ဆေးပညာဆိုင်ရာဆောင်းပါးများ
အနာဂတ်အတွက် ၀ိုင်ယာကြိုးမဲ့ နှလုံးအကူခုန်စက် Pacemaker
==================================
==================================
အမေရိကန်နိုင်ငံမှ Nanostim (Milpitas, CA) ကုမ္ဗဏီရဲ့  နှလုံးအကူခုန်စက် pacemaker အသစ်တစ်မျိုးဟာ နှလုံးခုန်မူမမှန်ခြင်းကို ထိန်းချုပ်တဲ့ စက်တွေထဲမှာတော့ တော်တော်လေးကို ရှေ့ပြေးတဲ့ တီထွင်မှုတစ်ခုပဲလို့ ဆိုရပါလိမ့်မယ်။ ယခုအခါမှာဆိုရင်တော့ ဥရောပယူနီယံ EU မှာသုံးဖို့ ခွင့်ပြုချက်ကို ရရှိသွားပါပြီ။
...
...
ထူးခြားတဲ့ အချက်ကတော့ Nanostim က တခြားနှလုံးအကူခုန်စက် pacemaker တွေလို အတွင်းမှာ ၀ိုင်ယာကြိုးတွေ မလိုတော့ပါဘူး။ သာမာန် နှလုံးအကူခုန်စက် pacemaker တွေ ကိုယ်ထဲကို ထည့်တဲ့ အခါ အရေပြားကို စက်ထည့်ဖို့နေရာအတွက်လှီး၊ နှလုံးအကူခုန်စက် pacemaker စက်ကိုထည့်၊ နှလုံးနဲ့ စက်ကို ၀ိုင်ယာကြိုးနဲ့ဆက်ရပါတယ်။ ပြောရတာ လွယ်သလောက် လုပ်ရတာ မလွယ်လှပါဘူး။ နှလုံးအကူခုန်စက် pacemaker စက်နဲ့ ၀ိုင်ယာကြိုးတွေ နှလုံးအခန်းတွေထဲ ထည့်ရတဲ့အခါ ပြသနာအမျိုးမျိုးလည်းဖြစ်နိုင်ပါသေးတယ်။
ရောဂါပိုးတွေဝင်တတ်တယ်၊ ၀ိုင်ယာကြိုးတွေ ပြတ်သွားတတ်တယ်၊ ပြုတ်လည်းထွက်တတ်ပါတယ်၊ အဆုတ်လည်းပေါက်ပြီး အဆုတ်အကာထဲကို လေ၀င်တာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။ မကြာသေးမီကတင် St. Jude's ကုမ္ဗဏီက ၀ိုင်ယာကြိုးတွေကို ပြန်သိမ်းပြီးစစ်ဆေးတာတွေလုပ်လို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရပါသေးတယ်။
ယခု အသစ်တီထွင်လိုက်တဲ့ ၀ိုင်ယာကြိုးမဲ့ Nanostim စက်ကတော့ နှလုံးရဲ့အတွင်းထဲမှာ ထည့်လို့ရအောင်ကို သေးပါတယ်။ Nanostim စက်ဟာ သာမာန်နှလုံးအကူခုန်စက် pacemaker စက်တွေထက်ကို ၁၀ ဆလောက် ငယ်ပါတယ်။ သူ့ရဲ့  အရွယ်က ဘောပင်တစ်ချောင်းရဲ့  အဖုံးသာသာလောက်ပဲ ရှိတာပါ။ စက်ထဲမှာပါတဲ့ ဓာတ်ခဲက ၈ နှစ်ကနေ ၁၇ နှစ်အထိ သက်တမ်းခံနိုင်ပါတယ်။
ပထမဆုံး နှလုံးအကူခုန်စက် pacemaker ကို ၁၉၅၈ ခုနှစ်က စပြီးသုံးခဲ့တာပါ။ အဲဒီကတည်းကစပြီး တိုးတက်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ စက်တွေက ကောင်းလာပေမဲ့လည်း ၀ိုင်ယာကြိုးတွေကတော့ သုံးနေရပါသေးတယ်။
Nanostim နှလုံးအကူခုန်စက် pacemaker ကိုတော့ ခွဲစိပ်စရာမလိုပဲ သွေးကြောပိုက်ကတစ်ဆင့် နှလုံးထဲကို တိုက်ရိုက်ထည့်နိုင်ပါတယ်။
မကြာသေးမီကပဲ နှလုံးအကူခုန်စက် pacemaker တွေထုတ်လုပ်တဲ့ St. Jude ကုမ္ဗဏီက Nanostim ကုမ္ဗဏီကို ဒေါ်လာ ၁၂၅ သန်းနဲ့ ၀ယ်မယ်လို့ ကြေညာခဲ့ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ
မြန်မာနှလုံးဖောင်ဒေးရှင်း https://www.facebook.com/pages/Myanmar-Heart-Foundation/560619810651716

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။