Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 3, 2016

သေရွာပြန် ချွေးတပ်သား

သေရွာပြန် ချွေးတပ်သား
===================
===================
ထိုင်း - မြန်မာ သေမင်းတမန် ရထားလမ်းဖောက်လုပ်ရာမှာ ပါဝင်ရတဲ့ ချွေးတပ်သားတွေ မသေမပျောက် အိမ်ပြန်ရောက်တယ်ဆိုတာ အင်မတန် ရှားပါးပါတယ်။
ချွေးတပ်ဆွဲတဲ့ ဖက်ဆစ်ဂျပန်တွေက မသေရုံတမည်ကျွေးပြီး မညှာမတာခိုင်းစေခဲ့တယ်။ ဒါကြောင့်လည်း ရထားလမ်းဖောက်လုပ်ပေးရတဲ့ ချွေးတပ်သားနဲ့ စစ်သုံ့ပန်းတစ်သိန်းကျော် သေကျေကြရတာဖြစ်ပါတယ်။
ဒီလိုလူတွေထဲက သေကံမရောက် အသက်မပျောက်ဘဲ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်လာသူတစ်ယောက်ကတော့ ဦးလှမော်ပါ။ သူက ယခုအခါ အသက် (၉၄) နှစ်ရှိပြီဖြစ်ပြီး မန္တလေးမြို့မှာ ကျန်းမာချမ်းသာစွာ နေထိုင်ဆဲဖြစ်တယ်။ အိပ်မက်ဆိုးကြီးလိုဖြစ်တဲ့ ချွေးတပ်သားဘဝကိုတော့ သူမမေ့နိုင်သေးပါဘူး။

သေမင်းခံတွင်းဝ ဆင်းကြသူများ
သေမင်းတမန် မီးရထားလမ်းကို တောတောင်ထူထပ်ပြီး ရာသီဥတုဆိုးရွားပြင်းထန်လှတဲ့ ထိုင်း - မြန်မာ နယ်စပ်မှာ ဖောက်လုပ်တာဖြစ်ပါတယ်။ တောတောင်ထူထပ်ရာနေရာမှာ ဖောက်လုပ်မယ့် လမ်းကြောင်းအတိုင်း ချောဆွဲထားတဲ့ ဆင်တွေပါတဲ့ ‘ဆင်တပ်’ ကို ရှေ့က တောနင်းခိုင်းတယ်။ ဆင်းနင်းသွားလို့ လဲပြိုသွားတဲ့ သစ်ပင်ချုံနွယ်တွေကို ‘ဓားမတပ်’က ဓားတွေနဲ့ ခုတ်ထွင်ရှင်းလင်းရတယ်။ လမ်းကြောင်းပေါ်တော့ မီးရထားလမ်းဖောက်မယ့်အတိုင်း မြေတွေတမံဖို့ရတယ်။
ဂျပန်တွေက မညှာမတာခိုင်းစေတာကြောင့် ဆင်တွေကတောင် ဂျပန်တွေရဲ့အသံကို ကြားရင် ကြောက်ဒူးတုန်သတဲ့။
‘‘ဆင်တွေကလည်း ဂျပန်ကို သိပ်ကြောက်တာ။ သစ်ပင်ကို လွှနဲ့တိုက်၊ ဆင်ကဆွဲရတာ။ သစ်ပင်ပိလို့ ပေါင်ကျိုးတဲ့ဆင်ကကျိုးတယ်’’လို့ ဦးလှမော်က ပြောပြတယ်။
ချွေးတပ်သားတွေက သစ်ပင်ကြီးတွေကို ခုတ်လှဲရတယ်။ ချွေးတပ်သားတွေ အသုံးပြုစရာ လက်နက်ကိရိယာက သိပ်ကောင်းတာမဟုတ်ဘူး။ ဓားနဲ့ရွေပြီး သစ်တွေဖြတ်ရတာ။ လွှတွေဘာတွေ မရှိပါဘူး။ မြစ်တွေ၊ ချောင်းတွေကို ခက်ခက်ခဲခဲ တံတားထိုးကြရတယ်။ တံတားထိုးရတာက ခက်ခဲပြီး အန္တရာယ်ကြီးပါတယ်။ ရထားလမ်းဖောက်လုပ်မယ့် လမ်းကြောင်းမှာ ကျောက်ဆောင်ကျောက်တောင်တွေရှိရင် လူရဲ့လုပ်အားနဲ့ ကျောက်သားကို ဖဲ့ခြွေရတာ အင်မတန် ပင်ပန်းဆင်းရဲလှတယ်။ ကျောက်တောင် တောင်စောင်းက ကြီးမားရင်တော့ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲတယ်။ ကျောက်ဆောင်နံရံမှာ အပေါက်တွေဖောက်၊ ချွေးတပ်သားတွေ စစ်သုံ့ပန်းတွေက အပေါက်ထဲမှာ ဒိုင်းနမိုက်သွင်းပြီး စနက်တံကို မီးရှို့ရတယ်။ မီးရှို့ပြီး လူလွတ်အောင် ထွက်ပြေးရပါတယ်။ မြေပြင်ညီမှာ ရှင်းရှင်းလင်းလင်း ပြေးရတာမျိုး မဟုတ်ဘဲ တောင်စောင်း ကျောက်တုံးများကြား ပြေးရတာဖြစ်လို့ ဘေးလွတ်ရာ လူမရောက်ခင် ပေါက်ကွဲသွားတာကြောင့် သေပျောက်ရသူတွေလည်း မနည်းပါဘူး။
ဦးလှမော်ကတော့ ဆံပင်ညှပ်တတ်တာမို့ ချွေးတပ်စခန်းမှာ အလုပ်ကြမ်းကို ပင်ပင်ပန်းပန်းမလုပ်ရဘဲ ဆံသဆရာပဲ လုပ်ရတယ်။ တစ်ရက်မှာတော့ သူ့ကံကြမ္မာ အလှည့်အပြောင်း ဖြစ်လာတာကို သူက ပြောပြတယ်။
‘‘တံတားတွေ ဘာတွေဆောက်ရင်း တစ်ရက်ကျတော့ အပေါ်က ငြမ်းပြုတ်ကျပြီး ချွေးတပ်သားတစ်ယောက် ခေါင်းကွဲရော။ ကျွန်တော်က ကတ်ကြေးတွေ ဘာတွေပါတော့ ဆံပင်ရိတ်ပေးတယ်။ ဂျပန်ဆရာက ဒါကို မြင်တော့ မင်းဆံပင်မညှပ်နဲ့တော့။ ငါ့လက်ထောက်လုပ်ပြီး လိုက်ခဲ့လို့ခေါ်တယ်။ ကျွန်တော့်ညီ ကိုစိတ္တက ဆံပင်ညှပ်တတ်တယ်။ ဒါနဲ့ ဆံပင်ညှပ်တဲ့အလုပ် သူ့ကိုလွှဲပြီး ကျွန်တော်က ဂျပန်ဆရာရဲ့နောက်မှာ ကွန်ပေါင်ဒါလုပ်ပြီး လိုက်ရတယ်။ နေ့တိုင်းလိုလိုပဲ ကွဲသွားတဲ့လူခေါင်းရိတ်၊ ဆေးထည့်။ ဆရာက ဂျပန်ထဲမှာ နည်းနည်းပျင်းတော့ ကျွန်တော့်ချည်းခိုင်းတာပဲ’’ ဦးလှမော်က ပြောရင်းရယ်မောတယ်။
ချွေးတပ်စခန်း တဲတန်းလျားရှည်ကြီးထဲမှာ ချွေးတပ်သားတွေက တန်းစီအိပ်ရတာပါ။ တောကြီးမျက်မည်းထဲမို့ ခြင်ကလည်း သိပ်ကိုက်တယ်။ လူ ၂၅ ယောက်လောက်ဆံ့တဲ့ ခြင်ထောင်အကြီးကြီးတွေထဲ စုပြုံအိပ်တယ်။ ငှက်ဖျားကလည်း ဆိုးဆိုးရွားရွားဖြစ်ကြတယ်။ ဂျပန်ကတော့ ငှက်ဖျားရန်က ကာကွယ်ဖို့ ကွီနိုင်ဆေးပြား နေ့တိုင်းတိုက်ကျွေးတယ်။
