ဒီအပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး..။
လှေပျက်ကြီး
ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်မယ်ဆိုရင်
၂နှစ်အတွင်း နော်ဝေးဘာသာစကားနဲ့ နော်ဝေးလူနေမှုဘ၀၊ သမိုင်း၊ နိုင်ငံရေးနောက်ခံ တွေကို
မသင်မနေရ လေ့လာသင်ကြားရပါတယ်။
ဒါကို နော်ဝေးတွေက Introduction Program နော်ဝေးနိုင်ငံအကြောင်း အခြေခံသိကောင်းစရာအစီအစဉ် လို့ဆိုပါတယ်။
၂၀၀၈ခုနှစ်ဆောင်းဦးပေါက်မှာ ကျနော်လည်း အဆိုပါ အင်ထရိုပရိုဂရမ်ကို သင်ကြားလေ့လာပါတယ်။
နော်ဝေးစကား၊ နော်ဝေးစာ၊ နော်ဝေးသီချင်း၊လူမှုရေး၊ ယဉ်ကျေးမှု အနုပညာတွေကို ပြတိုက်တွေ၊
ပြခန်းတွေလက်တွေ့ကြည့်ရှု့လေ့လာရတဲ့ အစီအစဉ်တွေလည်းပါပါတယ်။
တရက်မှာ ကျနော်တို့ ကို သင်တန်းဆရာက အော်စလို ပင်လယ်ကမ်းမြှောင်ကို မေးတင်နေတဲ့ ဗစ်ဒွိုင်း Bygdøy အရပ်ကိုသွားလေ့လာပါတယ်။
အဲဒီမှာ နော်ဝေးရှေးဟောင်းယဉ်ကျေးမှုသမိုင်းပြတိုက်၊
အေဒီ ၈၀၀နဲ့ ၁၀၃၀ကြား ဗိုက်ကင်းခေတ်ပင်လယ်ပြင်စွန့်စားသူများရဲ့သမိုင်း ပြတိုက်၊
ရှေးခေတ် ပင်လယ်ကူးရွက်လှေကြီးတွေ၊ ကွန်တီကီခေါ် သမုဒ္ဒရာကူးဖြတ်ခဲ့တဲ့ ကျူရိုးလှေကြီးနဲ့ပြတိုက်တွေရှိပါတယ်။
နော်ဝေးလူမျိုးတွေရဲ့ ဗိုက်ကင်းခေတ်ပင်လယ်ပြင်ကို ကျော်ဖြတ်ပြီး နယ်မြေသစ်စွန့်စားရှာဖွေပုံ၊ လူနေမှုဓလေ့စရိုက်နဲ့
ယဉ်ကျေးမှု၊ ဇွဲသတ္တိနဲ့ အားမာန်ကို အရင်းတည်ပြီး ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတခုကို
တဆင့်စီတည်ဆောက်လာခဲ့တဲ့သမိုင်းတွေအံ့မခန်းလေ့လာရပါတယ်။
သင်တန်းမှာ အာရှသား ထိုင်း၊ ဗီယက်နမ်၊ပါကစ္စတန်နိုင်ငံသားတွေအပြင် အာဖရိက၊
အရှေ့ဥရောပနိုင်ငံအတော်များများက ပါဝင်တယ်။ တကြိမ်တခေါက်နဲ့ ပြီးပြတ်သွားတာမဟုတ်၊ နောက်တနှစ်၊
နောက်တနှစ် အင်ထရိုဆိုင်ရာ သင်တန်းအစီအစဉ်တိုင်းမကြာခနလေ့လာရတယ်။
စိတ်ဝင်စားသူတွေအတွက် ပျော်စရာကောင်းပေမယ့် ဘာသာစကားမတတ်၊ စိတ်မ၀င်စားသူတွေမှာငြီးငွေ့စရာကောင်းပါတယ်။
တခါတော့ အဲလို ပြခန်းတွေကို မကြာခန ရောက်ဖူးပြီး ငြီးငွေ့နေသူ မြန်မာမိတ်ဆွေတယောက်က ပြန်ပြောတယ်။
