Nyein Chan Win with Lawin War and 47 others
ဆုံးဖြတ်မစောပါနဲ့
==========
==========
တစ်ခါက ဆရာဝန်တစ်ဦးဟာ အရေးပေါ်ခွဲစိတ်ဖို့ ဖုန်းဆက်ခေါ်လို့ ခွဲစိတ်ခန်းဆီ အပြေးရောက်လာပါတယ်…။ လူနာကောင်ကလေးရဲ့  ဖခင်ဟာ ခွဲခန်းရှေ့ မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဆရာဝန်အလာကို စောင့်မျှော်နေပါသတဲ့…။
လူနာရှင်ဖခင်ဖြစ်သူဟာ ဆရာဝန်ကိုမြင်မြင်ချင်း ဒေါသတကြီး ဆီးပြောတယ်…

“ ခင်ဗျားဘာလို့ ဒီလောက်ကြာနေရတာလဲ…ကျုပ်သားသေလုမျောပါးဖြစ်နေတာ မသိဘူးလား…ခင်ဗျားမှာ တာဝန်သိစိတ်လေး နည်းနည်းတောင်မရှိဘူးလား…”
ဆရာဝန်ကပြုံးပြပြီးပြန်ပြောတယ်…
“ စိတ်မရှိပါနဲ့ …ကျနော်ဆေးရုံမှာမရှိလို့ပါ…ကျနော်သိသိချင်း အမြန်ပြေးလာခဲ့တာပါပဲ…ခုချိန်မှာ နောင်ကြီးစိတ်အေးအေးထားပေးပါ…ဒါမှကျနော် အလုပ်အပေါ်အာရုံစိုက်နိုင်မှာ…”
“ ဘာဗျ…စိတ်အေးအေးထားရမယ် ဟုတ်လား…ခုခွဲခန်းထဲက ကလေးက ခင်ဗျားသားဆို ခင်ဗျားရော စိတ်အေးအေးထားနိုင်မှာလား…ခုနေချိန်များ ခင်ဗျားသား သေသွားရင် ခင်ဗျားဘာလုပ်မလဲ…”
လို့ ဒေါသတကြီးနဲ့ ပြောပါတယ်…။ ဆရာဝန်ကတော့ ပြုံးပြပြီးဒီလိုပြောပြန်ပါတယ်…။
“ အရာရာကံစီမံရာဖြစ်ရတာပါပဲ…ကံမပါရင် ကျနော်တို့ ဆရာဝန်တွေကလည်း လူတွေအသက်ကို ဆွဲဆန့်ထားလို့မရပါဘူး…အကောင်းဆုံးကတော့ နောင်ကြီး စိတ်အေးအေးထားပြီး လူနာအတွက် မေတ္တာပို့ပေးပါ…ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတာပေါ့…”
ဆိုတော့ လူနာရှင်ဖခင်က မကျေမနပ်ပြန်ပြောတယ်…
“ကိုယ်တိုင်အရေးမကြုံသူအဖို့တော့ သူများကိုနှစ်သိမ့်ရတာ လွယ်တာပေါ့…”
ဒီလိုနဲ့ ဆရာဝန်ဟာ ခွဲစိတ်ခန်းထဲဝင်သွားပြီး အချိန်အတော်ကြာတဲ့အခါမှာတော့ ပျော်ရွှင်စွာပြန်ထွက်လာပါတယ်…။ လူနာရှင်ဖခင်ကို…
“ခင်ဗျားတော်တော်ကံကောင်းတယ်ဗျာ…ခုခင်ဗျားသားအတွက်စိုးရိမ်စရာမရှိတော့ပါဘူး…မေးစရာရှိရင် ကျနော့ သူနာပြုမလေးကို မေးပါ..”
လို့ဆိုပြီး လူနာရှင်ဘာမှပြန်မပြောခင် အလောတကြီးဆေးရုံကနေ ထွက်ခွာသွားပါတယ်…။
လူနာရှင်ဖခင်ဟာ သူနာပြုမလေးကို တွေ့တော့ ..
“ နင်တို့ ဒေါက်တာက မာနကြီးလှချည်လား… လူနာအခြေအနေလေးမေးဖို့တောင် နည်းနည်းလေးမစောင့်နိုင်ဘူး…”
ဆိုတော့… သူနာပြုမလေးက ဟန်မဆောင်နိုင်ဘဲ မျက်ရည်တွေစီးကျလာပြီး ပြောတယ်…
“ ဒေါက်တာရဲ့ သားလေး မနေ့က ကားအက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားတယ်…ရှင့်သားအတွက် အရေးပေါ်ခွဲစိတ်ဖို့ ဖုန်းခေါ်တော့ သူက သူ့သား ဈာပနမှာလေ…ခု ရှင့်သားအသက်ကို ကယ်တင်ပြီးသွားလို့…သူ့သားဈာပနအဆုံးသတ်ဖို့အတွက် ပြန်သွားတာ…”
## ဘယ်သူ့ကိုမှ ကိုယ့်စိတ်ထင်တဲ့အတိုင်းမဆုံးဖြတ်လိုက်ပါနဲ့…
သူတို့ဘဝက ဘယ်လို… သူတို့ဘာတွေဖြစ်နေတယ်ဆိုတာ မင်းမသိနိုင်ဘူးလေ…##
Nyein Chan Win စကားလုံးဖလှယ်သည်...
ref ; http://rishikajain.com
.................................

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။