မနက် အလုပ်မဆင်းခင်မှာ ချွေးတပ်သားတွေကို တန်းစီခိုင်းပြီး ဂျပန်စစ်သားက ပါးစပ်ဟပေးတဲ့ ချွေးတပ်သားရဲ့ ပါးစပ်ထဲကို ကွီနိုင်ဆေးပြားဖြူဖြူ တစ်ပြားပစ်ထည့်တယ်။ ချွေးတပ်သားက ဆေးပြားကို မျိုချလိုက်တာ သေချာတော့မှ နောက်ထပ်ချွေးတပ် သားတစ်ယောက်ရှေ့ကို ပြောင်းကာ ပါးစပ်ဟခိုင်းပြီး ဆေးပြားကို ပါစပ်ထဲပစ်ထည့်တယ်။ ချွေးတပ်သားက ခါးလှတဲ့ ကွီနိုင်ဆေးပြားကို ပါးစပ်ထဲက ထွေးထုတ်ရင် ‘‘ခူရား . . . ဘာကရိုး’’လို့ ဂျပန်စစ်သားက ရင်ခေါင်းသံကြီးနဲ့ အော်ဟစ်လိုက်ပြီး ဆေးပြားထွေးထုတ် လိုက်တဲ့ ချွေးတပ်သားရဲ့ပါးကို ဘယ်ပြန်ညာပြန် ရိုက်တယ်။ ရွှံ့ထဲကျသွားတဲ့ ကွီနိုင်ဆေးပြားကို ပြန်ကောက်ခိုင်းပြီး ချွေးတပ်သားကို မျိုချခိုင်းတယ်။ ရွှံ့တွေအလူး လူးဆေးပြားကို မျက်လုံးစုံမှိတ်ပြီး ပါးစပ်ထဲထည့်မျိုလိုက်မှ ဂျပန်စစ်သားက နောက်တစ်ယောက် ရှေ့ကို ကူးသွားတယ်။ ဒါက နေ့စဉ်လိုလို မြင်နေကျမြင်ကွင်းပါ။
ချွေးတပ်သားတွေကို ကွီနိုင်ဆေးတိုက်ကျွေးရတဲ့ အလုပ်ကို ကွန်ပေါင်ဒါတာဝန်ကျတဲ့ ဦးလှမော်လည်း လုပ်ရတယ်။
‘‘မနက်ကျရင် ထပါထပါဆိုပြီးခိုင်းတယ်။ တန်းစီခိုင်းတယ်။ ၄ နာရီဆိုနှိုးတယ်။ ၅ နာရီ တန်းစီရတယ်။ ကျွန်တော်က ကွီနိုင်တစ်ဘူးနဲ့ လူတွေကို တစ်ယောက်ဆေးတစ်ပြား လိုက်ကျွေးတယ်။ တချို့ကလည်း ပါးစပ်ကို ဟရုံဟပြီး နောက်ပစ်တယ်’’
ဦးလှမော်က ပါးစပ်ကိုဟပြီး ဆေးပြားကို ပါးစပ်ကျော်ကာ လူ့နောက်ဘက်သို့ ပစ်တဲ့ဟန်လုပ်ပြပါတယ်။
‘‘နေ့တိုင်း ကွီနိုင်သောက်နေရတော့ မသောက်ချင်ကြတော့ဘူးလေ။ လွှင့်ပစ်တာတွေကို ဂျပန်မမြင်အောင် ကျွန်တော်က လိုက်ကောက်ရတယ်။ ကွီနိုင်တစ်ပုလင်းက ဆေးပြား ၅၀၀ ပါတယ်။ လူ ၁,၀၀၀ လောက်ရှိတာကို အလုပ်မသွားခင်တိုက်ရတာ’’
ချွေးတပ်သားတွေဟာ တစ်နေ့ပြန်ရနိုးနဲ့ တစ်လပြီးတစ်လ ကြာမြင့်လာပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြဖို့ လမ်းမမြင်ကြပါဘူး။ ပါလာတဲ့အဝတ်အစားတွေကလည်း မိုးဒဏ်နေဒဏ်နဲ့ နွမ်းရိစုတ်ပြတ်ကုန်ပါပြီ။ ချွေးတပ်သားအများစုဟာ ဂုန်နီအိတ်အစပိုင်းကို အရှက်လုံရုံ ပတ်နေရတဲ့အဖြစ်ကို ရောက်လာပါပြီ။ တချို့ကလည်း အရှက်လုံရုံ လန်ကွတ်တီနဲ့ နေရတယ်။
စစ်သုံ့ပန်းနိုင်ငံခြားသားတွေရဲ့ အခြေအနေကလည်း အတူတူပါပဲ။ ခါးဝတ်ခါးစားနဲ့ လိုက်ပါလာကြရသူကများတာကြောင့် ကိုယ်ပေါ်မှာ အရှက်လုံရုံ အဝတ်စပိုင်းသာ ဝတ်ဆင်ထားရတဲ့ အခြေအနေကို ရောက်နေကြပါပြီ။ ဂျပန်မာစတာကြီးတွေတောင်မှ ခြေ ထောက်ပတ်တဲ့ အဝတ်စမရှိတော့ဘူးလို့ ဦးလှမော်က ပြောပြတယ်။
