Myanma Spectrum
တိုင်းပြည်ဆင်းရဲသွားတဲ့ အကြောင်းအရင်းကတော့ အကျိုးသက်ရောက်မှုမရှိလို့ (Less Efficiency)
၁။ ကျွန်တော်တို့အပါအဝင် လူအားလုံးနီးပါးရဲ့ယူဆချက်က အစိုးရလူကြီး တကိုယ်ကောင်းဆန်ပြီး လာဘ်စားမှုနဲ့ ကိုယ်ကျိုးစီးပွားပဲကြည့်တဲ့ကိစ္စ။ ဒါကလည်း အမှန်ပဲ။ ဒါပေမယ့် ဒါကတကယ့် အကြောင်းအရင်းမဟုတ်သေးပါ။ ယခု အချို့ဌာနမှာ မုန့်ဘိုး ၅၀၀၀ ကိုမယူတော့ပါ ၊ ဒါပေမယ့် အချိန်မှီလည်းမလုပ်ပေးတော့ဘူး။
နိုင်ငံခြားသားနဲ့ စာချုပ်အတိုင်းပစ္စည်းအချိန်မှီိပို့ရမယ့်လုပ်ငန်းမျိုးဆိုရင် ဆုံးရှုံးမှုက သိန်းထောင်နဲ့ချီ သောင်းနဲ့ချီဖြစ်နိုင်တယ်။ သူငယ်ချင်းတယောက်ကတော့ အရင်လို ၅၀၀၀ လက်ခံပြီး ချက်ချင်းလုပ်ဆောင်ပေးတဲ့ စနစ်ကပဲကောင်းတယ်လို့ပြောတယ်။ ဒါမျိုးက တကယ်ကိုစဉ်းစားစရာကြီးပါပဲ။
၂။ စီးပွားရေးနယ်ပယ်မှာ နည်းနည်းရင်းပြီး များများရတယ်ဆိုတာက သက်ရောက်မှုကောင်းတယ်လို့ဆိုလိုတယ်။ လုပ်ငန်းမလုပ်ခင် ဒီလိုသက်ရောက်မှုမျိုးကြိုတွက်နိုင်ဖို့ဆိုရင် feasibility report ဆိုတဲ့အစီရင်ခံစာက အဓိကကျတယ်။ ဒီအစီရင်ခံစာကိုမှန်ကန်စွာရေးနိုင်ဖို့ data ပေါင်းစုံလိုအပ်ပါတယ်။ information လည်းအပြည့်အစုံရှိရမယ်။ ကျွန်တော်တို့ဆီမှာ အခြေခံသတင်းအချက်အလက်နဲ့ data များမမှန်မကန်ဖြစ်နေတဲ့အတွက် ၊ တချိန်လုံးလည်းပြောင်းလဲနေတဲ့အတွက် နောက်ဆုံးမှာ ဒီအစီရင်ခံစာက မလုပ်တာပဲဖြစ်ဖြစ် ၊ မမှန်ကန်တာပဲဖြစ်ဖြစ် လုပ်ငန်းဆုံးဖြတ်ချိန် ၊ စီမံကိန်းချမှတ်ချိန်တွေမှာ လူကြီးရဲ့သဘောဆန္ဒဖြစ်သွားတယ်။ နောက်ဆုံးဖြစ်သွားတာက ၁၀၀%ရင်းပြီး ၀% အကျိုးအမြတ်ထွက်လာတဲ့ လုပ်ငန်းမျိုးအများကြီးရှိလာတယ်။
၃။ နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် အများစုက ရှေ့တိုးနောက်ဆုတ်လွယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာပဲ ရင်းနှီးလာကြတယ်။ လူများများကို အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ ထုတ်လုပ်ရေးထဲမှာ မြုပ်နှံသူနည်းတယ်။ လူတွေကလည်းစုပြုံပြီးဝန်ဆောင်မှုလုပ်ငန်းကိုပဲလုပ်ကြတော့ သက်ရောက်မှုက နည်းပါးလာတယ်။ ဈေးသည်တယောက် တနေကုန်ထိုင်ပြီးမှ ကြက် ၃ ၄ ကောင်လောက်ရောင်းရတဲ့အဖြစ်မျိုးတွေ ဖြစ်လာတယ်။
၎။ ပြည်ပမှာအကြီးအကျယ်ပြောင်းလဲနေတဲ့ စီးပွားရေးပုံစံကို နိုင်ငံပိတ်ပင်ခံထားရလို့ လိုက်မမှီတဲ့အချိန်မှာ တိုင်းပြည်ရဲ့အကျိုးသက်ရောက်မှု အများကြီးဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ ကြိုးစားပြီး ဆန်တစ်တန် export လုပ်မှ Bill Gates ရောင်းနေတဲ့ window software ၃၊ ၄ ခွေလောက်ပဲရတယ်ဖြစ်သွားတယ်။ အကျိုးသက်ရောက်မှုကောင်းအောင် ခေတ်မှီတဲ့နည်းပညာသုံးရမယ်။ ဒါပေမယ့် တပိုင်းက ကျွန်တော်တို့ရဲ့ပညာရေးဆုတ်ယုတ်သွားတဲ့ အတွက် နည်းပညာက လိုက်မမှီဘူး။ တပိုင်းက ခေတ်မှီနည်းပညာနဲ့စက်ပစ္စည်းတွေကိုအသုံးပြုနိုင်ဖို့ အဓိကအရေးပါတဲ့ လျှပ်စစ်ကဏ္ဍ မဖွံဖြိုးဘူး။ အကျိုးသက်ရောက်မှုကောင်းအောင် နိုင်ငံရေးတည်ငြိမ်ဖို့ နဲ့ ပညာရေးဖွံဖြိုးဖို့၊စက်မှုလက်မှုကဏ္ဍဖွံဖြိုးဖို့စတာတွေကို အမြန်ဆုံးအားပေး အကောင်အထည်ဖော်ရပါမယ်။
အမှန်တကယ်ပြောချင်တာက စီးပွားရေးကိုလက်တွေ့ကျကျ တိုးတက်စေချင်တယ်ဆိုရင် အကျိုးသက်ရောက်မှုကောင်းအောင်အားလုံးဝိုင်းပြီးကြိုးစားသင့်ပါတယ်။ အများကြိုက်နှစ်သက်တဲ့မျှတရေးအပိုင်းလည်း သတိထားသင့်ပေမယ့် လွန်ကဲစွာအာရုံစိုက်မိလို့ အပေါ်မှာပြောခဲ့တဲ့ အကျိုးသက်ရောက်မှုအပိုင်းကို မေ့သွားတာမျိုးမဖြစ်သင့်ပါဘူး။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။