Nine Nine Sanay @ နိုင်းနိုင်းစနေ
(၅) စာဖတ်ခြင်းရဲ့အကျိုးကို ခင်ဗျားမကြာခဏပြောတယ်နော်။ အခုခေတ်ကျောင်းသားတွေက အင်တာနက်ဂိမ်းကိုပဲ ရူးသွပ်ခုံမင်နေကြတယ်။ ကြာလေ စာဖတ်တာကိုမနှစ်သက်လေ ဖြစ်ကြတယ်။ ဒီလို အခက်အခဲမျိုးကို ခင်ဗျားကြုံဖူးလား၊ ခင်ဗျားဆိုရင် ဘယ်လိုအဖြေရှာမလဲ။
Rafe Esquithး စာဖတ်ခြင်းက အရမ်းအရေးပါပါတယ်။ ဆရာပြောတာမှန်ပါတယ်... အရင်ခေတ်ကလို စာအုပ်တစ်အုပ်၊ ဘောလ်ပင်တစ်ချောင်းဆိုတဲ့ခေတ် မရှိတော့ပါဘူး။ အခုခေတ်က အနှောင့်အယှက်အမျိုးမျိုးနဲ့ ကြုံရတဲ့ခေတ်ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ အချိန်မိနစ်၉ဝအသုံးပြုပြီး ကျောင်းသားတွေနဲ့ စာအတူဖတ်ပါတယ်။ ကျောင်းစာမဟုတ်တဲ့ စာပေတွေကိုဖတ်ပါတယ်။ သူတို့ကိုယ်တိုင်ဖတ်ခိုင်းရင် ဖတ်ဖို့သူတို့စိတ်မဝင်စားပါဘူး။ ဒါကြောင့် ကျောင်းသားတွေနဲ့အတူ စာတစ်ကြောင်း၊ စာတစ်လုံး အတူရွတ်ဆိုဖတ်ပါတယ်။ ကလေးက နေ့တိုင်းတီဗွီပဲကြည့်တယ် စာမဖတ်ဘူးဆိုရင် ကျွန်တော်တို့က တီဗွီပိတ်လိုက်တာ၊ တီဗွီကိုနေရာရွေ့တာကို အတင်းအဓမ္မလုပ်တတ်ပါတယ်။
ဒါက လူကိုအနိုင်ကျင့်တဲ့နည်းပါ။ တကယ့်ပညာရေးက ကလေးတွေကိုယ်တိုင် တီဗွီကိုနေရာရွေ့ဖို့ သင်ကြားပေးတာဖြစ်တယ်။ ကလေးတွေနဲ့ ကျွန်တော်လေ့လာရေးထွက်တုန်းက ကျွန်တော်တို့တည်းခိုခန်းမှာ တီဗွီကြည့်လို့ရတယ်။ ဒါပေမယ့် သူတို့က စာဖတ်တာကိုပဲ နှစ်သက်ကြတယ်။ သူတို့နဲ့အတူ ကျွန်တော်စာလိုက်ဖတ်လို့ပါပဲ။
(၆) ဆရာတွေကလည်း လူပါပဲ.. နတ်ဘုရားမဟုတ်ဘူး.. ဒါကြောင့် တစ်ခါတလေ ဒေါသထွက်တတ်တယ်။ ခင်ဗျားရဲ့စာသင်ခန်းအမှတ် ၅၆မှာ ကျောင်းသားတွေအပေါ် ဒေါသထွက်တာရှိတတ်သလား။ ခင်ဗျားကို ဒေါသထွက်စေတဲ့အခြေအနေကို ခင်ဗျားဘယ်လိုဖြေရှင်းသလဲ။
Rafe Esquithး ကျွန်တော့်ကျောင်းသားတွေ ကျွန်တော်ကိုနေ့တိုင်းဒေါသထွက်စေပါတယ်။ ဒေါသထွက်အောင်လုပ်တဲ့အရာကလည်း မယုံနိုင်စရာပဲ။ ကျွန်တော်တို့ တစ်နှစ်တစ်ခါ အနုပညာအလုပ်တစ်ခု လုပ်ပါတယ်။ နှစ်တိုင်းအောင်မြင်တယ်။ လုပ်တာ နှစ် ၃ဝရှိပါပြီ။ အဲဒီအနုပညာအလုပ်က ပျဉ်ချပ်ပေါ်မှာ အရုပ်ရေးဆွဲတာဖြစ်တယ်။ ဒီတစ်နှစ်ကျောင်းဖွင့်စမှာ ကျောင်းသားတစ်ယောက်က