သောက်ရေကလည်း သန့်သန့်ရှင်းရှင်းမရှိဘူး။ တွေ့ကရာ ချောင်းမြောင်းအိုင်ထဲက ရေကို သောက်မိလာကြတယ်။ နေထိုင်စားသောက်ရတာက ကျန်းမာရေးနဲ့ လုံးဝမညီညွတ်တော့ ဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းကိုက်ရောဂါလို ရောဂါဆိုးကြီးတွေ ဖြစ်ကြတယ်။ ကူးစက်ရောဂါတွေ ဖြစ်ပြီဆိုရင်တော့ တောမီးလောင်သလိုပဲ ပျံ့နှံ့ကူးစက်ပြီး အသေအပျောက်လည်း အင်မတန်များတယ်။
ချွေးတပ်သားတွေ၊ စစ်သုံ့ပန်းတွေအတွက် နူရာဝဲစွဲဆိုတဲ့ စကားအတိုင်းပါပဲ။ အာဟာရချို့တဲ့ပြီး အားအင်ချည့်နဲ့ရတဲ့အထဲ အနာဆိုးကြီးတွေ ဖြစ်သေးတယ်။ အဝတ်မဲ့ကိုယ်ခန္ဓာမှာ ဂျပန်တွေက ရိုက်နှက်လို့ ပွန်းပဲ့တာ၊ ဖြုတ်၊ မှက်၊ ခြင်၊ ယင်မမည်းကြီးတွေ အကိုက်ခံရတာကြောင့် အနာဖြစ်တယ်။ ပွန်းပဲ့ထိခိုက်ဒဏ်ရာရတဲ့အတွက် အနာဖြစ်တယ်။ ဒဏ်ရာ အနာကလေးများထဲကို ထုံးကျောက်ရေတွေ ဝင်မိရာက အနာကိုစားပြီး နေ့ချင်းညချင်း ဟောင်းလောင်းပေါက်ကြီး ဖြစ်လာပါတယ်။ အလုပ်ကိုလည်း မနားမနေလုပ်နေရ၊ ဆေးကောင်းဝါးကောင်းကလည်း မရှိတာကြောင့် အနာကပုပ်လာတယ်။ ရင်းလာတယ်။ လောက်ကျတယ်။ အနာက တဖြည်းဖြည်းကြီးလာတယ်။ ဖက်ခွက်နာ၊ ပြည်တည်နာတွေက စစ်သုံ့ပန်းရော ချွေးတပ်သားတွေကိုပါ နှိပ်စက်တာခံရတယ်။
တချို့ဟာ ဒီအနာဒဏ်ကို အပြင်းအထန်ခံစားရပြီး အသက်ပင် ဆုံးရှုံးရတယ်။ တချို့လည်း စိတ်မကျန်းမမာဖြစ်ကာ ရူးသွပ်သူတွေလည်းရှိတယ်။
‘‘ကျွန်တော်က ဆေးတွေ၊ ဝါးတွေလည်း ကိုင်ရတယ်။ ဒါကြောင့် ကိုယ်နဲ့ရင်းနှီးသူတွေကို ဆေးဝါးတွေလိုရင် ပေးနိုင်တာ။ ကျွန်တော်တို့ အတူတူသွားတဲ့ ရှစ်ယောက်မှာ ကိုကျော်အေးနဲ့ ကိုသန်းမောင် နှစ်ယောက်ပဲ ပျက်စီးတယ်’’လို့ ဦးလှမော်က ပြောတယ်။
ချွေးတပ်စခန်းမှာ သူကဆံသဆရာဖြစ်လို့ အစားအသောက် ရာရှင်ခွဲတမ်းရတယ်။ ရွာက အတူပါလာတဲ့ ညီအစ်ကိုတွေကို ခွဲဝေကျွေးတယ်။ ကွန်ပေါင်ဒါဖြစ်ပြီး ဆေးဝါးကိုင်ရတော့ မကျန်းမာသူကို ဆေးဝါးပေးနိုင်တယ်။ အတူသွားခဲ့ကြတဲ့သူတွေကို ချွေးတပ်စခန်းကနေ အသက်မသေဘဲ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရောက်အောင် စောင့်ရှောက်ပေးနိုင်ခဲ့တာကို ဦးလှမော်က ကျေနပ်ပြီး ပြုံးနေတာတွေ့ရပါတယ်။
