒီတစ်ကြိမ်မှာလည်း ပန်းချီဆရာကြီးရဲ့သားဟာ စိတ်ဓါတ်မကျသေးပဲ နောက်ထပ် နောက်ထပ်သော ပန်းချီကားများကို ကြိုးစားရေးချယ်ပြီး ဖခင်ရဲ့မှတ်ချက်ကို အမြဲတမ်းပဲနားထောင်လေ့ရှိတယ်.. ဒါပေမယ့်အကြိမ်တိုင်းမှာ ပန်းချီဆရာကြီးက တစ်ခုမဟုတ်တစ်ခု ဝေဖန်တယ်..
"ဦးခေါင်းပိုင်းဆွဲထားပုံ ပြင်ဖို့လိုမယ်"
"ပြေးနေတဲ့ဟန်ပန်က.. အသက်မပါဘူး"
"အရောင်ရွေးချယ်မှု မမှန်ပြန်ဘူး"
"လက်ချောင်းတွေရဲ့ နေရာထားပုံ ပြင်ဖို့လိုမယ်"
အဲဒီလိုမျိုးဝေဖန်စကားတွေကိုချည်းကြားရတဲ့အခါ.. ပန်းချီဆရာကြီးရဲ့သားငယ်ဟာ စိတ်ပျက်လာတယ်..။ ပြီးတော့ သူက ဒီလိုတွေးတယ်..
"ငါ့အဖေဟာ ငါ့ကြိုးစားထားတာတွေကို ဘာကြောင့် ချီးကျူးစကားမဆိုဘဲ အမျိုးမျိုးဝေဖန်နေရတာလဲမသိဘူး။ ငါ့ရဲ့လက်ရာအမှန်က ဘာလဲဆိုတာကို သိအောင်လုပ်ရမယ်"
လို့တွေးခဲ့တယ်။ အဲဒီနောက်မှာတော့သူဟာ အစွမ်းကုန်ကြိုးစားပြီး ပန်းချီကားတစ်ချပ်ကို နောက်ထပ်ရေးဆွဲပြန်တယ်..။ အဲဒီနောက်မှာတော့ တွင်းတစ်ခုတူးပြီး သူဆွဲပြီးသားပန်းချီကားကို မြှုပ်နှံထားလိုက်တယ်..။
အဲဒီလိုမြုပ်ထားပြီးတဲ့နောက်မှာလည်း သူဟာ ပန်းချီကားတွေကို ဆက်တိုက်ဆိုသလို ရေးချယ်ပြီးသူ့ဖခင်ကို ပြမြဲပြသခဲ့တယ်။ သူ့ဖခင်ကလည်း တစ်မျိုးမဟုတ်တစ်မျိုးဝေဖန်ပြန်တယ်..။
လအနည်းငယ်ကြာတဲ့အခါမှာတော့ သူဟာခြံထောင့်မှာတူးဆွသလိုလုပ်ရင်း ပန်းချီကားတစ်ချုပ်ကို တွေ့ရှိသယောင်ဟန်ဆောင်လိုက်တယ်.. ပြီးတော့ဖခင်ကို ဒီလိုပြောတယ်..
"အဖေရေ..ဒီမှာကြည့်ပါဦးဗျ.. ဘယ်ပန်းချီကျော်ရေးဆွဲထားတဲ့ ပန်းချီကားလည်းမသိဘူး..။ ကျနော်ခြံထောင့်မှာသစ်ပင်စိုက်ဖို့ တူးရင်းတွေ့လာတာ.."
လို့ပြောလိုက်တယ်..။ ပန်းချီဆရာကြီးက ပန်းချီကားကို သေချာကြည့်တယ်.. ပြီးတော့ ဒီလိုပြောတယ်
"သိပ်ကောင်းတဲ့လက်ရာပဲ..။ မင်းအတုယူသင့်တယ်.."