“ တခါလာလည်း ဒီလှေပျက်ကြီးတွေ၊ ဒီမြေအိုးခွက်အကျိုးအပဲ့တွေပဲ လိုက်ကြည့်နေရတယ်၊
ကျနော်တို့ ချင်းတွင်းမြစ်ထဲမှာ ဒီလိုလှေမျိုးတွေနဲ့ သွားလာပြီးမြေအိုးမြေခွက်သုံးနေတာ နော်ဝေးတွေမြင်စေ့ချင်တယ်။
ဒါများ အထူးအဆန်းလုပ်ကြည့်နေရသေးတယ်၊ မြန်မာပြည်မှာ ဒါမျိုးလှေပျက်တွေ ပေါမှပေါ” လို့ ဒေါပွပွနဲ့ ပြောချလိုက်တာကြောင့်
ကျနော့မှာ ရီရမလို ငိုရမလို ဖြစ်သွားပါတော့တယ်။
အင်ဖက်တဲ
၁၉၉၄ခုနှစ်လို့ထင်ပါတယ်။ မြန်မာအစိုးရရဲ့ နယ်စပ်ကုန်သွယ်ရေး အထူးကိုယ်စားလှယ်အဖွဲ့
အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က အလည်အပတ်ရောက်လာပါတယ်။ မီဇိုရမ်ပြည်နယ်ဟာ
ချင်းပြည်နယ်နဲ့ကပ်နေသလို ယဉ်ကျေးမှုဓလေ့လည်း တူပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် သွားရောက်ဆွေးနွေးညှိနှိုင်းတာပါ။
မီဇိုရမ်ပြည်နယ် အရာရှိတွေကမြန်မာအရာရှိတွေကို အထူးအစီအစဉ်တခုအနေနဲ့
သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုအကတွေနဲ့ ဖြေဖြော်သလို တောင်ကြားတခုမှာ ရှု့ချင်စဖွယ် ရွာလေးတခုလို
တည်ထားတဲ့ ရိုးရာပြခန်းကြီးတခုကိုလည်း လှည့်လည် ရှင်းပြနေပါတယ်။
မီဇိုလူမျိုးတွေ တချိန်က လူနေမှုဘ၀ နဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးက
စကားပြန်ကတဆင့် ကျကျနနရှင်းပြပါတယ်။ တနေရာမှာတဖက်နိုင်ငံတာဝန်ရှိသူက
အင်ဖက်တဲအိမ်ကြီးတွေဆီခေါ်သွားပြီးပြသပါတယ်။ ဒီအခါနောက်ကနေလိုက်ပါလာတဲ့
မြန်မာကိုယ်စားလှယ်တွေထဲက အရာရှိ ဗိုလ်မှုးတယောက်က သူ့အဖော်တွေကို ခတ်တိုးတိုးပြောလိုက်ပါတယ်။
“ တို့ဆရာကတော့ ပြောသမျှလိုက်နားထောင်ပေးနေရတာ သနားပါတယ်ကွာ၊
ဒါမျိုးတဲအိမ်တွေ တို့ဆီမှာ အများကြီး၊ ဘာစိတ်ဝင်စားစရာမှမရှိဘူး”တဲ့..။ ကောင်းရော။
ဘောင်းဘီဝတ်နာဂ
မြန်မာပြည်အနောက်ဖက်ခြမ်းက နာဂတိုင်းရင်းသားတွေဟာတိုင်းရင်းသားလူမျိုးအနွယ်တွေအကြား
ထူးထူးကဲကဲ စိတ်ဝင်စားစရာ ခေတ်ဟောင်းရိုးရာဓလေ့နဲ့ ခေတ်သစ်လူနေမှုနှစ်ခုကို