သေကံမရောက် သက်မပျောက်တဲ့ သေမင်းတမန် ချွေးတပ်သားတစ်ယောက်
ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်း -မြန်မာရထားလမ်းကို ဖက်ဆစ်ဂျပန်တွေက ချွေးတပ်သား ၂၇၀,၀၀၀ ခန့်၊ စစ်သုံ့ပန်း ၆၁,၀၀၀ကျော် အသုံးပြု ဖောက်လုပ်ပါတယ်။ ရထားလမ်းဖောက်လုပ်တဲ့ ကာလတစ်နှစ်ကျော်အတွင်းမှာ ချွေးတပ်သား ၉၀,၀၀၀ ခန့်၊ စစ်သုံ့ပန်း ၁၂,၃၉၉ ဦး သေကျေကြရတာကြောင့် ဒီရထားလမ်းကို သေမင်းတမန်ရထားလမ်းလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။
ဒီရထားလမ်းမှာ ချွေးတပ်သားအဖြစ် လိုက်ပါသွားရပြီး မသေမပျောက်ပြန်လာနိုင်တဲ့ ဦးလှမော်တစ်ယောက် ယနေ့အထိ သက်ရှိထင်ရှားကျန်းမာစွာ မန္တလေးမြို့ စိန်ပန်းရပ်မှာ နေထိုင်လျက်ရှိနေပါတယ်။ အသက် (၉၄)နှစ်ရှိပြီ ဖြစ်ပေမယ့် သူက သတိ မချွတ်ယွင်းသေးဘဲ ချွေးတပ်သားဘ၀အတွေ့အကြုံတွေကို မှတ်မိနေဆဲ ဖြစ်ပါတယ်။
ကျွန်တော် ရောက်ရှိသွားချိန်မှာ ဦးလှမော်က နေ့လယ်စာ စားသောက်ပြီးလို့ ပက်လက်ကုလား ထိုင်မှာထိုင်ရင်း အနားယူနေတယ်။ သူ့သားသမီးတွေက ပြည့်စုံချမ်းသာကြတော့ သူတို့ဖခင်ကို ချမ်းချမ်းသာသာ ထားကြပါတယ်။ ပြင်ပမှာ အပူရှိန်ရှိပေမယ့် ဦးလှမော်နေတဲ့ အခန်းက လေအေးစက်ကြောင့် အေးမြနေတယ်။
အတိတ်ဟာ အရိပ်ပမာ
ထိုင်း-မြန်မာမီးရထားလမ်းဖောက်လုပ်ချိန်မှာ အဓိပတိဒေါက်တာ ဘမော်က ဂျပန်နဲ့တွဲပြီး မြန်မာနိုင်ငံကို အုပ်ချုပ်နေတယ်။
ဦးလှမော်က မန္တလေးမြို့အနီးက ဒါးမချရွာ (ပုသိမ်ကြီးမြို့နယ်) မှာ နေထိုင်ပါတယ်။ သူ့ရဲ့ ဦးလေးဖြစ်တဲ့ ဦးထွန်းဝက ဒေါက်တာဘမော်ရဲ့ ဓားမပါတီဝင်။ စည်းရုံးရေးမှူး။
ဒေါက်တာဘမော်နဲ့ ငွေတောင်ဆရာတော် ဦးကေသ၀တို့က အငြိမ့်ခုံကြီးထိုးပြီး ချွေးတပ်စည်းရုံးရေး တရားလိုက်ဟောတယ်။ ထိုင်း-မြန်မာ မီးရထားလမ်းကြီး ပေါက်သွားရင် မြန်မာနိုင်ငံထဲကို ပစ္စည်းမျိုးစုံဝင်ရောက်လာမယ်လို့ မစားရ၀ခမန်း ဟောပြောတယ်။ ဂျပန်ခေတ်မှာ အစစအရာရာရှားပါး ငတ်မွတ်နေကြတာဖြစ်လို့ ရထားလမ်းဖောက်လုပ်ရာမှာ ပါဝင်လုပ်အားပေးမယ့် သူတွေကို သူရဲကောင်းတွေသဖွယ် မြှောက်စားမယ့်ပုံ ဖြစ်နေတယ်။ လုပ်ခလစာရမယ့်အပြင် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတွေကိုတောင် အလည်အပတ် ရောက်ကြရမယ့်ပုံ ဆွဲဆောင်တယ်။