လို့ပြောခဲ့တယ်။ အဲဒီအခါ.. သားဖြစ်သူက
"အဖေ ၊ ဒီပန်းချီကားကို ကျနော်ကိုယ်တိုင်ဆွဲပြီး၊ ခြံထောင့်မှာကိုယ်တိုင် မြုပ်ထားခဲ့တာပါ..။ အဖေဘာကြောင့် ကျနော့်ပန်းချီကားတွေကို အမြဲတမ်းဝေဖန်နေရတာလဲ"
လို့မေးတယ်...။ အဲဒီအခါ.. ဖခင်ပန်းချီဆရာကြီးက
"မင်းရဲ့ တိုးတက်မှုဟာ.. ငါစောစောကပြောမိခဲ့တဲ့ ချီးမွမ်းစကားကြောင့် ဆက်ပြီးဖွံ့ဖြိုးလာတော့မှာမဟုတ်ဘူး..။ မင်းရဲ့ လက်စွမ်းက.. ငါ့ရဲ့ချီးကျူးစကားနဲ့အတူ.. ရပ်တန့်သွားခဲ့ပြီ"
လို့ ပြန်ပြောခဲ့တယ်..။
-----------------------------------
ဒီပုံပြင်လေးက ကျနော်တို့ကိုပြောပြထားတာတွေရှိတယ်..။ တချို့သူတွေဟာ..ဝေဖန်မှုကို "စိတ်ပျက်စေသောအရာ၊ အတားအဆီးဆူးညှောင့်ခလုတ်" လို့မြင်တတ်ကြပေမယ့် တချို့သူတွေအတွက်တော့ အရည်အချင်းကို ပြောင်မြောက်သည်ထက် ပြောင်မြောက်လာအောင် polish လုပ်ပေးတဲ့ "တွန်းအား"တွေလို့ မြင်တတ်ကြတယ်..။
ပန်းချီဆရာကြီးရဲ့ဝေဖန်မှုဟာ အစပထမပိုင်းမှာ သူ့ရဲ့သားအတွက် "တွန်းအား"တွေဖြစ်နေခဲ့ပေမယ့်..။ နောက်ပိုင်းမှာတော့သူ့သားငယ်အတွက် စိတ်ပျက်စရာဖြစ်လာခဲ့ပြန်တယ်..။ အဲဒီအချက်ဟာ.. ပန်းချီဆရာကြီးရဲ့ ဝေဖန်မှု ပြောင်းလဲသွားတာကြောင့်မဟုတ်ဘဲ.. ခံယူတဲ့သူရဲ့ ခံယူချက် ပြောင်းလဲသွားချင်းမျှသာလျင်ဖြစ်တယ်..။
ကျနော်တို့ရဲ့ဘ၀တစ်လျောက်မှာ ဝေဖန်မှုများစွာကို ကြုံတွေ့ရလေ့ရှိပြန်တယ်။ အဲဒီလုံကြုံတွေ့ရတိုင်းမှာ.. ကျနော်တို့ရဲ့ ဝေဖန်မှုအပေါ်ထားတဲ့ ခံယူချက်တွေလည်း.. တူညီလေ့မရှိကြဘူး..။ တစ်ခါတစ်ရံမှာ တွန်းအားတွေ ဖြစ်နေပေမယ့်.. တစ်ခါတစ်ရံမှာတော့. အတားအဆီးတွေ၊ စိတ်ဓါတ်ကျစရာတွေ ဖြစ်နေတတ်ကြပြန်တယ်..။ တကယ်တော့လည်း.. "ဝေဖန်ခြင်း" ဆိုတဲ့အရာ..ပြောင်းလဲသွားတာမဟုတ်ဘဲ မိမိကိုယ်တိုင်ရဲ့ "ခံယူတတ်မှု" ကသာ ပြောင်းလည်းသွားတာပဲဖြစ်တယ်...။
အဲဒီလို စိတ်ဓါတ်ကျစရာ တွေကို ထင်မြင်ယူဆလာတဲ့အခါ မိမိ..လူမမယ်အရွယ်.. ၀လုံးရေးစဉ်အရွယ်ကတည်းက "သားရဲ့ ၀လုံးလေးက မ၀ိုင်းသေးဘူး.. နောက်တစ်မျက်နှာထပ်ရေးခဲ့" ဆိုတဲ့ ဆရာသမား မိဘတွေရဲ့ ဝေဖန်ချင်းမျိုးနဲ့ အလားသဏ္ဍာန်တူတယ်လို့ နှိုင်းယှဉ်စဉ်းစားသင့်လှတယ်..။ မိမိရန်သူပဲဖြစ်နေပါစေ.. ဝေဖန်ခြင်းကို.. "တွန်းအား" အဖြစ် ပြုပြင်အားမွေးသင့်လှတယ်..
အဲဒီလိုမှမဟုတ်ဘဲ.ဝေဖန်မှုကို ရှောင်ရှားဖို့အတွက်.. တစ်စုံတစ်ခုပြောဆို၊ ကြိုးစား၊ ပြုလုပ်ရမှကို တွန့်ဆုတ်နေခဲ့မယ်ဆိုရင်တော့ ကိုယ့်ဘ၀အတွက် အောင်မြင်ခြင်းဟာ ဝေးသည်ထက် ဝေးရဦးမယ်လို့ဆိုတယ်..။ တစ်နည်းအားဖြင့် လူတိုင်းဟာ ဝေဖန်ခြင်းကို ခံနိုင်သလောက်သာ တိုးတက်ဖွံ့ဖြိုးမယ်လို့ဆိုချင်တယ်..
“To avoid criticism say nothing, do nothing, be nothing.” ဆိုတဲ့ အတွေးအခေါ်ပညာရှင်ကြီး အရစ်စ်တိုတယ်လ်ရဲ့စကားလို.. ဝေဖန်ခြင်းကိုရှောင်ရှားဖို့အတွက်၊ ဘာမှမပြော၊ ဘာမှမလုပ်ပဲ နေခဲ့မယ်ဆိုရင်တော့၊ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး ဆိုတဲ့အချက်ကို..သတိထားဆင်ခြင်သင့်လှတယ်..။
ဝေဖန်ခြင်းမှ ခွန်အားများမွေးမြူနိုင်ကြပါစေ..
(ဖြိုးသုတ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။