မျှတအောင်ထိမ်းသိမ်းနေထိုင်သူတွေဖြစ်တယ်။ လူနေမှုနဲ့ ပညာရေးဘ၀ နိမ့်ကျတဲ့ ဝေးလံခေါင်ဖျား
တောင်ပေါ်အရပ်မှာနေရလို့ ဒီရွာကလူတွေ အတွေးအခေါ်နောက်ကျပြီး
ပညာမတတ်ဖူးလို့ ခြုံငုံပြောလိုက်ရင် လွဲသွားနိုင်တယ်။ နန်းယွန်း၊ လေရှီး၊ လဟယ်ဆိုတာ
လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး အတော်လေးခေါင်တဲ့ဒေသပါ။
ဒါပေမယ့် နှစ်ညအိပ်ခြေကျင်ခရီးနဲ့ အိန္ဒိယ နယ်စပ်အထိ လာပြီး ဈေးရောင်း၊ ဈေးဝယ်၊ ကျောင်းတက်၊နေထိုင်သူအများကြီးပါ။
အိန္ဒိယနိုင်ငံ နာဂလင့်ပြည်နယ်မြို့တော် ကိုဟီးမားနဲ့ ဒုတိယမြို့တော် ဒီမားပူ
၊ မဏိပူရပြည်နယ် မြို့တော် အင်ဖားမြို့မှာမြန်မာပြည်ဘွား နာဂလူမျိုးအများအပြားနေထိုင်တယ်။
ခေတ်မှီပြီး ပညာလည်းတတ်ကြတယ်။ ပြည်နယ်ရုံးသုံးစာစကားအဖြစ် ဒီနေ့အထိ အင်္ဂလိပ်လိုအသုံးပြုတာမို့
လူတိုင်းအင်္ဂလိပ်စကားကျွမ်းကျင်တယ်။ အိန္ဒိယနိုင်ငံသား နာဂလူမျိုးဟာ
အိန္ဒိယမှာ လူဦးရေနည်းပေမယ့် ရာခိုင်နှုံးနဲ့ တွက်ရင် ပညာတတ်အဆင့်က ထိတ်တန်းမှာရှိတယ်။
အိန္ဒိယက နာဂတွေနှစ်စဉ် ဆောင်းဦးပေါက် ကျတိုင်း လုငိုင်းရီး ဆိုတဲ့ ရိုးရာ ကောက်သစ်စားပွဲကျင်းပတယ်။
ရိုးရာဓလေ့ အ၀တ်အစားအသုံးအဆောင်ကနေ ယနေ့ခေတ် ဖက်ရှင်ဝတ်စုံဒီဇိုင်းတွေနဲ့ ပြသတဲ့ဖက်ရှင်ရှိုး၊
ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတတွဲဘက်တီးတာတွေအတော် နားထောင်ကောင်းတယ်။
ပုလွေ၊သားကောင်သားရေနဲ့ ကြပ်ထားတဲ့ ဗုံတို၊ ကြိုးတပ်တူရိယာ၊ ပြောင်ချို၊ ကျွဲရိုင်းဦးချို စတဲ့
တိရိစ္ဆာန်ဦးချိုနဲ့ ပြုလုပ်တဲ့ လေမှုတ်တူရိယာအမျိုးမျိုးနဲ့တီးခတ်တဲ့အသံတွေ၊ ကျေးငှက်နဲ့သဘာဝ သံတွေကို
သံစဉ်ဖန်တီးပြီး ၀ိုင်းဖွဲ့သီဆိုသံတွေဟာ အတော်ဆွဲဆောင်မှုရှိတယ်။
နာဂကောက်သစ်စားပွဲမှာ နာဂလူငယ်တွေက ဘိုးဘွားတွေရဲ့ ရိုးရာဓလေ့အတိုင်းဝတ်ဆင်ပြတဲ့အခါ
မြန်မာတွေမြင်ရင် မျက်စေ့ရှက်ကြလိမ့်မယ်။ ယောင်္ကျားတွေဟာ နံငယ်ပိုင်းလေးတွေ၊
မောင်းအကာ၊ အစွတ်လေးကလွဲလို့ နောက်ကကြည့်ရင် ပြောင်ပြောင်ဟောင်းလောင်း။