လူငယ်တွေလည်း ချွေးတပ်ထဲ လိုက်ကြမယ်ဆိုပြီး စာရင်းတွေ ပေးကြ၊ လက်မှတ်တွေ ထိုးကြတယ်။ တစ်ရွာကို ဆယ်ယောက်၊ ၁၅ ယောက်။ အယောက် ၂၀ ၀င်ကြတယ်။
‘‘ကျွန်တော်တို့လည်း ညီအစ်ကိုလေးယောက် လိုက်သွားတာ။ ကိုလှမော်၊ ကိုသိဒ္ဓ၊ ကိုခင်မောင်၊ ကိုစိတ္တ၊ ရွာက ကိုကျော်သိန်း၊ ကိုကျော်အေး၊ ကိုသန်းမောင်တို့ရော ရှစ်ယောက်ပါတယ်’’ ဟု ဦးလှမော်က ပြန်ပြောပြတယ်။
သူတို့က မြန်မာနိုင်ငံရဲ့ ပထမဆုံးအသုတ် ချွေးတပ်သားတွေပါ။ ဂျပန်က ဖက်ဆစ်ဘီလူးပုံလည်း မပေါ်သေးဘူး။ ချွေးတပ်ဆိုတာ သေမင်းနိုင်ငံသွားရတာလို့ လူတွေက မသိကြသေးဘူး။ နောက်ပိုင်းမှာ ချွေးတပ်အတွက် လူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် ပို့လွှတ်ရတာဖြစ်ပေမယ့် ကိုလှမော်တို့တုန်းက အဲသည်လို မဟုတ်သေးဘူး။ အဓိပတိကြီးကလည်း အဟောအပြောကောင်း၊ ဦးလေးကလည်း စည်းရုံးရေးကောင်းတော့ ဦးလှမော်တို့ ချွေးတပ်သားအဖြစ် ပျော်ပျော်ကြီး စာရင်းသွင်းခဲ့တာပါ။
အဲဒီအချိန်က သူ့အသက်က (၁၇)နှစ်၊ မငွေသိန်းနဲ့ အိမ်ထောင်ကျတာမှ တစ်လပဲ ရှိသေးတယ်။ ဇနီးမယားက တားပေမယ့် ကိုလှမော်က လူငယ်ပီပီ စွန့်စားချင်တယ်။ ရေခြား၊ မြေခြားကို သွားချင်တယ်။ ချွေးတပ်ထဲ လိုက်ခဲ့တယ်။
ချွေးတပ်သား လူငယ်တွေ ရွာကစထွက်တော့ သူကြီးသမီးက သူတို့ကို စံပယ်ပန်းကုံးလေး လည်ပင်းကို စွပ်ပေးတယ်။ ဂျပန်ခေတ်ငွေ ၁၅၀ ပေးတယ်။ ချွေးတပ်တကယ်လိုက်ကြရပြီဆိုတော့ မစားရ၀ခမန်းပြောပြီး စည်းရုံးတဲ့ ဦးလေးဦးထွန်းဝက မလိုက်ဘဲ နောက်ချန်ကျန်ရစ်တယ်။ နောက်ဆုံးတော့ သူကြီးသမီး စွပ်ပေးလိုက်တဲ့ စံပယ်ပန်းကုံးလေးတစ်ကုံးနဲ့ပဲ ချွေးတပ်ထဲပါသွားတော့တာပဲလို့ ဦးလှမော်က ပြောရင်းရယ်တယ်။
မှားမှန်းသိပြီ
သူတို့ ချွေးတပ်သားတွေကို မန္တလေးနယူးစီဗီလိုင်းက ရဲသိပ္ပံမှာ ငါးရက်တာ စခန်းချနေကြရတယ်။
‘‘ည ည လေယာဉ်ပျံသံကြားရင် ဗုံးကျင်းထဲဆင်းပြေးရတာ။ အဲဒီကတည်းကပါတဲ့ ပစ္စည်းလေး လွယ်အိတ်လေးတွေ ပျောက်သူပျောက်ကရော။ မန္တလေးကတည်းက မှားပြီဆိုတာ သိတယ်။ တချို့က မန္တလေးကတည်းက ထွက်ပြေးကြတယ်။ သံဖြူဇရပ်ရောက်တဲ့အထိ ထွက်ပြေးသေးတာပဲ’’
