Miraculous Master For English Language
မဇ္ဈိမ ။ Wednesday, 08 January 2014 13:01
မြန်မာ့ရုပ်ရှင် နိုင်ငံတကာဈေးကွက်မီဖို့ ဗီဒီယိုဈေးကွက် ဖျက်ပစ်ရမည်ဟု
ဒါရိုက်တာဝိုင်း ပြောကြား
Written by ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
သရုပ်ဆောင်ဘက်ထက် ဒါရိုက်တာပိုင်းတွင် ပိုမိုအောင်မြင်လာသူတစ်ဦးဟု လက်ခံလာခြင်းက သူရိုက်ခဲ့တဲ့ ဇာတ်ကားတိုင်းသည် ဆန်းသစ်ခြင်း၊ ပရိသတ်ကြိုက်နှစ်သက်စွာ အားပေးမှုများ ရရှိခဲ့ခြင်းတို့ကြောင့်ဟုဆိုလျှင် မှားမည်မထင်။ ဒီ့အပြင် သူရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားအများစုဟာ အကယ်ဒမီဆု တစ်ဆုဆုကို ဆွတ်ခူးနိုင်တဲ့ဇာတ်ကားများအဖြစ် ပါဝင်နေခဲ့ခြင်းကို အားလုံးအသိ။ အမြဲတမ်း ပွင့်လင်းစွာဖြင့် အမြင်အတိုင်းပြောတတ်သူဟု လူပြောများတဲ့သူ့ကို မဇ္ဈိမကတွေ့ဆုံပြီး ပွင့်လင်းစွာ စကားဆိုခဲ့ရာတွင် . . .
ဒီနှစ်အကယ်ဒမီပေးပွဲ ကျင်းပခဲ့ပုံနဲ့ပတ်သက်ပြီး ဂယက်တွေဖြစ်သွားတယ်။
အစ်ကို့အမြင်ကရော . . .။
အဓိက,က ကြိုတင်ပြင်ဆင်မှု မရှိတာရယ်၊ ရှေးရိုးစွဲနေကြတာရယ်ကြောင့်ပါ။ ထုံးစံအတိုင်းပါပဲ။ အစ်ကို တို့နိုင်ငံမှာ ဖွတ်တွေရှိနေသရွေ့ ဒီလိုပုံစံတွေပဲ ရှိနေမှာပါ။
ပြောင်းလဲမှုတွေရှိမယ်ဆိုပြီး ဒီနှစ်အကယ်ဒမီအတွက် ပြောခဲ့ပေမယ့် မပြောင်းလဲ နိုင်တာတွေ လည်း ရှိနေသေးတယ်လို့ အစ်ကိုမြင်မိလား။
ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာပြောင်းလဲမှုတွေ ထက်စာရင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု(Mind Sense)ဆိုင်ရာတွေ ပြောင်းလဲဖို့ လိုလာပါပြီ။ ရုပ်ဝတ္ထုဆိုတာက ပိုက်ဆံရှိရင် ပြောင်းလဲ နိုင်ပါတယ်။ အခု ဆီးဂိမ်းတောင် ပိုက်ဆံရှိရင် လုပ်နိုင်ခဲ့တာပါပဲ။ အရေးကြီးတာက အဲဒီ Mind Sense အခုအချိန်ထိ ပြောင်းလဲနိုင်ခြင်း မရှိသေးတာပါ။ အရေးကြီးတာက အခုပေးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာက အဲဒီ Mind Sense တွေ မပြောင်း လဲသေးတာ တွေ့ရှိခဲ့ရတဲ့ပွဲပါပဲ။
ဒီနှစ်မှာ အကယ်ဒမီပွဲတက်တဲ့ အနုပညာရှင်တွေကို အုပ်စုခွဲပြီး နေရာချထားခြင်း အပေါ် အစ်ကို့ အမြင်က . . .။