အရုပ်ရေးဆွဲမယ့်ဆေးရည်ကို သောက်ပစ်လိုက်တယ်။ ကျွန်တော်အရမ်း ဒေါသထွက်မိတယ်။ ဒါပေမယ့် အဲဒီအဖြစ်ကနေ ကျွန်တော်အတွေ့အကြုံတစ်ခုကို ရလိုက်တယ်။ ကျောင်းသားရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ချင်ရင် ကျွန်တော့်ရဲ့စိတ်ခံစားချက်ကို အရင်ထိန်းချုပ်ရမယ်ဆိုတာပါပဲ။
ကျွန်တော်ဒေါသထွက်တိုင်း သူတို့က ကျွန်တော်မျှော်လင့်ထားတဲ့သူအဖြစ် ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့ကို ကြင်နာတတ်သူ လူကောင်းဖြစ်စေချင်ပြီး ကျွန်တော်က အော်ကြီးဟစ်ကျယ်လုပ်နေတယ်ဆိုရင် ဒါဟာ အပြောနဲ့အလုပ် မညီတာပဲ။ ဒါကြောင့် ကျွန်တော့်အသံကို ကျွန်တော်ဘယ်တော့မှမမြင့်ဘူး။ အသံမြင့်တိုင်း ကျောင်းသားအတွက် ဘာအသုံးမှမဝင်လို့ပဲ။ စစချင်းလူရွယ်အချိန်တုန်းက သူတို့ကို ကျွန်တော်အော်ငေါက်ခဲ့ဖူးတယ်။ ဒီလိုအော်ငေါက်ခြင်းအားဖြင့် ကျောင်းသားတွေတတ်သွားတာတစ်ခုက ကျွန်တော့်ကိုသူတို့ ကြောက်ရွံ့သွားတာပါပဲ။ တကယ်လို့ ကျွန်တော်တည်ငြိမ်ရင် စာသင်ခန်းလည်းတည်ငြိမ်တယ်။ တကယ်လို့ သင့်ခံစားချက်ကို အကောင်းဆုံးဖြစ်အောင် သင်ထိန်းညှိနိုင်ရင် ထူးဆန်းအံ့သြဖွယ်တွေဖြစ်ပွားတာကို သင်တွေ့ပါလိမ့်မယ်။
(၇) တရုတ်နိုင်ငံမှာ ဒီလိုပြောစကားတစ်ခွန်းရှိတယ်။ "အမေရိကန်ရဲ့ အခြေခံပညာရေးက ဖြစ်ကတတ်ဆန်းပဲ၊ ဒါပေမယ့် နိုဘယ်လ်ဆုရှင်တွေ မွေးထုတ်ပေးနိုင်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ အခြေခံပညာရေးက ခိုင်မာတယ်။ ဒါပေမယ့် နိုဘယ်လ်ဆုရသူ မရှိခဲ့ဘူး"။ ဒါနဲ့ပတ်သက်တဲ့ ခင်ဗျားအမြင်ကိုပြောပါဦး
Rafe Esquithး ကျွန်တော်ဆုတော်တော်များများ ရခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဘယ်လိုအဓိပ္ပာယ်မှ ကိုယ်စားမပြုဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်သမီးက နာမည်အရှိဆုံး ဆေးတက္ကသိုလ်မှာ ကျောင်းတက်နေတယ်။ သူ့ဆရာက နိုဘယ်လ်ဆုရှင်ပဲ။ ဒါပေမယ့် သူ့စရိတ္တမကောင်းဘူး။ ဒါကြောင့် ဆုရတာ ဘာအဓိပ္ပာယ်မှမရှိဘူး။ ကျောင်းသားတွေနဲ့ ကျွန်တော်နှစ်တိုင်း ပြဇာတ်ကတယ်။ ဒီပြဇာတ်ကို အနယ်နယ်အရပ်ရပ်က လာကြည့်ကြတယ်။ ရက် ၃ဝကတယ်။ ပြဇာတ်ပြီးရင် ကျွန်တော်ဆုမချတတ်သလို