သူ့လက်ထဲ ရောက်လာတဲ့ ချွေးတပ်သားတွေကို ဂျပန်က အလစ်မပေးဘူး။ ကိုလှမော်တို့ကို မီးရထားနဲ့ မန္တလေးက ခေါ်သွားတယ်။ လမ်းတစ်လျှောက်မှာလည်း အင်္ဂလိပ်လေယာဉ်ပျံက မီးရထားကို သေနတ်နဲ့ လာလာပစ်လို့ ရထားပေါ်က ဆင်းပြေးပြီး ရှောင်ပုန်းကြရတယ်။ အသက်ကို လုပြေးရတာမို့ ပါလာတဲ့ ခရီးဆောင် လွယ်အိတ်ကလေးတွေလည်း ကျသူကျ၊ ပျောက်သူပျောက်ပါ။ ဒါပေမဲ့ ကိုလှမော်ကတော့သူ တမြတ်တနိုးယူလာတဲ့ ဆံသပစ္စည်းကိရိယာလေးတွေကို သံဖြူဇရပ်ချွေးတပ်စခန်းအထိ အပါယူ ဆောင်နိုင်ခဲ့တယ်။
‘‘မီးရထားက သံတွဲကြီး။ ထိုင်ခုံမပါဘူး။ ရထားတွဲထဲကို ငါးပိသိပ် ငါးချဉ်သိပ်ဆံ့အောင် တုတ်နဲ့ထိုးသွင်းပြီး ဂျပန်တွေက ၀င်ခိုင်းတာ။ မန္တလေးက ပဲခူး - ပဲခူးက မုတ္တမ မီးရထားနဲ့သွားတယ်။ မုတ္တမက မော်လမြိုင်ကို သံစီဘီကြီးတွေနဲ့ ကူးရတယ်။ ကျွန်တော်တို့ကတော့ ဖလက် (Flat) ခေါ်တာပေါ့။ စီဘီကို မော်တော်က ဆွဲတာပေါ့။ မော်လမြိုင်ကို ညနေစောင်းကြီးရောက်တယ်။ လူတွေကို ဖလက်အခေါင်းထဲ ၀င်ခိုင်းတယ်။ လေယာဉ်ပျံပေါ်ကကြည့်ရင် လူတွေကို မမြင်ရအောင်လို့။ တုတ်နဲ့ထိုးသွင်းပြီး ၀င်ခိုင်းတာပဲ။ မော်လမြိုင်ကို ကူးတဲ့အချိန်မှာ အင်္ဂလိပ်လေယာဉ်ပျံက စက်သေနတ်နဲ့ လာပစ်လို့ သမ္ဗန်အခေါင်းထဲမုန်းနေရတာ။ အပေါ်က လေယာဉ်ပျံကပစ်တာ။ မသေလို့’’
သူတို့ မော်လမြိုင်မှာ တစ်လလောက် စခန်းချနေကြရသေးတယ်။
‘‘မော်လမြိုင်မှာ သင်္ကြန်တွင်း နေရတယ်။ ထမင်းဆိုင်မှာ သွားစားတော့ ဆိုင်ရှင်အဘွားကြီးက ဟိုရက်က သေသွားတဲ့ သူ့သားနဲ့တူလို့ သနားသတဲ့။ သံဖြူဇရပ်ကို မလိုက်နဲ့ အင်မတန်ပင်ပန်းတယ်တဲ့။ သူ့ဆိုင်မှာနေပြီး လုပ်ကိုင်စားတာပေါ့တဲ့။ ကျွန်တော်ကလည်း အဲဒီတုန်းက စွန့်စားချင်တော့ လိုက်သွားတယ်’’
မော်လမြိုင်ကမှ သေမင်းတမန်ရထားလမ်းဖောက်ရာ စခန်းဖြစ်တဲ့ သံဖြူဇရပ်ကို ခရီးဆက်ကြရတယ်။ သံဖြူဇရပ်ချွေးတပ်စခန်းမှာ သူတို့သုံးလလောက်နေကြရသေးတယ်။
ကိုလှမော်က ဆံပင်ညှပ်တတ်တယ်။ ဒါကြောင့် ချွေးတပ်စခန်းရောက်တဲ့အခါ သူ့ညီအစ်ကိုတစ်တွေ ဆံပင်ရှည်ရင် ညှပ်ပေးမယ်စိတ်ကူးနဲ့ ဆံပင်ညှပ်ကိရိယာ ပစ္စည်းတွေဖြစ်တဲ့ စက်ကတ်ကြေး၊ လက်ကတ်ကြေး၊ သင်တုန်းဓား၊ ဘီးစတာတွေကို ယူလာတယ်။ စက်ကတ်ကြေးက အမေရိကန်ဖြစ် အော်စကာအမျိုးအစား၊ လက်ကတ်ကြေးတို့ သင်တုန်းဓားတို့က အင်္ဂလန်ဖြစ် အကောင်းစားတွေ။