သူတို့ကတော့ ခတ်တည်တည်၊ ဘိုးဘွားတွေရဲ့ ယဉ်ကျေးမှုကိုမြတ်မြတ်နိုးနိုး ပြတာဖြစ်တယ်။
ရိုးရာဓလေ့ကိုအမွေလိုထိန်းထားတာ။မိမိတို့ ယဉ်ကျေးမှုအစဉ်အလာအပေါ် ဂုဏ်ယူကြတာဖြစ်တယ်။ရှက်စရာမဟုတ်၊ ဂုဏ်ယူစရာ။
၂၀၀၄ခုနှစ်၊ လဟယ်နယ်လို့ထင်ပါရဲ့၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော်အထောက်အပံ့နဲ့ကျင်းပပေးတယ်။
နာဂတောင်တန်းရဲ့ သဘာဝတောတောင်အလှနည်းနည်းပါးပါးကျန်ပြီး
မျက်နှာနဲ့ ကိုယ်လုံးမှာ တက်တူး၊ ပရဲ၊ ထိုးကွင်းနဲ့ တောရိုင်းတိရိစ္ဆာန်အစွယ်တွေ၊ တောက်ပတဲ့
သင်တိုင်းဝတ်စုံတွေဟာ နိုင်ငံခြားသားဧည့်သည်တွေကိုဆွဲဆောင်ပါတယ်။
စစ်အစိုးရကလေကြောင်းတွေပါစီစဉ်ပေးတယ်။ တယောက် ဒေါ်လာ ၁၅၀၀အကုန်ခံ လည်ပတ်တဲ့ခရီးလည်းဖြစ်တယ်။
ညဦးပိုင်း အစီအစဉ်မှာ နာဂအမျိုးသားတွေ မိမိတို့ရိုးရာဓလေ့အတိုင်း အပေါ်ပိုင်းဗလာ၊
အောက်မှာ နံငယ်ပိုင်း၊ ဖိနပ်ဗလာနဲ့ ကခုန်ပြီး တောင်စောင်းအတိုင်းတက်လာတယ်။
သူတို့ကိုယ်တိုင် အိန္ဒိယမှာ ပွဲတိုးခဲ့ဖူးသူတွေ။ အောက်ပိုင်းပြောင်ပြောင်နဲ့ တက်လာတဲ့ နာဂတွေကို
တာဝန်ရှိတဲ့ စစ်ဘက်အရာရှိတွေမြင်တာနဲ့ ချက်ချင်း တားမြစ်တယ်။
နိုင်ငံခြားသားဧည့်သည်တွေ နဲ့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေရှိလို့ပါတဲ့၊
ဒီပုံစံနဲ့မျက်စေ့ရှက်စရာဖြစ်နေတာမို့၊ လုံလုံခြုံခြုံဝတ်ဆင်လာပါ၊ဘောင်းဘီတိုဝတ်ပြီး
ဘိနပ်လေးတွေတော့ မဖြစ်မနေစီးခဲ့ပါလို့ အမိန့်ပေးသတဲ့..။
နောက်ဆုံးတော့ နာဂရိုးရာဟာ ဘောင်းဘီတို၊ မိတ်အင် ချိုင်းနားစစ်ကင်းဘတ်ဘိနပ်နဲ့ မပီမသ ဖြစ်ကုန်တယ်။
ကြားဖူးနားဝရှိနေတဲ့ မရှိတာထက် မသိတာခက် ဆိုတဲ့စကားလေးရဲ့ လေးနက်မှုကို ပိုမိုစိတ်ဖြာတတ်လာတယ်။
မိမိကိုယ်တိုင် လက်တကမ်းအမြင် ဥာဏ်အတိုအထွာ၊ ဗဟုသုတလေးနဲ့ လူတတ်ကြီးမလုပ်မိအောင်ဆင်ခြင်ရတော့တယ်။
ဘ၀ဆက်တိုင်း မရှိရင်နေပါစေ၊ မသိရတဲ့ကိုယ် နဲ့တော့ ကင်းရပါလို၏လို့သာဆုတောင်းနေမိတော့တယ်။
ကိုညို( အော်စလို)
၀၆သြဂုတ် ၂၀၁၄

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။