မော်ဒယ်လ် လောကတွင် ထိပ်တန်း မော်ဒယ်လ် တစ်ယောက် အဖြစ် နာမည် ကျော်ကြား လာသော ကချင် တိုင်းရင်းသူ မော်ဒယ်လ် M ဆိုင်းလူနှင့် တွေ့ဆုံပြီး လတ်တလော အနုပညာ လှုပ်ရှားမှုများ၊ မော်ဒယ်လ်လောက အလားအလာ၊ အွန်လိုင်း ပေါ်မှ မော်ဒယ်လ်များ၏ ဓာတ်ပုံများ အပေါ် သူ၏ အမြင်ကို The Voice က မေးမြန်း ထားခြင်း ဖြစ်သည်။
Voice : M ဆိုင်းလူရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုကို သိပါရစေ။MSL : အခုက ညီမ မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက် ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ ကမ်းလှမ်း လာတဲ့ ရှိုးတွေ လျှောက်ဖြစ်ပါတယ်။
Voice : ဖက်ရှင်ကျတော့ ဘယ်လို ပုံစံမျိုးကို ကြိုက်နေလဲ။
MSL : အခုကတော့ အပေါ်က ရိုးရိုးရှပ် အင်္ကျီ၊ ဒါမှမဟုတ် စွပ်ကျယ်နဲ့ အောက်က ဂျင်းဘောင်းဘီ ဝတ်ရတာကို သဘောကျ နေတယ်။
Voice : ကိုရီးယားမှာ သွားပြိုင် တုန်းက ဒီကမော်ဒယ်လ် လောကနဲ့ မတူတဲ့ ဘယ်လို ကွာခြားမှုတွေကို လေ့လာခဲ့ရလဲ။
MSL : ညီမသတိ ထားမိတာတော့ သူတို့ဆီက မော်ဒယ်လ်တွေကို ကြည့်လိုက်ရင် ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံတွေ တွေ့ရတယ်။ သူတို့က လုံးဝ မာန်အပြည့်ပဲ။ အဲ့ဒီလို ပုံစံမျိုးကို သဘောကျတယ်။
Voice : M ဆိုင်းလူရဲ့ ဓာတ်ပုံတွေကို အွန်လိုင်း ပရိသတ် တော်တော်များများ က ကြိုက်ကြတယ်လေ။ ဓာတ်ပုံတွေ မရိုက်ခင် ကိုယ့်ဘက်က ဘယ်လို အားထုတ်ဖြစ်လဲ။
MSL : ဓာတ်ပုံရိုက်ဖို့ အတွက် ဖက်ရှင်ဒီဇိုင်းတွေ၊ ကိုယ်နေဟန်ထား တွေကို အင်တာနက် မှာလည်း ကြည့်ပြီးလေ့လာတယ်။ ရိုက်တဲ့ အခါမှာ ကတော့ ကိုယ်ဝတ်မယ့် အဝတ်အစားနဲ့ ရိုက်တဲ့ ဓာတ်ပုံဆရာပေါ် မူတည်ပြီး Mood သွင်းလိုက် တာပါ။
Voice : မော်ဒယ်လ် တော်တော်များများ ရိုက်နေကြတဲ့ Sexy Pose ဆိုတဲ့ အပေါ်မှာ ရော M ဆိုင်းလူရဲ့ အမြင်က ဘယ်လိုရှိလဲ။
MSL : ဖော်တိုင်းလည်း Sexy ဖြစ်တာ မဟုတ်ပါဘူး။ ညီမကတော့ ဘာမှမဖော်ဘဲနဲ့ သူ့ရုပ်ကိုက Sexy ဖြစ်နေတာကို ပိုကြိုက် တယ်။ အခုဒီမှာကတော့ အကုန်လုံးဖော် လာကြတယ်။ အဲ့ဒီအပေါ်မှာ သိပ်တော့ အားမပေးချင်ဘူး။ ဘာမှ မဖော်ဘဲနဲ့ ဆံပင်ပုံစံ နဲ့ပဲဖြစ်ဖြစ်၊ ရုပ်နဲ့ပဲဖြစ်ဖြစ် Sexy ဖြစ်အောင် လုပ်လို့ရပါတယ်။
Voice : အခုဆို မော်ဒယ်လ်တွေအတွက် ပြည်တွင်းမှာ သာမက ပြည်ပပြိုင်ပွဲတွေကိုပါ သွားပြိုင်ဖို့ အခွင့်အလမ်းတွေ ရလာပြီလေ။ အဲ့ဒီအပေါ်မှာ မော်ဒယ်လ်တစ်ယောက် အနေနဲ့ ဘယ်လိုမြင်လဲ။
MSL : ဒီလို ပြိုင်ပွဲတွေရှိလာတာ ညီမတို့လို မော်ဒယ်တွေအတွက် အရမ်းကောင်းပါတယ်။ မြန်မာနိုင်ငံက မော်ဒယ်လ်တွေ နိုင်ငံခြားကို သွားပြိုင်ခွင့် ရတာနဲ့တင် ကျေနပ်ပါတယ်။ ညီမကိုယ်တိုင်လည်း ကိုရီးယား မှာလုပ်တဲ့ Asia New Star မော်ဒယ်လ်ပြိုင်ပွဲ ကို သွားပြိုင်ခဲ့တယ်။ ဒီကမော်ဒယ်လ်တွေသာ ပြည်ပပြိုင်ပွဲတွေမှာ အောင်မြင်မှုရလာမယ် ဆို ကမ္ဘာကလည်း မြန်မာနိုင်ငံ ဆိုတာကို ပိုပြီးသိလာနိုင်တယ်။
Voice : သရုပ်ဆောင်အဖြစ်နဲ့ ဇာတ်ကားတွေရိုက်ဖို့ စီစဉ်ထားတာမျိုး ရှိလား။
MSL : ဇာတ်ကားကတော့ အခွင့်အရေး ရရင် ရိုက်ချင်ပါတယ်။ ဒါပေမဲ့ အဆင်တော့ မပြေသေးဘူးထင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသေးဘူး။
Voice : အနုပညာရှင် တော်တော်များများက ကိုယ်ပိုင် Facebook Account တွေ ရှိကြတယ်လေ။ Facebook သုံးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သုံးသပ်ပေး ပါဦး။
MSL : Facebook သုံးရတာ အရင်တုန်း ကတော့ အရမ်းကောင်းတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဆိုးတဲ့ဘက် ရောက်လာ သလားလို့။ "အခုက တစ်ခုခုမလုပ်လိုက်နဲ့ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် Facebook ပေါ် ရောက်သွားပြီ။" ညီမလည်း သုံးတော့သုံးပါတယ်။ အရမ်းကြီး အလွန်အကျွံ မသုံးဖို့တော့ လိုတာပေါ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။