‘‘သံဖြူဇရပ်ရောက်လို့ နှစ်လသုံးလနေတော့ ညီအစ်ကိုတစ်တွေ ဆံပင်တွေက အရှည်ကြီးတွေဖြစ်ကုန်ပြီ။ ဒါနဲ့ထိုင်ပြီး ဆံပင်ညှပ်ပေးနေတုန်း ဂျပန်စစ်ဗိုလ်က တွေ့သွားတယ်။ ခရူးခရားနဲ့ပြောပြီး ဆံပင်ညှပ်တဲ့ ပစ္စည်းတွေ ကောက်ယူပြီး သူနေတဲ့ တောင်ကုန်းလေးပေါ်က အိမ်ကို လိုက်ခဲ့လို့ ခေါ်တယ်။ ဆံပင်ညှပ်ပစ္စည်းကိရိယာတွေက အင်္ဂလိပ်၊ အမေရိကန်လုပ်ပစ္စည်းတွေမို့ မင်းကို စပိုင်လို့ ထင်တော့မှာပဲလို့ ညီအစ်ကိုတွေက ပြောတယ်။ ငိုတဲ့လူက ငိုပေါ့လေ။ မတတ်နိုင်ဘူးကွာလို့’’
ကိုလှမော် ဂျပန်စစ်ဗိုလ်ခေါ်ရာနောက်ကို လိုက်သွားတယ်။ သူတကယ် ပြဿနာတက်ပြီလား ကျွန်တော်တွေးနေမိတယ်။ ဖက်ဆစ်ဂျပန်တွေဟာ အစဉ်းစား အဆင်ခြင်မရှိဘဲ လူတစ်ယောက်ရဲ့ အသက်ကို တန်ဖိုးမထားဘဲ ထင်သလို ဆုံးဖြတ်တတ်တာမို့ သူ့ကံကြမ္မာက ဂျပန်စစ်ဗိုလ်ရဲ့ စိတ်ပေါ်မှာပဲ တည်ပါတယ်။
‘‘ဟိုရောက်တော့ ဆံပင်ညှပ်ပစ္စည်းတွေချထားပြီး မင်းဘာလုပ်စားသလဲတဲ့။ ဆံပင်ညှပ်တယ်လို့။ ဒါဆိုရင် ချွေးတပ်စခန်းထဲမှာ ဆရာဝန်နေတဲ့ တဲလေးရှိတယ်။ တဲလေးဘေးတစ်ခြမ်းမှာ အခန်းလေးထဲနေခိုင်းတယ်။ အဲဒီသွားနေတဲ့။ ချွေးတပ်သားတွေ အများကြီးထဲ မနေနဲ့။ ၀မ်းရောဂါတွေ ဘာတွေရှိတယ်တဲ့။ စစ်မိုးကာ အင်္ကျီတစ်ထည်၊ ဘောင်းဘီနဲ့ဖိနပ်နဲ့ ထုတ်ပေးတယ်’’
ကိုလှမော်တစ်ယောက် ချွေးတပ်စခန်းမှာ ဆံသပညာရှင်ဖြစ်သွားပါတယ်။ သူတတ်ခဲ့တဲ့ အတတ်ပညာတစ်ခုက သူ့အတွက် ကောင်းဖို့ ဖြစ်လာတော့တယ်။
‘‘တစ်ယောက်ကို ၂၅ ဆင့် ယူခိုင်းတယ်။ မြန်မာတွေလည်း ညှပ်ပေးရတယ်။ ဂျပန်တွေကိုလည်း ညှပ်ပေးရတယ်။ တစ်ရက်ကို ချွေးတပ်က လုပ်အားခအဖြစ် ဂျပန်ငွေ ၁၀၀-၁၀၀ ပေးတယ်။ သူများတွေက မီးရထားလမ်းဖောက်ရတယ်။ ဇလီဖားတုံးကြီးတွေ သယ်ရတယ်။ ကျွန်တော်ကတော့ ပင်ပင်ပန်းပန်း ဘာမျှမလုပ်ရတော့ဘူး။ ကျွန်တော့်ကို ဘာမှမလုပ်ခိုင်းဘဲ ဆံပင်ပဲညှပ်ခိုင်းတော့တယ်’’
(စစ်သုံ့ပန်းတွေကိုလည်း သေမင်းတမန် ရထားလမ်းဖောက်ဖို့ ဖမ်းဆီးခေါ်ဆောင်လာပုံကို ဆက်လက်ဖော်ပြပါမည်။)
============
7Day News Journal
http://7daydaily.com/story/66394

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။