ကျန်းမာရေးစာတိုများစုစည်းမှု
အံကပ်စိုက်ထားသူတို့ လိုက်နာရန်
အံကပ်ဘယ်နှမျိုး ရှိပါသလဲ ဆရာ။
အံကပ်ဆိုတာ သွားကျန်ပေါ်မှာ စိုက်တဲ့ အံကပ်၊ သွားအားလုံး မရှိလို့ စိုက်တဲ့ အံကပ်၊ အရေးပေါ် အမြန်ဆုံး စိုက်ရတဲ့ အံကပ်နဲ့ မေးရိုးတွင်း သွားမြစ်တုပေါ်တင်ပြီး စိုက်တဲ့ အံကပ်ဆိုပြီး လေးမျိုးရှိပါတယ်။
အံကပ်ကို စတပ်တဲ့ ပထမဆုံးနေ့မှာ လူနာအနေနဲ့ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
အံကပ် စတပ်တဲ့ ပထမဆုံးနေ့မှာ လူနာတွေ လိုက်နာသင့်တဲ့အချက် ငါးခုရှိပါတယ်။
(၁) အံကပ်စတပ်တဲ့ နေ့မှာ တပ်ရ အဆင်မပြေတာ၊ နာတာ၊ မသက်မသာဖြစ်တာ စတဲ့ ဝေဒနာတွေ ဖြစ်နေရင် အံကပ်တပ်ပြီး ၂၄ နာရီပြည့်ပြီးချိန် နောက်နေ့မှာ ဆရာဝန်ထံကို မပျက်မကွက် ပြန်လည် ပြသပေးဖို့ လိုပါတယ်။
(၂) စစချင်းပေးလိုက်တဲ့ အံကပ်ကို တပ်ဆင်ထားပြီး ပါးစပ်ထဲမှာ ပြင်ပပစ္စည်း ရှိနေတာကို အကျင့်ရလာအောင် ဆောင်ရွက်ရပါမယ်။ အဲဒီအံကပ်နဲ့ မာတဲ့ အစာတွေကို ကိုက်တာ၊ ဝါးတာ၊ ကြိတ်တာတို့ မလုပ်သင့်ပါဘူး။ ကွမ်းစားတတ်တဲ့ သူတွေဆိုရင် အံကပ်တပ်ပြီးတာနဲ့ ချက်ချင်း ကွမ်းပြန်စားတာမျိုး လုပ်တတ်ကြတယ်။ ဒါဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဖြစ်နိုင်ရင် နူးညံ့ပျော့ပျောင်းတဲ့ အစာကိုပဲ အသာအယာ စုပ်ယူစားသင့်ပါတယ်။
(၃) အံကပ် တပ်ခါစဖြစ်လို့ စကားပြောရတာ ခက်ခဲတတ်ပါတယ်။ စိတ်အနှောင့်အယှက်လည်း ဖြစ်တတ်ပါတယ်။ စကားပြောရ အဆင်ပြေအောင် စကားများများပြောပေးတာ၊ အသံကျယ်ကျယ် ပြောကြည့်တာ၊ စကားပြော မပီသတဲ့အခါ ပီသလာအောင် လေ့ကျင့်ပေးတာတို့ လုပ်ဆောင်ပေးရပါမယ်။ ဒါမှသာ ပုံမှန်အတိုင်း ပြန်လည် ပြောဆိုနိုင်လာပါလိမ့်မယ်။
(၄) အံကပ်တပ်ထားပြီး ပျော့တဲ့အစာကို စားတာတောင် နာလွန်းနေရင် အံကပ်ကို ချွတ်ထားလိုက်ပါ။ တော်ရုံတန်ရုံ နာတာလောက် ဆိုရင်တော့ အံကပ်ကို အကျင့်ရအောင် ဆက်တပ်ထားရပါမယ်။ တကယ်လို့ နာလို့ ချွတ်ထားရင်တောင် ဆရာဝန်ဆီကို ပြန်မပြမီ ၃-၅ နာရီလောက် ကြိုပြီး ပြန်တပ်ထားရပါမယ်။ ဒါမှ ဆရာဝန်က နာတဲ့နေရာကို အလွယ်တကူ ရှာတွေ့ပြီး အဆင်ပြေအောင် ကုသမှု ပေးနိုင်မှာပါ။
(၅) ဖြစ်နိုင်ရင် အံကပ်တပ်ခါစ ၁၀ ရက်ခန့်ကို နေ့ရော ညပါ အမြဲတမ်း တပ်ထားရပါမယ်။ အကျင့်ရှိနေအောင် အိပ်နေချိန်မှာလည်း တပ်သင့်ပါတယ်။ ဒါပေမဲ့မကြာခဏ ဖြုတ်ပြီး ဆေးကြောသန့်စင်ပေးဖို့တော့ လိုအပ်ပါတယ်။
အံကပ်ကို တပ်ပြီး နောက်ရက်တွေမှာ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
အံကပ်တပ်ပြီး နောက်ရက်တွေမှာ လိုက်နာသင့်တဲ့ အချက်တွေကတော့-
(၁) အံကပ်တပ်သူတွေမှာ အဆင်မပြေတာ၊ သက်သောင့်သက်သာ မဖြစ်တာ အသေးအမွှားလောက်ကိုတော့ သည်းခံပြီး ဇွဲရှိရှိ တပ်ဆင်သင့်ပါတယ်။ ပါးစပ်ထဲမှာ ကြီးမားတဲ့ ပြင်ပပစ္စည်း ရှိနေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ နေရခက်တာ စတဲ့ ပြဿနာတွေ ဖြစ်တတ်ပေမယ့် နောက်ပိုင်း တပ်တဲ့အကျင့်ရှိလာရင် ပုံမှန်အတိုင်း နေသားကျသွားပါလိမ့်မယ်။
