ကျန်းမာရေးစာတိုများစုစည်းမှု
ခံတွင်းရနံ့ဆိုးခြင်းမှ ကာကွယ်ရန် နည်းလမ်းများ
==========================
ခံတွင်းရနံ့ဆိုးခြင်းကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွင် များစွာ အခက်အခဲကြုံရလေ့ရှိပါတယ်။ ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းအရာချို့နှင့် ရှောင်ကြဉ်ကာကွယ်နိုင်မည့် နည်းလမ်းအချို့ကို
ဖော်ပြပေးလိုက်ပါတယ်……………………..။
၁။ မသန့်ရှင်းသော ခံတွင်း
ခံတွင်းရနံ့ဆိုးရခြင်း၏ ၉၀ရာခိုင်နှုန်းခန့်မှာ စားသုံးလိုက်သော အစားအစာများကြောင့်သော်လည်းကောင်း၊ ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပိုးများကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လေ့ရှိပါသည်။ ခံတွင်း ရနံ့ဆိုးရခြင်းသည် ခံတွင်းအတွင်းတွင် သဘာဝအလျောက် ရှိနေတတ်သည့် ဘက်တီးရီးယားပိုးများနှင့် စားကြွင်းစားကျန်များ (သို့မဟုတ်)သွေးစ၊ တစ်သျှူးစများ စသည့်အရာများ ဓာတ်ပြုရာမှ ပေါ်ထွက်လာသော အနံ့တစ်မျိုးပင် ဖြစ်သည်။
၎င်းဓာတ်ပြုခြင်းကြောင့် ဆာလဖာကဲ့သို့ ရနံ့ဆိုးသော ဓာတ်ပစ္စည်းများ ထွက်ပေါ်လာလေ့ရှိသည်။ ထို့ကြောင့် ခံတွင်းကို စင်ကြယ်စွာ ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားပိုးများ ပေါက်ဖွားမှု ပိုမိုများပြားလာပြီးဓာတ်ပြုမှုဖြစ်စဉ်ကိုပို၍ဖြစ်ပေါ်စေကာ ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေနိုင် ပါသည်။
ရှောင်ကြဉ်ကာကွယ်ခြင်း
ခံတွင်းသန့်စင်ရည်၊ ပူရှိန်းပြား၊ ပီကေတို့ဖြင့် ခံတွင်းရနံ့ဆိုးခြင်းကို တစ်ခဏတာ ပျောက်ကင်းစေနိုင်ပါသည်။ ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ရန် အကောင်းဆုံးသော နည်းလမ်းမှာ သွားများသန့်စင်စေရန်အတွက် သွားပွတ်တံဖြင့် နေ့စဉ်သွားတိုက်ပေးခြင်း၊ သွားကြားထိုးတံဖြင့် သွားများကြားတွင် သန့်ရှင်းမှု ရှိစေရန် ပြုလုပ်ပေးခြင်း၊ အစာစားပြီးတိုင်း
ပလုပ်ကျင်းခြင်း၊ လျှာသန့်ရှင်းရေးကို တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးခြင်းစသည့် နည်းလမ်းများသည် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်သော အကောင်းဆုံး နည်းလမ်းများပင် ဖြစ်သည်။
၂။ ခြောက်သွေ့သော ခံတွင်း
ခံတွင်းခြောက်သွေ့ခြင်းသည် ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပိုးများ ပေါက်ဖွားမှုကို ပို၍ဖြစ်စေတတ်ပါသည်။တံတွေးသည် ခံတွင်းစိုစွတ်နေစေရန် ပြုလုပ်ပေးသကဲ့သို့ ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပိုးများ သွားများ၏ အရင်းပိုင်းတွင် အနည်ထိုင်ခြင်းနှင့် ပေါက်ပွားခြင်းတို့ကို အဟန့်အတား ဖြစ်စေပါသည်။ ယားယံမှု (သို့) ဓာတ်မတည့်မှုကိုပျောက်ကင်းစေနိုင်သော ဆေးဝါးများသည် ခံတွင်းခြောက်သွေ့ခြင်းကို ဘေးထွက်ဆိုးကျိုး အနေဖြင့်
ဖြစ်ပေါ်စေတတ်ပါသည်။
ရှောင်ကြဉ်ကာကွယ်ခြင်း
ခံတွင်းစိုစွတ်နေစေရန်အတွက် အကောင်းဆုံးသော နည်းလမ်းသည် ရေများများ သောက်သုံးပေးခြင်းပင် ဖြစ်သည်။
အသီးဖျော်ရည်များ သောက်သုံးပေးခြင်းသည်လည်း ခံတွင်းခြောက်သွေ့ခြင်းမှ ကင်းဝေးစေနိုင်ပါသည်။
