ကို စိန်သန်း
မျှော်လင့်ချက်ပန်းများ ပွင့်လန်းလာနိုင်ပါ့မလား ... နှစ်သစ်
( The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် )
( The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် )
နှင်းတွေသည်းထန်လွန်းရင် ပဲပင်လေးတွေ မရှင်သန်နိုင်ဘူး။
ဘားတော့ဘရက် (ဂျာမန်ကဗျာဆရာ)
‘အနာဂတ်အတွက်ကဗျာ’ ဟူသော အမည်ရှိ ကဗျာစာအုပ်တွင် ဖော်ပြခဲ့သော “ကလေးတွေ အမေပျောက်စဉ်က” ခေါင်းစဉ်ပါ ကဗျာမှ ဂျာမန်ကဗျာဆရာ ဘားတော့ဘရက်၏ စာသားက မျှော်လင့်ချက်များနှင့် ပတ်သက်၍ အမှတ်ရစရာဖြစ်သည်။ ကမ္ဘာစစ်အတွင်း မိခင်ပျောက်၍ ခိုကိုးရာမဲ့နေသော ဒုက္ခသည် ကလေးငယ်များအကြောင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။
ခေတ်များ၊ စနစ်များ ပြောင်းလဲလာသည့် အခါတိုင်း၊ နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း၊ လူတိုင်း၏ မျှော်လင့်ချက်များ အသစ်တစ်ဖန် ရှင်သန်နိုကြား လာတတ်သည်။ သို့သော် ဖြစ်ပေါ်ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်စဉ်များက ၎င်းတို့ထင်မှတ်ထားသည့်အတိုင်း ဖြစ်မလာသည့်အခါ အညွန့်လူလာသည့် မျှော်လင့်ချက်များ ညှိုးနွမ်းခြောက်သွေ့ သွားရလေသည်။
ဖြစ်ပေါ်ပြောင်းလဲမှု များစွာ၏ ဆင့်ကဲဖြစ်စဉ်များတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် ၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံအတွက် နောက်ထပ်မျှော်လင့်ချက်များ သယ်ဆောင်လာသော နှစ်တစ်နှစ်ဟု ယခင်နှစ်များနည်းတူ မျှော်လင့်ကြသည်။ အထူးသဖြင့် အထွေထွေ အဆင်မပြေမှုများနှင့် ဖိစီးလာသော ပြည်သူများ၏ မျှော်လင့်ချက်က ပိုမိုကြီးမားသည်။ ထို့အတူ မိမိတို့၏ ဖိစီးမှုများ၊ မတရား ခံရမှုများအတွက်၊ မိမိတို့ကိုယ်တိုင် ကျော်လွှားရန်၊ ရင်ဆိုင်ရန် ပိုမိုအားထုတ်လာကြသည်။ ၂၀၁၃ ခုနှစ်ကတည်းက အရှိန်ရခဲ့သော မတရားမှုများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း အလေ့အထက ပိုမိုအသားကျ လာကြခြင်းဖြစ်သည်။
မတရား မြေသိမ်းခံရမှုများကြောင့် ဆန္ဒပြကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉(ဃ)နှင့် (စ) အား ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆန္ဒပြကြသည်။ တရားစီရင်ရေး၏ တရားမျှတခြင်း မရှိမှုအပေါ် ဆန္ဒပြကြသည်။ အားလုံးသည် အမှန်တရားနှင့် ရပိုင်ခွင့်အတွက် အသီးသီး ဆန္ဒပြနေကြခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဆန္ဒပြခြင်းသည် နှင်းများကျဆင်းနေသည့်အကြား ပဲပင်ကလေးများ ရှင်သန်နိုင်ရန် ရုန်းကန်ကြိုးစားမှုပင်ဖြစ်သည်။ သို့သော် ဘားတော့ဘရက်၏ ကဗျာထဲမှ စာသားကဲ့သို့ နှင်းများသည်းထန်လွန်းပါက ပဲပင်လေးများ ရှင်သန်ရန် ခက်ခဲနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် အကောင်းအဆိုး ဒွန်တွဲနေရာ အကောင်းထက် အဆိုးများနေပါက ရလဒ်ကောင်းများအဖြစ် မယူဆနိုင်ဘဲ မျှော်လင့်ချက်များ ဆက်လက်ရှင်သန်ရေး ခက်ခဲနိုင်သည်။ မျှော်လင့်ချက် ကုန်ခန်း၍ ဖြစ်လိုရာ ဖြစ်စေတော့ဟု သဘောထားသည့်သူများ များပြား၍လာခြင်းသည် နိုင်ငံအတွက် ကြီးမားသည့် အန္တရာယ်တစ်ရပ်ဖြစ်သည်။ ထိုသူတို့သည် မည်သည့်အရာကိုမှ အကောင်းမြင်နိုင်တော့မည် မဟုတ်သကဲ့သို့ ကောင်းသည့်အလုပ်ထက် ဆိုးသည့်အလုပ်များကိုသာ လုပ်ဆောင်နိုင်ခြေ ပို၍များသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် မညီမျှမှုများ၊ မတရားမှုများ ကြီးထွားနေပါက ဆန္ဒပြမှုများ ဖြစ်ပေါ်နေမည်ဖြစ်ပြီး ဆန္ဒပြခွင့် မရှိပါက မျှော်လင့်ချက် ကုန်ခန်းသွားသူများ များသည်ထက် များလာမည်ကို သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ထုတ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။