By Mya Than Tint
on Monday, June 4, 2012 at 11:54pm ·
တကယ်လို့များ မိသားစုနဲ့ ပတ်သက်လို့
ဩဝါဒစကားတစ်ခွန်းလောက် ပြောရရင် ကဗျာဆရာ ပေါဗာလေရီရဲ့ စာတစ်ပုဒ်ကို ကိုးကားမိမှာပဲ။
သူက ‘မိသားစုတိုင်း၌ ဖုံးကွယ်ထားသည့် ငြီးငွေ့သော စိတ်တစ်မျိုးရှိတတ်၏။
ထိုငြီးငွေ့မှုကြောင့် မိသားစုဝင်များသည် အိမ်မှ လွတ်ရာကျွတ်ရာသို့ ထွက်သွားကာ
မိမိတစ်ဦးတည်း လွတ်လွတ်လပ်လပ်နေလိုသော ဆန္ဒများဖြစ်ပေါ်လာတတ်၏။ ထို့ပြင်
မိသားစုတိုင်း၌ပင် ရှေးကျ၍ ခွန်အားကောင်းသော အင်အားစုတစ်ခုလည်း ရှိသေး၏။
ညနေစာထမင်းဝိုင်းတွင် မိသားစုအားလုံး အစုံအညီထိုင်မိသည့်အခါ
မိမိတို့အိမ်သူအိမ်သားတွေချည်း လွတ်လပ်စွာရှိနေသည့် အခါမျိုးတွင် ထိုအင်အားစုသည်
ကိုယ်ထင်ပြလာတတ်၏’ လို့ သူက ရေးခဲ့ပါတယ်။
ဒီစကားပိုဒ်ကလေးကို ကျွန်တော် တော်တော်သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစကားပိုဒ်ကလေးဟာ မိသားစုဘဝရဲ့ ကောင်းမွန်မြင့်မြတ်မှုနဲ့ မိသားစုဘဝရဲ့ စိတ်ညစ်ညူးဖွယ်ကောင်းပုံ စတဲ့ နှစ်ဖက်စလုံးကို ဖော်ပြလို့ပါပဲ။ အူထဲ အသည်းထဲကလာတဲ့ အဇ္ဈတ္တသန္တာန်ရဲ့ ငြီးငွေ့မှုက တစ်ဖက်၊ သဟဇာတဖြစ်ပြီး ပေါင်းစည်းသွားတဲ့ သဘောကတစ်ဖက်၊ နှစ်ဖက်စလုံးကိုဖော်ပြလို့ပါပဲ။ ဟုတ်ပါတယ်။ မိသားစုတိုင်းလိုလိုမှာပဲ ဒီခံစားချက်နှစ်မျိုးစလုံးကို တွေ့ရတတ်ပါတယ်။ မိသားစုတွေ စုံစုံညီညီပြန်တွေ့ဆုံကြတဲ့အခါမှာ ဗာလေရီရဲ့တစ်ခုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စကားနှစ်ခွန်းကို ကျွန်တော်တို့အထဲက ဘယ်သူသတိမရဘဲ နေနိုင်ပါ့မလဲ။ တစ်ခါတလေ ဘဝရိုက်ပုတ်ချက်တွေကြောင့် ကျေးလက်က ကိုယ့်မိသားစုရဲ့အေးချမ်းတဲ့ ပတ်ဝန်းကျင်ရိပ်မြုံကလေးမှာ ခိုလှုံဖို့သွားတဲ့အခါမျိုးမှာ အဲဒီစကားနှစ်ခွန်းကို သတိရကြမှာပဲ။ မိတ်ဆွေသူငယ်ချင်းတစ်ယောက် ကိုယ့်ကိုချစ်တယ်ဆိုတာ ဆွဲဆောင်မှုရှိလို့ချစ်တာ။ ဒါပေမယ့် မိသားစုတစ်ခုက ကိုယ့်ကိုချစ်တာကတော့ ဘာကြောင့်မှမဟုတ်ဘူး။ ဘာအကြောင်းမှ မရှိဘူး။ အဲဒီမိသားစုထဲမှာ မွေးလာပြီး အဲဒီမိသားစုရဲ့သွေးသားမို့လို့ ချစ်တာ။ ဒါပေမယ့် အဲဒီ မိသားစုပင်လျှင် ကိုယ့်ကို စိတ်ညစ်အောင်လုပ်ရာမှာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားသူတွေထက် လုပ်နိုင်စွမ်းရှိတယ်။ လူတစ်ယောက်မှာ ငယ်ငယ်တုန်းက မပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ အိမ်မှာနေရတာ မွန်းကြပ်နေပြီ။ ကျွန်တော်တော့ ဒီမိသားစုနဲ့ ဆက်မနေနိုင်တော့ဘူး။ သူတို့က ကျွန်တော့်ကို နားမလည်ကြဘူး။ ကျွန်တော်ကလည်း သူတို့ကို နားမလည်ဘူးဆိုတဲ့စကား။ ဒီစကားနှစ်မျိုးကို ငယ်ငယ်တုန်းက ဘယ်တော့မှ ပြောလေ့မရှိကြဘူး။ ကျွန်တော်ကလည်း ဘယ်တော့မှ ပြောလေ့မရှိဘူး။ ဒါပေမယ့် သူ့ဘေးမှာ လူစိမ်းသူစိမ်းတွေချည်း ဝိုင်းရံနေရင်၊ သူ့ကို လျစ်လျူရှုထားကြရင်၊ သူ့ကို အထင်သေးလှောင်ပြောင်ကြရင်၊ သူ့ကို စကြဝဠာရဲ့ ဗဟိုချက်မကြီးလို့ သဘောထားတဲ့သူတွေကို အောက်မေ့သတိရပြီး ပြန်လာချင်တာဟာလည်း အဲဒီလူပါပဲ။ အဲဒီအခါမျိုးမှာ သူဟာ အိမ်ကို ဘယ်လောက်ပြန်လာချင်လိုက်ပါသလဲ။ စာရေးဆရာမ ကက်သရင်းမင်းစဖီး ငယ်ငယ်တုန်းက အိမ်မှာနေရတာ မလွတ်လပ်လို့ စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်လို့ အိမ်က ထွက်ပြေးဖူးတယ်လို့ သူ့မှတ်တမ်းထဲမှာ ရေးထားတယ်။ ဒါပေမယ့် နောက်ကျတော့ အိမ်သူအိမ်သားတွေနဲ့ဝေးပြီး တစ်စိမ်းတစ်ရံစာတွေထဲမှာ နေလာရတော့ ငယ်ငယ်တုန်းက သူ့အဖွားက အိပ်ရာထဲလာပြီး နွားနို့ပူပူတစ်ခွက်နဲ့ ပေါင်မုန့်လာကျွေးတာ၊ ရော့ ငါ့မြေးလေး စားဆိုပြီး တိုးတိတ်နူးညံ့တဲ့ အသံနဲ့ လာပြောတာတွေကို သတိရပြီး အိမ်ကိုဘယ်လောက် လွမ်းတဲ့အကြောင်းကို အဲဒီမှတ်တမ်းထဲမှာပဲ ဆက်ရေးထားတယ်။ အဲဒီလို အထီးကျန်ဖြစ်နေတဲ့ အချိန်မျိုးမှာ တစ်ခါတုန်းက ကိုယ်လှောင်ပြောင်အထင်သေးခဲ့တဲ့ မိသားစု(အိမ်)ကို တွေးလိုက်ရုံလေးနဲ့တောင် သူ့မှာ မယုံနိုင်လောက်အောင် ပျော်ရွှင်ကြည်နူးသွားရတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အကြောင်းကတော့ လက်ထပ်ထိမ်းမြားမှုလိုပဲ မိသားစုဘဝဟာလည်း အင်စတီးကျူးရှင်းလို့ခေါ်တဲ့ ဖွဲ့စည်းမှုအဆောက်အအုံကြီးတစ်ခုဖြစ်လို့ပါပဲ။ ဒီအဆောက်အအုံကြီးဟာ သိပ်အရေးပါ သိပ်အရေးကြီးလွန်းတဲ့အတွက် ရှုပ်ထွေးဆန်းကြယ်လို့ပါပဲ။ ဒြပ်မဲ့တွေးခေါ်မှု၊ ဒြပ်မဲ့အယူအဆတွေကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူ့ဘဝကြီးနဲ့ သိပ်မှ မဆိုင်ဘဲကိုး။ ခပ်ဝေးဝေးမှာရှိနေတာကိုး။ မိသားစုစနစ်ကတော့ အမတ်တစ်ယောက်က ဥပဒေပြုပြီး ဖန်ဆင်းလိုက်တာမျိုး မဟုတ်ဘူး။ ဒါတွေအားလုံးဟာ လောကမှာ ကျားနဲ့မရယ်လို့ အမျိုးအစားကွဲလာခဲ့တာ၊ ကလေးငယ်မှာ ကာလကြာရှည်စွာ အကာအကွယ်မဲ့ ဖြစ်လာခဲ့ရတာ၊ အဲဒီလို အကာအကွယ်မဲ့တာကို ကြီးကြပ်ဖယ်ရှားပေးတဲ့ မိခင်ရဲ့မေတ္တာ၊ မိခင်မေတ္တာထက် ပိုအတုအယောင်ကျပြီး လူ့သမိုင်းမှာ မကြာခင်ကမှ ပေါ်လာခဲ့တဲ့ ဥထက်မကိုခင်တတ်တဲ့ ဖခင်မေတ္တာ စတာတွေရဲ့ အရာတွေက ပေါ်ပေါက်လာတဲ့ သဘာဝကျတဲ့ အကျိုးဆက်ဖြစ်တယ်။
(ဆရာမြသန်းတင့်၏ ဘဝနေနည်း အနုပညာ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။