(၂) အံကပ်တပ်ပြီး ဒုတိယနေ့မှာ မာတဲ့အစာကို စစားကြည့်ရပါမယ်။ စားတဲ့အခါ သွားဘယ်ညာ ညီညီညာညာ ကြိတ်ဝါးပေးရပါမယ်။ ငှက်ပျောသီး၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ဆန်ပြုတ်၊ ဘီစကွတ်မုန့် စတဲ့ ပျော့တဲ့ အစာတွေကနေ ထမင်းပျော့ပျော့၊ နူးအောင် ချက်ထားတဲ့ ဟင်းတွေကို တဖြည်းဖြည်း တိုးပြီး စားနိုင်ပါတယ်။
(၃) အစာစားတိုင်း အံကပ်နဲ့ အမြဲစားဖို့ လိုပါတယ်။ တကယ်လို့ အံကပ်ကြောင့် နာတာ၊ အဆင်မပြေတာ၊ အံကပ်ချောင်နေတာ၊ လှုပ်နေတာတွေရှိရင် သွားဆရာဝန်ထံ ပြန်ပြပေးသင့်ပါတယ်။
အံကပ်တပ်ဆင်ထားသူ အနေနဲ့ဘယ်လို အချက်တွေကို အမြဲ လိုက်နာဖို့ လိုအပ်ပါသလဲ ဆရာ။
အံကပ်တပ်ဆင်ထားသူတွေ အကျင့်ဖြစ်လာပြီဆိုရင် အမြဲ လိုက်နာသင့်တဲ့ အချက်တွေကတော့-
(၁) အံကပ်တပ်ရ အဆင်ပြေလာရင်နောက်ပိုင်း တစ်နေ့ အနည်းဆုံး ရှစ်နာရီလောက်ပဲ သုံးသင့်ပါတယ်။ အိမ်မှာ အနားယူတဲ့အခါ အံကပ်ချွတ်ထားသင့်ပါတယ်။
(၂) အံကပ်ချွတ်ထားတဲ့အခါ သွားဖုံးသားတွေ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ လက်နဲ့ နှိပ်နယ်ပေးရပါမယ်။
(၃) အံကပ်ကို အစာစားပြီးတိုင်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ သန့်ရှင်းတဲ့အခါ ကြမ်းတမ်းတဲ့ သွားပွတ်တံနဲ့ သွားတိုက်ဆေး သုံးပြီး မဆေးရပါဘူး။ နူးညံ့တဲ့ သွားတိုက်တံ၊ ဆပ်ပြာ၊ ရေအေးတို့နဲ့ပဲ ဆေးကြောပေးရပါမယ်။ အံကပ်ဆေးတဲ့ ဆေးရည်ကို ဝယ်ယူဆေးကြောလို့ ရပါတယ်။ အံကပ်ဆေးတဲ့အခါ ရေထည့်ထားတဲ့ ဇလုံတစ်ခုကို အောက်က ခံထားရပါတယ်။ ဒါမှ မတော်တဆ လွတ်ကျရင် ရေထဲကျပြီး မကွဲနိုင်မှာပါ။
(၄) အံကပ်ကို ရေနွေးနဲ့ မစိမ်ရ၊ မဆေးရပါဘူး။ အံကပ်ကျုံ့သွားတာ၊ လိမ်သွားတာတွေ ဖြစ်တတ်ပါတယ်။
(၅) အံကပ်တပ်ပြီးချိန်မှာ မာလွန်းတဲ့ အစာ (ဥပမာ-ကွမ်းသီး၊ ငါးခြောက်၊ ပဲကြီးလှော်)၊ စေးကပ်လွန်းတဲ့ အစာ (ဥပမာ-ကောက်ညှင်း) တို့ကို မစားသင့်ပါဘူး။
(၆) အံကပ်အဟောင်းရှိတဲ့သူတွေ အသစ်ထပ်မံလုပ်တဲ့အခါ အဟောင်းသုံးလိုက်၊ အသစ်သုံးလိုက် မလုပ်သင့်ပါဘူး။ တကယ်လို့ အလဲအလှယ်လုပ်ပြီး တပ်ချင်ရင် အံကပ်အသစ်နှစ်စုံကို တစ်ပြိုင်နက်တည်း လုပ်ပြီး တပ်သင့်ပါတယ်။
(၇) အံကပ်ကို အသုံးမပြုတဲ့အခါမှာ ရေထည့်ထားတဲ့ အဝကျယ်ပုလင်းထဲမှာ ထည့်ပြီး အဖုံးဖုံးထားရပါမယ်။
(၈) အံကပ်ကို ဖြုတ်ထားတဲ့အခါ ကြုံရာနေရာမှာ ချမထားပါနဲ့။
(၉) အံကပ်တစ်ခု တပ်ဆင်ပြီး ဘယ်လောက်ပဲ အဆင်ပြေပြေ၊ တစ်နှစ် တစ်ကြိမ် သွားဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ ငါးနှစ်ပြည့်ရင် အံကပ်အသစ် လဲလှယ်ပြုလုပ်ပေးရပါမယ်။
(၁၀) အံကပ်ကို ပါးစပ်ထဲ ထည့်တဲ့အခါ လက်နဲ့ ဘယ်၊ ညာ ညီအောင် ထည့်ပြီးမှ ကိုက်ရပါမယ်။ အံကပ်ကို ကိုက်ပြီးမှ ညီအောင် မထည့်ရပါဘူး။ အဲဒီလိုလုပ်ရင် အံကပ်လိမ်သွားတာ၊ ကျိုးတာ၊ အက်တာနဲ့ ကွဲတာတို့ ဖြစ်တတ်လို့ပါ။
BY GOOD HEALTH

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။