ပျော်ပွဲရွှင်ပွဲတွေလည်း လုပ်မပေးတတ်ဘူး။ ဒီပြဇာတ်ကနေတာကိုကပဲ ဆုချီးမြှင့်တာ၊ ပါတီလုပ်နေတာလို့ ကျွန်တော်ထင်တယ်။ အမေရိကန်နဲ့တရုတ်ရဲ့ ပညာရေးမှာ ပြဿနာအမျိုးမျိုးရှိနေပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဆုကြောင့်တော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။
(၈) ခင်ဗျားအတန်းက ကျောင်းသားအများစုက ဆင်းရဲသားမိသားစုကလာတယ်လို့ သိရတယ်။ အခြေအနေရင်းမြစ်တွေ ခြားနားတယ်လို့ဆိုရမယ်။ ဒါပေမယ့် ဒီကျောင်းသားတွေဟာ နောက်ပိုင်းမှာ လူတွေအံ့သြစေနိုင်လောက်အောင် ပြောင်းလဲသွားကြတယ်။ ကျောင်းသားတော်တော်များများဟာ ဟားဗတ်တက္ကသိုလ်လို နာမည်ကြီးတက္ကသိုလ်တွေ ဝင်ခွင့်ရခဲ့ကြတယ်။ ခင်ဗျား ဘာလုပ်လိုက်လို့ ခင်ဗျားကျောင်းသားတွေ ဒီလောက်ပြောင်းလဲသွားတာလဲ။
Rafe Esquithး ကျွန်တော်ကျောင်းသားတွေက ညအချိန်မှာ သေနတ်သံကြားရတတ်တဲ့ ရပ်ကွက်သေးလေးတွေက လာတဲ့ကျောင်းသားတွေပါ။ သူတို့မိဘတွေကလည်း တက္ကသိုလ်မတက်ဖူးသလို စာမဖတ်သူတွေပါ။ ကျွန်တော့်စာသင်ခန်းမှာ အရမ်းအရေးပါတဲ့ အကူတွေရှိကြတယ်။ သူတို့က ကျွန်တော်ရဲ့အရင်ကျောင်းသားတွေပါ။ သူတို့က ကျွန်တော်ကို လာကူတတ်တယ်။ နေ့စဉ်ကျောင်းဆင်းတိုင်း ကျွန်တော်က တံခါးပေါက်ဖွင့်ထားလိုက်တယ်။ အထက်တန်းရောက်သွားကြတဲ့ ကျောင်းသားတွေ၊ တက္ကသိုလ်ရောက်သွားကြတဲ့ ကျောင်းသားတွေ ပြန်လာတတ်ကြတယ်။
ကျွန်တော်တို့လူကြီးတွေက ကလေးတွေအတွက် စိတ်ကူးအမြင်တွေ ဖန်ဆင်းပေးရတာကို နှစ်သက်တယ်... ဒါပေမယ့် ကလေးတွေက သူတို့စိတ်ကူးသူတို့ရှိကြတယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တာဟာ အဲဒီလောက်အရေးမပါဘူး... စရိုက်လက္ခဏာကသာ အမှတ်စာရင်းထက်ပိုအရေးပါပါတယ်။ ရိုးသား ရည်မွန်တာဟာ စာမေးပွဲရမှတ်ထက် အရေးပါပါတယ်။ လူတွေက ကလေးတွေကို ရက်တိုတိုအတွင်းမှာ အကုန်လုံးသိတတ်စေချင်ကြတယ်။ ကျွန်တော်က မလောဘူး။ အပတ်စဉ်စာမေးပွဲကို ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်ဂရုစိုက်တာက ဒီကလေးတစ်ယောက် နောင်၁ဝနှစ်မှာအသုံးပြုနိုင်မယ့် အရည်အချင်းပဲဖြစ်တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။