ဒီနေရာ ထိုင်ခင်းချထားခြင်းကိုတော့ အစ်ကို့အနေနဲ့ နားမလည်လို့ သိပ်ပြီးမဝေဖန်ချင်ပါဘူး။
ဒီနှစ် အကယ်ဒမီပေးပွဲမှာ ဇာတ်ရုံဝင်ပေါက်ကစပြီး ၀င်လာကြသူတွေနဲ့ မင်းသမီး၊ မင်းသားတွေ၊ ရုပ်သံတွေ၊ ပုံနှိပ် မီဒီယာတွေအားလုံး လုံးထွေးပြီး စည်းစနစ်ကျနမှု မရှိခဲ့ဘူးလို့ ပြောဆိုနေကြ ခြင်းအပေါ်ရော . . .။
ပြောရခက်ပါတယ်။ စည်းစနစ်တကျ လုပ်တတ်တဲ့ အဖွဲ့အစည်းက လုပ်တဲ့ပွဲပဲဖြစ်ဖြစ်၊ အစည်းအဝေးပဲ ဖြစ်ဖြစ် အသေးအဖွဲကအစ စည်းစနစ်တကျမြင်ရပြီး ပရမ်းပတာနိုင်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဘယ်အရာ မဆို အဲဒီလိုပဲမြင်ရမှာ ကျိန်းသေပါပဲ။ နောင်နှစ်မှာ ရုပ်ရှင်အစည်းအရုံးက ပရမ်းပတာနိုင်တာပဲ ဖြစ်ဖြစ်၊ စည်းစနစ်ကျတာပဲ ဖြစ်ဖြစ် မြင်ရရင်တော့ ဒါဟာ ရုပ်ရှင်အစည်း အရုံးရဲ့ပုံရိပ်ပါပဲ။ ပြောင်းလဲမှုတွေရှိလာ ရင်တော့ ကောင်းတာပေါ့။ အကောင်းဆုံးကိုတော့ မျှော်လင့်မိပါတယ်။
မြန်မာ့ရုပ်ရှင် အာရှကို လွှမ်းမိုးရမယ်ဆိုတဲ့အချက်ကို ယခုနောက်ပိုင်း ဘယ်လို မြင်မိလဲ။ ဒါရိုက် တာတစ်ယောက်အနေနဲ့ပေါ့ . . .။
အစ်ကို့အနေနဲ့တော့ နောက်သုံးနှစ် အတွင်းမှာတောင် မဖြစ်နိုင်သေးပါဘူး။ သုံးနှစ် (သို့) ၁၀နှစ်အတွင်း မှာတောင် မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ ရုပ်ရှင်ရုံပေါင်း ၅၀၀ မရှိနိုင်သရွေ့ မဖြစ်နိုင်သေးဘူးလို့ ထင်ပါတယ်။ အရှေ့တောင်အာရှကိုတောင် ခရီး မဆက်နိုင်သေးပါဘူး။ ရုပ်ရှင်ရုံ ၅၀၀ ဆိုတဲ့ ဈေးကွက် မရှိသေးသရွေ့ပေါ့။ အဲဒီလိုရှိမှသာလျှင် အရှေ့တောင်အာရှ (သို့)အာရှ ကိုဝင်နိုင်တဲ့ တန်းရှိတဲ့ကားမျိုးရှိမှသာ ရိုက်လို့ရမှာပါ။ အဲဒီလို ဘတ်ဂျက်မရှိသရွေ့ နှစ်ပေါင်း ၃၀ နေမှ ထွက်လာတဲ့ ကားကောင်း တစ်ကားကို နိုင်ငံတကာသွားနိုင်မယ်လို့ ပြောရင် မရနိုင်ပါဘူး။
အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးလာခြင်းအပေါ် ဘယ်လိုမြင်လဲ။ ခေတ်ရေစီးကြောင်း အရ ဖြစ်လာတယ်လို့ ဆိုချင်လား . . .။
အဓိက,က ဇာတ်လမ်းတွဲဆိုတာက နောက်ပိုင်းမှာ ကွင်းသစ်မှာ အစမ်းသဘောမျိုး သွားကန်ကြရတဲ့ သဘောမျိုးပါပဲ။
မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ်တွေ ကြည့်ရှုနှုန်း နည်းပါးနေသေးတယ်။ကိုရီးယားကားတွေ သာ လွှမ်းမိုးနေဆဲ ဖြစ်နေတာ ဘာကြောင့်လဲ . . .။
အမှန်အတိုင်းပြောရရင် အစ်ကိုတို့ နိုင်ငံမှာ အရာရာကို စည်းစနစ်တကျ ပြင်ဆင်နိုင်တဲ့ အလေ့အကျင့် မရှိလို့ ဒီဒဏ်တွေကို ခံစားနေကြရမှာပါ။ ဘာလို့လဲဆိုတော့ အစ်ကိုတို့ ရိုက်ကွင်းပေါ်ရောက်မှ ဇာတ်ညွှန်း ရေးတယ်။ ဘာမှလည်း မပြင်ဆင်ထားဘူး။ ဘာမှလည်း စူးစမ်းထားမှု မရှိဘူး။ လူတွေရဲ့ကြည့်နှုန်း ဘယ် လိုရှိတယ်ဆိုတာကို မသုံးသပ်နိုင်သရွေ့၊ မပြင်ဆင်နိုင်သရွေ့ ဒီဒဏ်တွေကို ခံစားကြရမှာပါပဲ။ အများကြီး ရှေ့ဆက် ဒီလိုဖြစ်နေဦးမှာပါပဲ။
မြန်မာနိုင်ငံက ဇာတ်ညွှန်းတွေ နိုင်ငံတကာလိုဖြစ်ရအောင် ဘယ်လိုပြင်ဆင်ဖို့ လိုအပ်လဲ။
အစ်ကိုပြောမယ့်စကား မှားမယ်မထင်ပါဘူး။ နိုင်ငံကာကို မီဖို့ဆိုရင်တော့ ဗီဒီယိုလောကကို ဖျက်ပစ်မှပဲ ရမယ်ထင်ပါတယ်။ နောက်မို့ဆိုရင် ကျန်တဲ့စကား ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီဗီဒီယိုလောက ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုဆိုတဲ့အပိုင်းတွေ ဘာမှလုပ်လို့မရပါဘူး။
မြန်မာနိုင်ငံက အထင်ကရရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ဖို့ ပြည်ပကဒါရိုက်တာကို ကမ်းလှမ်း တော့ ဇာတ်ညွှန်းပိုင်းဆိုင်ရာတွေမှာ မှားယွင်းတဲ့အယူအဆ တွေရှိခဲ့တယ်။ ဒါကြောင့် ဒါရိုက်တာ တွေ၊ ဇာတ်ညွှန်းဆရာတွေလည်း ဘယ်လို သင်တန်းတွေ၊ လေ့လာမှုတွေ လုပ်သွားဖို့ လိုနိုင်လဲ။
ဟုတ်ပါတယ်။ ဇာတ်ညွှန်းမှ မဟုတ်ပါဘူး၊ အကုန်လုံးပါပဲ။ အကုန်လုံးကို မြေလှန်ပစ်မှ ရမှာပါ။ ပြုပြင် ပြောင်းလဲမှုတွေ ရှိလာသင့်နေပါပြီ။
ဒါဆို ကိုယ်တိုင်ကရော ဇာတ်ညွှန်းတစ်ခုကို ဖန်တီးရင် အချိန်ဘယ်လောက် ယူတတ်လဲ။ နောက် ပြီး ကိုယ်တိုင်ဖန်တီးသမျှကိုရော ယုံကြည်မှုရှိတဲ့ သူလား။
အစ်ကို ဇာတ်ညွှန်းတစ်ခုရေးရင် အနည်းဆုံး ငါးလ (သို့) ခြောက်လလောက် ထားတယ်။ အစ်ကို စိတ် ကြိုက်မရှိသရွေ့ မရိုက်သေးပါဘူး။ အစ်ကို ဖန်တီးထားသမျှ ကြိုက်ခြင်း၊ မကြိုက်ခြင်းကို ပရိသတ်အား မေးကြည့်ရင် အဖြေထွက်လာမယ်လို့ ထင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။