၃။ အနံ့ဆိုးရွားသော အစားအစာများ
ခံတွင်းရနံ့ဆိုးခြင်းသည် အနံ့ဆိုးသော၊ အနံ့ပြင်းထန်သော အစားအစာများ စားသုံးခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်ပါသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အရက်နှင့် ဆေးလိပ်တို့သည် ခံတွင်းရနံ့ကို ဆိုးရွား ညစ်ညမ်းစေသော အရာများပင် ဖြစ်သည်။
ရှောင်ကြဉ်ကာကွယ်ခြင်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အရက်စသော
ခံတွင်းရနံ့ဆိုးခြင်းများကို ဖြစ်စေနိုင်သော အစားအစာများကို ရှောင်ကြဉ်
ခြင်းသည် အစားအစာကြောင့်ဖြစ်သော ခံတွင်းရနံ့ဆိုးခြင်းကို
ကာကွယ်ပေးနိုင်ပါသည်။ လေ့လာတွေ့ရှိချက်များအရကော်ဖီ(၂)ခွက် နေ့စဉ်သောက်သုံးပေးခြင်းသည် ခံတွင်းရနံ့ဆိုးမှုဖြစ်ခြင်းကို
ကာကွယ်ပေးနိုင်သည်ဟု တွေ့ရှိခဲ့ရပါသည်။သကြားမပါဝင်သောပီကေများ (Xylitolသာ ပါသောပီက)သည် ဘက်တီးရီးယားပိုးအချို့ကို သေစေ နိုင်ပြီး သွားခြေရင်းတွင် အနည်အဖတ်များ
တင်ကပ်ခြင်း(သို့)သွားချေးများ ဖြစ်ပေါ်မှုကို ဟန့်တား ပေးနိုင်စွမ်းရှိပါသည်။
၎။ Carbohydrate မလုံလောက်ခြင်း
ပရိုတင်းဓာတ်များပြီး Carbohydrate ဓာတ်ပါဝင်မှုနည်းသော
အစားအစာများကို စားသုံးပါက ကိုယ်ခန္ဓာ အတွက်လိုအပ်သော စွမ်းအင်ကို သိုလှောင်ထားသောအဆီများကို လောင်ကျွမ်းခြင်း(Ketosis)ဖြင့်သာ ရရှိနိုင် ပါသည်။ ၄င်း(Ketosis)ဖြစ်စဉ်၏ ဘေးထွက်ပစ္စည်းအဖြစ် Ketoneများ ထွက်လေ့ရှိသည်။ ၄င်းKetoneများသည် ဆိုးရွားသော အနံ့ရှိခြင်းကြောင့် ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါသည်။
ရှောင်ကြဉ်ကာကွယ်ခြင်း
Carbohydrate ဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးခြင်းဖြင့် Ketosisကြောင့်ဖြစ်သော ခံတွင်း ရနံ့ဆိုးခြင်းကိုကာကွယ်နိုင်ပါသည်။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များကို များများစားသုံးသင့်ပါသည်။
၅။ ဖျားနာခြင်း(သို့မဟုတ်)ရောဂါများ
အချို့သော ဖျားနာခြင်း(သို့)ရောဂါများကြောင့်
ခံတွင်းရနံ့ဆိုးခြင်း ဖြစ်ပေါ်လေ့ရှိသည်။ ခံတွင်းရနံ့ဆိုးခြင်း ဖြစ်ပေါ်စေ
တတ်သော ရောဂါများမှာ ဆီးချို သွေးချိုရောဂါနှင့် အစာခြေရည်များ အစာမျိုပြွန်သို့ နောက်ပြန်စီးဆင်းသော ရောဂါ(GERD)တို့ပင် ဖြစ်သည်။ အသည်းနှင့်ကျောက်ကပ်ရောဂါတို့သည်လည်းခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်စေနိုင်ပါသည်။ဝမ်းချုပ်သောအခါများတွင်လည်း ခံတွင်းရနံ့ဆိုးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
ရှောင်ကြဉ်ကာကွယ်ခြင်း
တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် သွားရောက်ပြသပြီး ထိရောက်သော ကုသမှုကို ခံယူခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ၀မ်းချုပ်ခြင်းများ မဖြစ်အောင် ရေများများသောက်ပေးခြင်း၊ အသီးအနှံများများ စားပေးခြင်းတို့ပြုလုပ်ပေးရမည်။ ငှက်ပျောသီး နေ့စဉ်ပုံမှန် စားသုံးပေးလျှင် ၀မ်းမှန်စေပါသည်။
credit to Good Health

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။